သတင်း

မိုင်းရယ်မြို့ကို UWSA နှင့်အတူ SSPP တပ်ဖွဲ့ အင်အားရာချီ ဝင်ရောက်

ရှမ်းလက်နက်ကိုင်တပ် SSPP သည် စစ်ကောင်စီထိန်းချုပ်ထားသည့် မိုင်းရယ်မြို့ကို ချီတက်လာပြီးနောက် ရှမ်းမြောက်စစ်ပွဲအတွင်း ပါဝင်လာပြီဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့ပေါ်ကို “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်အတူ ရှမ်း ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) အင်အားရာနှင့်ချီသည် ယနေ့ (ဇူလိုင် ၁၃) ဝင်ရောက် လာကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် UWSA၊ SSPP တပ်ဖွဲ့ဝင်များပါသော စစ်ကားများသည် မိုင်းရယ်မြို့တွင်း ရောက်ရှိ လာပြီး မိုင်းရယ်-လားရှိုးအထွက်လမ်းပေါ်ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်များအတွင်း ဝင်ရောက် ဆွေးနွေးခဲ့ ကြောင်း မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ UWSA ရော SSPP ရော ကားတွေနဲ့ ဝင်လာတယ်။ မနက်ပိုင်းက သွားဆွေးနွေးကြတာ။ မြို့ကို ၀ (UWSA) လက်ထဲ အပ်တော့မယ်ကြားတယ်။ အခုပဲ UWSA အလံနဲ့ ကားတွေ မြို့ပတ်လည်ကို လှည့်ကြည့်နေတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်က ၎င်းတို့ တပ်ရင်း ပြင်ပထွက်ခွာခြင်းမရှိဘဲ UWSA စစ်ကားများသည် မကြာခဏ မြို့တွင်း လှည့်ပတ်နေပြီး မြို့အနီး တပ်ဖြန့်ထားကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

မြို့ပေါ်တွင် ဒေသခံများ ပုံမှန်သွားလာလှုပ်ရှားမှုများရှိနေပြီး စစ်ကားများဝင်ရောက်လာခြင်းကြောင့် နံနက်ပိုင်း တွင် မြို့မစျေးကြီး ယာယီပိတ်ခဲ့ရသည်ဟု သိရသည်။

မိုင်းရယ်မြို့တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၃၂၅၊ ခမရ-၃၅၀၊ ခမရ-၆၇နှင့် အမြောက်တပ်တို့ တည်ရှိပြီး SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသနှင့် သံလွင်မြစ်သာခြားထားသလို SSPP တပ်ဖွဲ့ အင်အားကောင်းသည့် ဒေသ ဖြစ်သည်။

ဇူလိုင် ၃ ရက်မှ စတင်သည့် လားရှိုးထိုးစစ်တွင် မိုင်းရယ်-လားရှိုး လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ နမ့်ပေါင် တပ်ရင်းဌာနချုပ်ကို ကိုးကန့်တပ် (MNDAA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မိုင်းရယ်မြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် မိုင်းရယ်-တန့်ယန်း-လားရှိုးလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းကို MNDAA က စတင်တိုက်ခိုက်လာခဲ့ သည်။

မိုင်းရယ်-သီပေါ လမ်းပိုင်းပေါ်ရှိ မြို့နှင့် ၈ မိုင်အကွာရှိ  စစ်ကောင်စီတပ်၏ မန်စန့် တပ်စခန်းကိုလည်း MNDAA က ချဉ်းကပ်လာခဲ့ရာ ယမန်နေ့ (ဇူလိုင် ၁၂ ) ညသန်းခေါင်ယံတွင် ထိုတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ် ခွာခဲ့ပြီး SSPP ထံ စခန်းအပ်နှံခဲ့ကြောင်း မြို့ခံများက ဆိုသည်။

မိုင်းရယ်မြို့ကို MNDAA က ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုလုပ်နိုင်အောင် SSPP က UWSA အကူညီဖြင့် မြို့ကို ဝင်ရောက်ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း မြို့ခံများက ယူဆကြသည်။

ယခုလအတွင်း SSPP က မိုင်းရယ်-သီပေါ အကြားရှိ နမ့်လန်၊ စိန်ကျော့၊ ဆောင်ကြဲဒေသများနှင့် မိုင်းရယ်အနီးရှိ တန့်ယန်း၊ မိုင်းရှူးတို့တွင်လည်း အားအင်ဖြည့် လှုပ်ရှားလာကြောင်း သိရသည်။

အထက်ပါကိစ္စများနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုကို Myanmar Now က တယ်လီ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။ 

လတ်တလော မိုင်းရယ်မြို့ပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားပြီး မြို့ပေါ် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

လားရှိုးမြို့အနီး တိုက်ပွဲများစတင်ချိန်ကတည်းက မိုင်းရယ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းနှင့် နီးသူများ၊ မြို့ပေါ်ရှိ ဒေသခံတစ်ချို့သည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ကြိုတင်တိမ်းရှောင်ထားကြောင်း သိရသည်။

 ဇူလိုင် ၁၀ ရက်တွင်လည်း မိုင်းရယ်မြို့အနီးရှိ “၀” ဒေသနှင့် ထိစပ်နေသည့် တန့်ယန်းမြို့ပေါ်ကို UWSA တပ်ဖွဲ့က  အင်းအား နှစ်ထောင်ကျော်ခန့်ပါ စစ်ကားများဖြင့် ဝင်ရောက်ပြီး မြို့ပေါ်တွင်နေရာယူထားကာ မြို့အခြေအနေမှာ လည်း ပုံမှန်အတိုင်း လည်ပတ်နေကြောင်း တန့်ယန်းမြို့ခံများက ယနေ့တွင် ဆိုသည်။

ထို့ပြင် UWSA စစ်ကြောင်းများသည် တန့်ယန်းမြို့မှလားရှိုးမြို့အနီး ၁၀ မိုင်ခန့်အကွာ MNDAA သိမ်းယူထားသည့် နမ့်ပေါင်တိုက်နယ်အထိ တပ်ဖြန့်ထားပြီး တန့်ယန်းမြို့ကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် မြောက်ပိုင်းညီနောင် မဟာမိတ်များကို UWSA က တောင်းဆိုထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

Show More

Related Articles

Back to top button