နိုင်ငံရေးလေ့လာသုံးသပ်ချက်

၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်ဆန္ဒတစ်ခုတည်းနဲ့ အာဏာသိမ်းလို့မရ

အရပ်အခေါ် အာဏာသိမ်းခြင်း” မည်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အာဏာသိမ်းခြင်းဖြစ်စဉ်ကို ဦးဆောင်မပြုလုပ်နိုင်ပါဘူး။ ကာချုပ်တစ်ဦးတည်းရဲ့ သဘောဆန္ဒနဲ့ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဒေက ခွင့်မပြုထားပါဘူး။ ဒီအချက်ကို ရှင်းလင်းတင်ပြသွားပါ့မယ်။

နိုင်ငံတစ်ဝန်းလုံး အာဏာသိမ်းခွင့်ရဲ့ အဓိကပုဒ်မဟာ ဖွဲ့စည်းပုံပုဒ်မ၄၁၇ ပါ။ ပုဒ်မ ၄၁၇ ပြဋ္ဌာန်းချက်ကတော့

ပုဒ်မ ၄၁၇ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်း တွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေအကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်း ဖော်ပြရမည်။” လို့ဆိုထားပါတယ်။

ပုဒ်မ ၄၁၇ကို လေ့လာကြည့်ရင် အရေးပေါ်အခြေအနေ ကြေညာဖို့ အဆင့်သုံးဆင့်ကို ဖြတ်သန်းရပါမယ်။

*(၁) အရေးပေါ်အခြေအနေပေါ်ပေါက်ကြောင်း (သို့မဟုတ်) အရေးပေါ်အခြေအနေပေါ်ပေါက်ရန် လုံလောက်တဲ့အကြောင်းကို သမ္မတက တွေ့ရှိရမယ်။ အကြောင်းပြချက်ခိုင်လုံရမယ့် အကြောင်းအရာတွေကေတာ့ –

(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း (သို့မဟုတ်) ကြိုးပမ်းအားထုတ်ခြင်း။

(ခ) အထက်ပါ နည်းလမ်းတွေနဲ့ ရယူရန် ဆောင်ရွက်ခြင်း (သို့မဟုတ်)အထက်ပါ ကြိုးပမ်းအားထုတ်မှုတွေကြောင့်​ အောက်ပါ အခြေအနေသုံးရပ်အနက် တစ်ရပ်ရပ် ပေါ်ပေါက်ရပါမယ်။
၁) ပြည်ထောင်စုပြိုကွဲစေမယ့် အခြေအနေ။
၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့် အခြေအနေ၊
၃) အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမယ့် အခြေအနေ။

(က) ပါ “ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း (သို့မဟုတ်)ကြိုးပမ်းအားထုတ်ခြင်း” စကားရပ်ပါ ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဆိုတဲ့ စကားရပ်သုံးခုကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက အဓိပ္ပာယ်တိကျစွာ ရှင်းလင်းဖွင့်ဆိုပေးသင့်ပါတယ်။ အထက်ပါနည်းလမ်းသုံးခုကြောင့် ဖြစ်ပေါ်လာမယ့် “ပြည်ထောင်စုပြိုကွဲစေမယ့် အခြေအနေ”ဆိုတာ ဘယ်လိုအခြေအနေမျိုးဆိုတာကို “ပြည်ထောင်စုပြိုကွဲစေမည့် အခြေအနေများ” ဆိုပြီး ခိုင်လုံတဲ့ အချက်အလက်များနဲ့ ဖွင့်ဆိုထားချက်ကို ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီးဖြစ်စေ၊ ဖွဲ့စည်းပုံခုံရုံးက အဓိပ္ပာယ်ဖွင့်ဆို၍ဖြစ်စေ တိကျစွာ ပြည်သူကို ရှင်းလင်းတင်ပြထားဖို့ လိုပါတယ်။ အလားတူ “ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့်အခြေအနေ” နဲ့ “အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အခြေအနေ” ဆိုတဲ့ စကားရပ်တွေကိုလည်း ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီးဖြစ်စေ၊ ဖွဲ့စည်းပုံခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုပြီးဖြစ်စေ ပြည်သူကို ရှင်းလင်းစွာ တင်ပြသင့်ပါတယ်။

(တိကျစွာ ဖွင့်ဆို ရှင်းလင်းချက်များနဲ့အညီ အရေးပေါ်အခြေအနေဖြစ်ကြောင်းကို သမ္မတက တွေ့ရှိချက်နဲ့အတူ အရေးပေါ်အခြေအနေဖြစ်ကြောင်း အတည်ပြုပေးရမှာဖြစ်လို့ပါ)

*(၂) သမ္မတက အရေးပေါ်အခြေအနေဖြစ်ကြောင်း အတည်ပြုပြီးမှ ကာ/လုံနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

အထက်ပါ ဖွဲ့စည်းပုံပုဒ်မ ၄၁၇အရ နိုင်ငံတော်သမ္မတက “အရေးပေါ်အခြေအနေပေါ်ပေါက်ကြောင်း တွေ့ရှိလျှင်ဖြစ်စေ၊ အရေးပေါ်အခြေအနေပေါ်ပေါက်ရန် လုံလောက်သောအကြောင်း တွေ့ရှိလျှင်” လို့ ဆိုထားတဲ့အတွက် အရေးပေါ်အခြေအနေဖြစ်ကြောင်း သမ္မတက ဦးစွာအတည်ပြုရမှာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေဖြစ်ကြောင်း အကြောင်းပြချက်မခိုင်လုံရင် သမ္မတက အရေးပေါ်အခြေအနေမဟုတ်ကြောင်းအတည်ပ​ြုရမှာဖြစ်ပြီး ကာ/လုံနဲ့ ညှိနှိုင်းတဲ့အဆင့်ထိ ရောက်လာမှာ မဟုတ်ပါဘူး။

*(၃) အရေးပေါ်အခြေအနေ အမိန့်ထုတ်ပြန်တာ သမ္မတဖြစ်ပြီး ကာချုပ်မဟုတ်ပါ။

ပုဒ်မ ၄၁၇ ပါ စကားရပ်တွေကိုသာ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရင် အရေးပေါ်အခြေအနေ ကြေညာနိုင်တဲ့အဆင့်အထိ ရောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သမ္မတဟာ အရေးပေါ်အခြေအနေဖြစ်ကြောင်း တိကျစွာဖွင့်ဆိုထားတဲ့ စကားရပ်များကို ကိုးကားပြီးမှ အရေးပေါ် အခြေအနေဖြစ်ကြောင်း အတည်ပြုသင့်တဲ့အတွက် အရေးပေါ်အခြေအနေဖြစ်ကြောင်း တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှုဟာ နောင်လာမယ့်လွှတ်တော်အတွက် အလွန်ပဲ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာနိုင်ပါတယ်။

~နောက်ဆုံးအခြေအနေရောက်ခဲ့ရင်တောင် အရေးပေါ်အခြေအနေဖြစ်ကြောင်း အမိန့်ထုတ်ပြန်ကြေညာနိုင်သူက သမ္မတသာဖြစ်ပါတယ်။

~ကာချုပ်က အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိသူ မဟုတ်ပါဘူး။

ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်ရင်

၁၉၉ဝမှာ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပြီး စစ်တပ်အာဏာသိမ်းခဲ့စဉ်က တရားဝင်အာဏာရ အစိုးရမရှိသလို ဖွဲ့စည်းပုံလည်း မရှိပါဘူး။ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်တွေ အတိအကျရှိနေပြီဖြစ်တဲ့ လက်ရှိကာလမှာ ကာကွယ်ရေးဦးစီးချုပ်သည်လည်း နိုင်ငံသားတစ်ဦးဖြစ်တာနဲ့အညီ ဖွဲ့စည်းပုံ ပုဒ်မ ၃၈၄ အရ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်များကို အတိအကျလိုက်နာရမှာဖြစ်ပါတယ်။ လက်ရှိကာကွယ်ရေးဦးစီးချုပ်ကတော့ “ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်ပါမယ်” ဆိုတဲ့ စကားရပ်ကို အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူးသူပါ။

လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ အထူးသတိထားရမယ့်အချက်က ပုဒ်မ ၄၁၇ပါ။ အာဏာသိမ်းနိုင်မယ့်အကြောင်းပြချက်တွေ မပေါ်ပေါက်အောင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းစောင့်ကြည့် ထိန်းသိမ်းသွားကြဖို့ပါပဲ။ အဖျက်အမှောင့် ပယောဂတွေဟာ နေရာပေါင်းစုံက နည်းလမ်းမျိုးစုံနဲ့ ချုံခိုစောင့်ဆိုင်းနေနိုင်ပါတယ်။ ပြည်သူတစ်ရပ်လုံးနဲ့ တပ်မတော်၊ အစိုးရအပါအဝင် အဖွဲ့အစည်းအားလုံးက ဒီအချက်ကို အထူးသတိထားစောင့်ကြည့်ထိန်းသိမ်းဖို့ လိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က “ဆူပူအောင်လှုံ့ဆော်မှုတွေကို သတိထားပါ။ ကိုယ့်လမ်းကိုယ်လျှောက်တဲ့အခါမှာ ဘေးကနေ အဖျက်တွေ၊ ရန်တွေဖြစ်နိုင်တယ်။ ဒါပေမဲ့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုထားပြီးတော့၊ နားလည်မှုထားပြီးတော့ အားလုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သွားဖို့ အင်မတန်မှအရေးကြီးပါတယ်” ဆိုပြီး RFA သတင်းဌာနနဲ့ အင်တာဗျူးကတစ်ဆင့် ပြည်သူကို သတိပေးခဲ့ပါသေးတယ်။

ဖွဲ့စည်းပုံအရဆိုရင်တော့ တပ်မတော်ရဲ့ သဘောဆန္ဒတစ်ခုတည်းနဲ့ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံက ခွင့်မပြုထားပါဘူး။

ပုဒ်မ ၄၁၇ပါ အာဏာ သိမ်းဖို့အကြောင်းပြချက် စကားရပ်တွေကို တိတိကျကျနဲ့ အသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုဖို့၊ ဥပဒေပြဋ္ဌာန်းဖို့၊ ပြည်ထောင်စုလွှတ်တော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့ကလည်း နိုင်ငံအနာဂတ်ကို ရှေးရှုပြီး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

တကယ်က အာဏာသိမ်းတယ်ဆိုတဲ့ အစဉ်အလာဆိုးတွေ၊ အာဏာဝါဒမှိုင်းဝနေတဲ့ နိုင်ငံရေးအောက်လမ်းနည်းတွေဟာ ဒီမိုကရေစီယဉ်ကျေးမှုနိမ့်ပါးလွန်းတဲ့ လူ့အဖွဲ့အစည်းမှာ တွယ်ကပ်နေတာကြောင့်၊ အဲ့ဒီအဆိုးတွေကို အနာဂတ်မျိုးဆက်တွေ အမွေမခံရဖို့လည်း အားလုံးတာဝန်ရှိပါတယ်။ အဲသည်လို သမိုင်းအမည်းကွက်တွေ မစွန်းထင်း မပေါ်ပေါက်အောင် အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းထိန်းသိမ်းရင်း အနာဂတ်သစ်ဆီ ညီညာဖြဖြ ဦးတည်ကြဖို့ပါ။
………….
လင်းထိုက်

Related Articles

Back to top button