အတွေးအမြင်

အာဏာသိမ်းလို့ရလား

အာဏာသိမ်းလို့ရလားဆိုတော့၊ ရချင်ရမှာပေါ့လို့ပဲ ပြောရမယ်ထင်တယ်။ လတ်တလောမှာ အားလုံးသိကြပြီးတဲ့အတိုင်း တပ်မတော်က ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် မဲမသမာမှုတွေရှိတယ်ဆိုပြီး သူ့ဟာသူ စုံစမ်းလေ့လာမှုတွေလုပ် ထုတ်ပြန်ချက်တွေထုတ်ရင်း ပြောဆိုလာပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတာထဲဆို “…သက်ဆိုင်သူတွေအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး နိုင်ငံရေးအကျပ်အတည်းတစ်ခု ဖြစ်လာနိုင်တယ်”ဆိုတဲ့ စကားဟာ ခြိမ်းခြောက်သံတောင်ပါတယ်လို့ ဆိုနိုင်တယ်။ တပ်မတော်က ပါတီနိုင်ငံရေးမှာ ဝင်ပါနေတာမဟုတ်ဘူးလို့သာ ဆိုထားပေမဲ့ ဒီလိုမျိုး ရွေးကောက်ပွဲရလဒ်အပေါ် ကိုယ့်သဘောနဲ့ကိုယ် စုံစမ်းစစ်ဆေးတာ၊ ထောက်ပြဝေဖန်ပြီး တည်ဆဲ ပြည်သူ့ရွေးကောက်ခံအစိုးရကိုရော၊ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းခန့်အပ်ထားတဲ့ လွတ်လပ်တဲ့ ‘ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်’ကိုပါ ဖိအားပေးအကျပ်ကိုင်တဲ့ သဘောမျိုးသာ သက်ရောက်ပါတယ်။

‘အကျပ်အတည်း’ဆိုတဲ့ စကားလုံးကတော့ အင်မတန်ကို တာသွားတဲ့စကားပါ။ လက်ရှိအနေအထားက ရွေးကောက်ပွဲရလဒ်အရ ဘာမှအကျပ်အတည်းဖြစ်စရာကို မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနိုင်ရလဒ်ဟာ အင်အားကြီးပါတီလို့ ပြောလို့ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထက် အဆပေါင်းများစွာ သာလွန်ခဲ့တာပါ။ ပွတ်ကာသီကာအနိုင်ရလဒ် လုံးဝမဟုတ်တာ သေချာသလို၊ ဒီလောက်ထိ တပ်မတော်ကအစ မျက်စိဒေါက်ထောက်ကြည့်၊ နိုင်ငံတကာကလည်း အာရုံအရမ်းစိုက်၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ အလွတ်မပေး စောင့်ကြည့်နေတဲ့ကြားက မဲကို မသမာမှုလုပ်ပြီး ဒီချုပ်ပါတီက အနိုင်ယူစရာမလိုတာ အရှင်းကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအတွင်း ချွတ်ချော်တိမ်းစောင်းမှုတွေ၊ အနာအဆာတွေ မရှိဘူးလို့ မဆိုလိုပါ။ ရှိနိုင်သလို ဒါတွေကလည်း သဘာဝပါပဲ။ ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲမှာ အငြင်းပွားစရာတွေ၊ အပြစ်အနာအဆာတွေ ရှိနေတာပါပဲ။ သက်ဆိုင်ရာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ဖြေရှင်းဆောင်ရွက်လို့ရတဲ့ လမ်းကြောင်းတွေပေးထားကြသလို၊ နောက်ဆုံးမှာတော့ အဆုံးအဖြတ်အတည်ပြုမှုက ‘ရွေးကောက်ပွဲကော်မရှင်’တွေကသာ ပေးရပါတယ်။ ဒါကိုပဲ အတည်ယူပြီး လိုက်နာရတာက ဒီမိုကရေစီနိုင်ငံရေးစနစ်ရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်တယ်။

ကမ္ဘာသိ အနီးစပ်ဆုံး လူအာရုံစိုက်မှုအမြင့်ဆုံး အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲကိုပဲ နမူနာကြည့်ပါ။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်ကို လက်ကိုမခံ၊ ကန့်ကွက်၊ နောက်ဆုံး လူကြီးလူကောင်းမဆန်တဲ့ အပြုအမူတွေလုပ်၊ လူတွေကို ဆူပူအုံကြွအောင်လုပ်ပြီး လွှတ်တော်အဆောက်အအုံကို ဝင်စီးဖို့ထိ ဆော်သြခဲ့တယ်။ ဘယ်လိုပဲဖြစ်နေနေ ရွေးကောက်ပွဲရလဒ်က အတည်ဖြစ်သလို၊ အမေရိကန်တပ်မတော်ကလည်း ကြားဝင်စွက်ဖက် ဝေဖန်တာ၊ စုံစမ်းစစ်ဆေးတာတွေ မလုပ်ပါဘူး။ သူတို့အလုပ်မဟုတ်ကြောင်းကိုတောင် စစ်ဦးစီးချုပ်တွေက စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတယ်။

ဆောင်းပါးခေါင်းစဉ်လို ‘အာဏာသိမ်းလို့ရလား’သာဆို အမေရိကန်တပ်မတော်ဟာ နိုင်ငံတော် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဖို့ဆိုပြီး Black Lives Matter လို ဖြစ်ရပ်မှာတင် အာဏာသိမ်းလိုက်လို့ ရပါတယ်။ ဒါ အနီးဆုံးဥပမာကိုပြောတာ။ ထရမ့်မီးမွှေးထားတဲ့ လူဖြူလူမည်း အဓိကရုဏ်းလိုတွေဖြစ်၊ စျေးဆိုင်တွေ၊ ရှော့ပင်စင်တာတွေကို ဖောက်ထွင်းလုယက်၊ ပြီးတော့ အမေရိကန်နိုင်ငံသားတွေရဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ‘Right to bear arm’အရကို လက်နက်ကိုင်ဆောင်ခွင့်ရှိတော့၊ စဉ်းစားကြည့်ရင် တကယ့်ကို ကြောက်စရာကောင်းလောက်တဲ့ အနေအထားပါ။ လွယ်လွယ်ပြောရရင် အကုန်သေနတ်ရှိပြီး ပစ်တတ်ခတ်တတ် စစ်တိုက်တတ်ပါတယ်။ ဒီလူအုပ်မျိုးကြီးသာ သောင်းကျန်းပြီဆို စစ်တပ်နဲ့ပဲ ထိန်းရသိမ်းရမှာပေါ့။ ဒါပေမဲ့ အမေရိကန်တပ်မတော်ဟာ အာဏာလည်း ဝင်မသိမ်းသလို၊ သူ့သဘောနဲ့သူလည်း ဘာမှမလုပ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံး အင်အားအကြီးမားဆုံး စစ်တပ်ရဲ့ သေနာပတိက ဒီမှာလို ကာကွယ်ရေးဦးစီးချုပ်မဟုတ်ပါ။ အရပ်သားဖြစ်တဲ့ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကသာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ သေနာပတိဖြစ်လို့ပါပဲ။

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတာထဲ တစ်ခုပါပါသေးတယ်။ ခုလို ဒီမိုကရေစီခရီးလမ်းဆိုတာ တပ်မတော် ခင်းပေးခဲ့တဲ့လမ်းတဲ့။ ဒီမိုကရေစီဆိုတာကို တပ်မတော်ပေးမှ ရသလိုမျိုး ခရက်ဒစ်ယူပြောသွားတာဟာ အင်မတန် စိတ်မကောင်းဖြစ်စရာပါ။ ၁၉၆၂ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ ‘အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန်’ ဆိုပြီး အာဏာသိမ်းလိုက်တာ ၂၆ နှစ်ကြာပါတယ်။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ် ချုပ်ငြိမ်းသွားရတယ်။ ဒါနဲ့ ပြည်သူလူထုက ၁၉၈၈ ခုနှစ်ကျတော့ တစ်ကြိမ် ဒီမိုကရေစီ ပြန်လည်ထွန်းကား ပြန့်ပွားရေးအတွက် အသက်တွေစတေးခဲ့ရပြန်တယ်။ ကျောင်းသား၊ ရဟန်းသံဃာတွေ အသက်တွေသေ၊ ဘဝတွေကြေခဲ့ရတယ်။ ဒါနဲ့ ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျတော့ ဖိနှိပ်မှုနဲ့ ဒီမိုကရေစီ ငတ်မွတ်နေတဲ့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဦးဆောင်တဲ့ အန်အယ်လ်ဒီကို မဲအပြတ်အသတ်ပေးပြီး သူတို့ရပ်တည်ချက်ကို ပြသခဲ့တယ်။ တပ်မတော်ကပဲ အကြောင်းအမျိုးမျိုးပြ အာဏာထပ်သိမ်းပြန်တယ်။ ဆယ်စုနှစ် နှစ်ခုစာလောက် ကြာခဲ့တယ်။ ဒီတော့ကာ ဒီမိုကရေစီကို တပ်မတော်က လမ်းခင်းပေးခဲ့တာလား၊ လမ်းဖျက်ခဲ့တာလား ရှင်းလင်းပါတယ်။ ဒါပေမဲ့ အများပြည်သူဟာ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ဆိုတာနဲ့ ပြန်ထေကာရင်း တပ်မတော်ကို ပြောမနေကြပါဘူး။ အခု တပ်မတော်ကို အများပြည်သူက ဖြစ်စေချင်တာ တခြားနိုင်ငံ့တပ်မတော်တွေလို ကိုယ့်ရေမြေ ပိုင်နက်နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်မယ်၊ ပြည်ပက ထိကပါးရိကပါး လုပ်လာရင် တွန်းလှန်မယ်၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ တပ်မတော်ဖြစ်စေချင်ကြရုံသာပါ။

ပြည်တွင်းစစ်ပြဿနာကတော့ ဟိုအတိတ်သမိုင်းကြောင်းမှာ ဖြစ်စေတဲ့အကြောင်းတရားများစွာ​​ကြောင့်မို့ တပ်မတော်ကြောင့်လို့ ယိုးစွပ်လို့မရပါ။ ဒါပေမဲ့ စစ်အာဏာ ၂ ကြိမ်သိမ်းတဲ့ နှစ်ငါးဆယ်နီးပါးအတွင်း တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကြား ပိုမိုအေးစက်သွားခဲ့တယ်၊ ပိုပြီးမခံချင်စိတ်တွေ ဖြစ်စေခဲ့တယ်၊ ဖိနှိပ်နှိပ်စက်ခံရမှုတွေ များပြားခဲ့တာမို့ ပိုမိုရှုပ်ထွေးတဲ့ ပြည်တွင်းစစ်ပြဿနာဆီတောင် ဖြစ်သွားခဲ့ရပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၁) နိုင်ငံတော်အခြေခံမူများရဲ့ ပုဒ်မ(၆-စ)မှာ ‘နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်း တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်’ ဆိုကလည်းက ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးကနေ တပ်မတော်က ထွက်ဖို့ကိစ္စမရှိလို ဖြစ်နေတာပါပဲ။ ဒီမိုကရေစီ မရင့်ကျက်ခင် ထိန်းညှိဖို့ဆိုတာဟာ ဘယ်လိုအနေအထားလဲလို့ တိတိကျကျ လိုင်းသတ်မှတ်ရ၊ အဓိပ္ပာယ်ဖွင့်ရခက်တဲ့ ဝေဝါးမှုတစ်ခုဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခန်းတစ်ခန်းတောင် သီးသန့်ပြဋ္ဌာန်းရင်း ဒီမိုကရေစီကို ထိန်းညှိဖို့အထိ လိုအပ်မလိုအပ်နဲ့ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမဖြစ်ထွန်းကို တပ်မတော်အနေနဲ့လည်း စဉ်းစားချိန်တန်ပါပြီ။ ပြည်သူလူထုဟာ တပ်မတော်ကို မသိစိတ်၊ သိစိတ်အသီးသီးကကို ပြည်သူ့တပ်မတော်၊ နိုင်ငံ့တပ်မတော်အစစ် မြင်လိုနေကြပါပြီ။ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတည်နေသရွေ့ မှေးမှိန်ပျောက်ကွယ်သွားစရာကို မရှိပါ။ တပ်မတော်သားဆိုတာ လူတန်းစားတစ်ရပ်သက်သက်လို ဖြစ်စေခဲ့တာက စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးထဲကတစ်ခုသာ ဖြစ်ပါတယ်။ တပ်မတော်သားဆိုတာ ပြည်သူထဲကပါပဲ။ ပြည်သူမိဘနှစ်ပါးကမွေးတဲ့သူ တပ်မတော်ထဲဝင်လို့ တပ်မတော်သား ဖြစ်သွားတာပါ။ တပ်မတော်သားဆိုတာ တခြား ရှေ့နေ၊ ကျောင်းဆရာ၊ အင်ဂျင်နီယာ၊ ဆရာဝန်လိုပဲ အသက်မွေးဝမ်းကျောင်း ပရော်ဖက်ရှင်အလုပ်တစ်ခုထက် မပိုပါဘူး။

ဒီတော့ကာ အနာဂတ်တိုင်းပြည်ကို အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောဖို့အတွက်ဆို တပ်မတော် အာဏာမသိမ်းဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်းသက်သေနဲ့ တခြားနိုင်ငံတွေရဲ့ သမိုင်းသက်သေတွေနဲ့တင် တပ်မတော် အာဏာသိမ်းလိုက်လို့ တိုးတက်ဖွံ့ဖြိုးသွားတဲ့ တိုင်းပြည်ဆိုတာ မရှိပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ တပ်မတော်ကို အင်အားကြီးထွားအောင်၊ ခေတ်မီအောင် တည်ဆောက်ထားတယ်ဆိုတာ လိုအပ်ရင် အာဏာသိမ်းဖို့မဟုတ်ပါဘူး။ နိုင်ငံက ဘယ်သူကမှ မထိရဲအောင်၊ နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် တည်ဆောက်ထားတာပါပဲ။ မြန်မာ့တပ်မတော်လည်း ထိုနည်းလည်းကောင်းဖြစ်ဖို့ အချိန်တန်ပြီလို့ ဆိုချင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ပြန်ဆက်ရရင် အချင်းချင်းတိုက်ရတဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့လည်း လိုပါတယ်။ ဘေးအိမ်နီးနားချင်းမှာ အင်အားအင်မတန်ကြီးမားတဲ့ နိုင်ငံကြီးနှစ်ခုကြားက မြန်မာနိုင်ငံဟာ တည်ငြိမ်ဖို့၊ အင်အားရှိဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ့်ပြည်တွင်းစစ်ဟာ သူတို့အတွက် ‘ယာလည်းညက်စေ ကြက်လည်းပန်းစေ’ ဖြစ်နေမှာပါ။ လက်ရှိ ပြည်သူတင်မြှောက်တဲ့ အရပ်သားအစိုးရမှာလည်း အပြစ်အနာအဆာတွေ မရှိဘူးရယ်တော့ မဟုတ်ပါ။ ဒါတွေကို ထိန်းသိမ်းကွပ်မတ်ဖို့အတွက် ပြည်သူရှိပါတယ်၊ နောက် ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲတွေ မှန်မှန်လည်ပတ်နေဖို့ လိုအပ်တယ်။ အန်အယ်လ်ဒီအစိုးရလည်း ပြည်သူက မကြိုက်တော့ရင် အလိုလိုကို ထောက်ခံမဲတွေရတော့မှာ မဟုတ်လို့ ထာဝရအစိုးရလည်း ဖြစ်နေမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်ပြောရရင် တပ်မတော်က အာဏာသိမ်းလို့ရလားလို့ ရတာမရတာထက်၊ အာဏာသိမ်းခြင်းက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေဖို့ အဖြေမဟုတ်သလို၊ တပ်မတော်အတွက်လည်း ဒီထက်ကောင်းမွန်တဲ့ အနေအထားဆီ ရောက်သွားစေမှာ မဟုတ်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
…………….
ထူးကျော်ဝင်း

Show More

Related Articles

Back to top button