ရှမ်းပြည်နယ်မြောက်ပိုင်းမှ အကြီးဆုံးမြို့ဖြစ်သည့် လားရှိုးမြို့တွင် မြို့တွင်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့ဧရိယာထက်ဝက်နီးပါးနှင့် လားရှိုးလေယာဉ်ကွင်းကို MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။
ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရှိ ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ နှင့် ၁၂၊ မန်ဆူဘုရားအနီး၊ လားရှိုးမြို့တော်ခန်းမနှင့် လားရှိုးဆေးရုံအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု မြို့တွင်းတွင် ကျန်ရှိနေသည့် မြို့ခံများထံမှ သိရသည်။
ရပ်ကွက် ၁၂ တွင် ပုန်းအောင်းနေသူတစ်ဦးက သူ၏အိမ်အနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများနှင့် သေနတ်သံများ အဆက်အပြတ်ကြားနေရသည်ဟု ယနေ့နံနက်ပိုင်းတွင် ဖုန်းမှတစ်ဆင့် ပြောသည်။
“အခုက ဘယ်ရပ်ကွက်မှ (အပြင်ကို) ထွက်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။
သေနတ်သံများသည် ရပ်ကွက် ၁၂ အပြင် မန်ဆူဘုရားပတ်ဝန်းကျင်အပြင် ထိုနေရာမှ တစ်မိုင်ခွဲခန့်ဝေးသည့် လားရှိုးမြို့တော်ခန်းမနှင့် လားရှိုးတရားရုံးဘက်မှလည်း ထွက်ပေါ်နေသည်ဟု ဒေသခံတို့က ဆိုသည်။
ယနေ့ မွန်းလွဲပိုင်းတွင် လူမှုကွန်ရက် Facebook တွင် ပျံနှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင်လည်း လားရှိုးမြို့လယ်မှ စစ်တပ်ပိုင်အင်းဝဘဏ်ခွဲရှေ့နှင့် လားရှိုးဆေးရုံးကြီးကြားရှိ လမ်းမပေါ်တွင် ကိုးကန့်တပ်သားများ အေးအေးလူလူသွားလာနေကြသည်။
၂၄ စက္ကန့်ကြာသည့် ထိုရုပ်သံဖိုင်ထဲတွင် တရစပ်ပစ်ခတ်သံများ မပြတ်ကြားနေရပြီး အင်းဝဘဏ်ရှေ့တွင် သေဆုံးနေသည့် စစ်သားအလောင်းတစ်လောင်းကိုလည်း တွေ့ရသည်။
လားရှိုးမြို.ရှိ စစ်ကောင်စီစခန်းများနှင့် မြို.လယ်ခေါင်ရှိ ဌာနဆိုင်ရာနေရာများကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်တပ်များက စိုးမိုးထားပြီဖြစ်ကြောင်း ကိုးကန့်၊ ရခိုင်၊ ပလောင်းတအာင်းသုံးဖွဲ့ပေါင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ဓာတ်ပုံများဖြင့် သတင်းထုတ်ပြန်သည်။
ရပ်ကွက် (၁) ရှိ လားရှိုးမိုတယ်ကို ကိုးကန့်တပ်က ရရှိသွားပြီဖြစ်သလို လားရှိုးဆေးရုံနှင့် မြို့မဈေးအနီးဝန်းကျင်တွင် ကိုးကန့်တပ်က နေရာယူထားပြီးဖြစ်သည်ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“လားရှိုးဆေးရုံကြီးရှေ့မှာလည်း ကိုးကန့်တွေက နေရာယူထားပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ကိုးကန့်တပ်များသည် လားရှိုးလေယာဉ်ကွင်းကိုလည်း ထိန်းချုပ်ထားကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။
ယမန်နေ့ကလည်း ရပ်ကွက် ၇ နှင့် ၈ တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ထိုရပ်ကွက်များထဲတွင် ပိတ်မိနေသည့် အရပ်သားများလည်း ရှိနေကြောင်း ဒေသခံတို့က ဆိုသည်။
“မနေ့တည်းက တိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးတွေလည်း အမိုးတွေပေါ် ကျတယ်။ ကျနော့်ဆိုင်လည်း ကုန်ပြီလားမသိဘူး။ မနေ့က အသိတွေကို ပစ္စည်းသွားယူခိုင်းတာ သူတို့လည်း သွားမကြည့်ရဲဘူး” ဟု ရှမ်းပြည်တောင်ပိုင်းတွင် စစ်ရှောင်နေသည့် ရပ်ကွက် (၁၂) မြို့ခံတစ်ဦးက ပြောသည်။
လားရှိုးမြို့ရပ်ကွက် ၈ မှ တိမ်းရှောင်လာသည့် မြို့ခံတစ်ဦးကလည်း လက်နက်ကြီးဒဏ်ကြောင့် သူနေထိုင်ရာ ရပ်ကွက်အတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးမှုများရှိကြောင်း၊ အရပ်သားအချို့လည်း ကျည်ဆန်ထိမှန်ဒဏ်ရာရမှုများလည်း ရှိကြောင်း ပြောသည်။
“မနေ့က (ဗုဒ္ဓဟူး) စနိုက်ပါနဲ့ ပစ်ခံရသူတွေများတယ်။ ရွှေသံလွင်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌလည်း ခြေထောက်ထိသွားတယ်၊ ခရစ်ယာန်ဘုန်းကြီးတစ်ပါးလည်း အပစ်ခံရပြီး ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
လားရှိုးမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိရာ မြို့ထက်ဝက်နီးပါး ကျယ်ဝန်းသည့် ရပ်ကွက်အမှတ် ၄၊ ၅၊ ၆၊ ၇၊ ၁၀ နှင့် ၁၁ တို့ကို ကိုးကန့်တပ်ထံ စစ်တပ်က လက်လွှတ်လိုက်ရပြီဖြစ်သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ မတ်လထုတ် စာရင်းများအရ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုတွင် လူတစ်သိန်းလေးသောင်းကျော် နေထိုင်ပြီး လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာ ၇၅ ခုတွင် လူတစ်သိန်းခွဲခန့် နေထိုင်သည်။
လားရှိုးမြို့နယ်တစ်ခုလုံးတွင် လူသုံးသိန်းနီးပါးနေထိုင်ပြီး ယခုအခါ စစ်ပွဲကြောင့် သောင်းနှင့်ချီသော ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
လားရှိုးမြို့ပေါ်မှာ တပ်စခန်းများကို စီးနင်းတိုက်ခိုက်ခံရစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် မြို့ခံအများစုမှာ တိမ်းရှောင်ထွက်ပြေးနေကြပြီဖြစ်ရာ မြို့၌ အိမ်စောင့်လောက်သာ ကျန်တော့သည်ဟု ယနေ့တွင် ထွက်ပြေးလာသည့် ရပ်ကွက် ၅ ၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မလည်း ဘာပစ္စည်းမှ ယူမလာရဘူး။ လေယာဉ်ကြောင့်လို့ပြေးလာရတာ။ နှစ်ဖက်တိုက်ပွဲပြင်းထန်တယ်။ တိုက်ပွဲတွေက နေရာတကာပဲ။ လက်နက်ကိုင် (MNDAA)က ရှေ့တိုးလာတော့ စစ်တပ်က နောက်ဆုတ်ဆုတ်သွားတာ။ အိမ်ပေါ်တွေကနေ သေနတ်နဲ့ပစ်တော့ လေယာဉ်နဲ့ကြဲ။ ကျွန်မတို့အိမ်ပေါ်မှာတင် ပစ်နေကြတော့ ကြောက်လို့ ထွက်ပြေးလာတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ကိုးကန့်တပ်နှင့် စစ်တပ်အကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် မြို့ခံများသည် အခမဲ့သယ်ယူပို့ဆောင်ပေးသည့် ကားများကိုပင် မသုံးတော့ဘဲ မြို့အပြင်ထွက်နိုင်ရေး ခြေလျင်လျှောက်၍ ထွက်ပြေးနေကြသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“လမ်းလျှောက်နိုင်တဲ့လူက လမ်းလျှောက်ထွက်တယ်။ ဒီနေ့ တော်တော်များတယ်။ မန်ဆူဘက်မှာ ကားအခမဲ့ပို့တာရှိတယ်။ ဒါပေမယ့် မြို့ပဲပဲ ထွက်ချင်လို့လားမသိဘူး။ လမ်းလျှောက်တဲ့လူက အများကြီးပဲ။ ကလေးကအစ အားလုံးမြို့ပြင်ထွက်သွားပြီ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
၎င်းထွက်ပြေးလာစဉ် လားရှိုးမြို့ပေါ်ရှိ မြို့တော်ခန်းမအနီးမှာပဲ စစ်သားများကို မြင်တွေ့ခဲ့ရကာ မြို့နေရာအနှံ့တွင် MNDAA က စိုးမိုးထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
“ကိုးကန့်တပ်သားတွေကတော့ ကောင်းကောင်းပြောပါတယ်။ သူတို့က ရှေ့ကို တိုးမှာ။ ရပ်ကွက် ၅ မှာ တိုက်ပွဲမရှိတော့ဘူး။ လုံခြုံသွားပြီတဲ့” ဟု ၎င်းက ပြောသည်။
MNDAA သည် လားရှိုးမြို့ကို ယခုလ (ဇူလိုင်) ဆန်းပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် မြို့ပေါ်တွင် အခြေစိုက်ထားသည့် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ယမန်နေ့ (ဇူလိုင် ၂၅) တွင် ကြေညာခဲ့သည်။
ယမန်နေ့က စစ်ကောင်စီဘက်က ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ချက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် MNDAA လက်အောက်ကျသွားသည့်သတင်းကို အတည်ပြုခြင်း၊ ငြင်းဆန်ခြင်းမရှိဘဲ လားရှိုးအနီး စစ်စခန်းများမှ ၎င်းတို့တပ်များ ဆုတ်ခွာခဲ့ရသည်ဟုသာ ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တပ် MNDAA က လားရှိုးမြို့မှ စစ်ကောင်စီတပ်စခန်းများကို ၂၃ ရက်ကြာတိုက်ခိုက်အပြီး ‘လွတ်မြောက်ရေးအောင်ပွဲကို ရရှိနိုင်ခဲ့သည်’ ဟု ယမန်နေ့က ကြေညာခဲ့သော်လည်း စစ်ကောင်စီကမူ လားရှိုးတွင် ၎င်းတို့တပ်များ ဆက်လက်ခုခံနေပြီး မကြာခင် ပြန်လည်သိမ်းဆည်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း စစ်ကောင်စီ၏ ပြောခွင့်ရအရာရှိက အဆိုပါသတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
၈ မိုင်ဝန်းကျင်ခန့် ကျယ်သည့် ရခမတိုင်းရုံးအပါအဝင် လားရှိုးမြို့ပေါ်အခြေစိုက်တပ်စခန်းများကို စစ်တပ်က လက်ကျန်အင်အားဖြင့် ဆက်လက်ခုခံနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း မြေပြင်စစ်ရေးသတင်းများကို ကိုးကားပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“အခုထိ သိရသလောက်က ရမခက အလုံးစုံမကျသေးဘူး။ နောက်ဆုံး ခံစစ်ဆင်နေတာက စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၁ လက်ကျန်အင်အား၊ တပ်မဟာ ၁၄ က တပ်မဟာမှူးနဲ့ တပ်ရင်း ၄ ရင်းပါ ပေါင်းပြီးတော့ ခံစစ်ဆင်နေတဲ့အနေအထားတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံတချို့၏အဆိုအရ ကိုးကန့်တပ် MNDAA သည် မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၂၂နှင့် မြို့မြောက်ဖျားရှိ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၆၈ တည်ရှိရာနေရာများကိုလည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။