သတင်း

မောင်တောတွင် ရွာသားနှစ်ဦးကို လက်နက်ကိုင်တချို့က ဖမ်းဆီးရိုက်နှက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသစ်မှ ရွာသားနှစ်ဦးကို လက်နက်ကိုင်အချို့က ရိုက်နှက်ခဲ့သောကြောင့် မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်။

အင်းဒင်ကျေးရွာတောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၊ မောင်တော – အငူမော်ကားလမ်းရှိ ဆားငံချောင်းခွဆုံအရှေ့ဘက် မေယုတောင်ကြောတွင် ယမန်နေ့ (ဇန်နဝါရီ ၂၁) နေ့လယ်၌ ဝါးခုတ်နေစဉ် လက်နက်ကိုင်အချို့ ရောက်လာပြီး ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။

အဆိုပါ ရွာသားနှစ်ဦးမှာ အောင်သုခကျေးရွာသစ်မှ အသက် ၅၅ နှစ်အရွယ် ဦးကျော်ဇောအောင်နှင့် အသက် ၃၈ နှစ် အရွယ် ကိုမင်းသိန်းထွန်းတို့ဖြစ်ပြီး ဝါးခုတ်ခြင်းအပြင် ကျပန်းအလုပ် လုပ်ကိုင်ကြသူများဖြစ်သည်။ 

၎င်းအားရိုက်နှက်ခဲ့သူ လက်နက်ကိုင်ငါးဦးမှာ အသက် ၂၀ ဝန်းကျင်မှ ၄၀ ဝန်းကျင်ဟု ခန့်မှန်းရပြီး အရပ်ဝတ် ဝတ်ဆင်ထားကြောင်း၊ ဒေသခံမွတ်စလင်များဖြစ်သည်ဟူ၍ ယူဆကြောင်း ရိုက်နှက်ခံရသူ ဦးကျော်ဇောအောင်က ဆိုသည်။

သူတို့က “သတ်မယ်ဆိုပြီးတော့ တစ်ခါတည်း ဓားတင်ထားတယ်။ သေနတ်ဒင်နဲ့လည်း တအားထုထောင်းပြီးပြီ။ ကျွန်တော်တို့က ကယ်ဆယ်ရေးရွာက ပြောတော့  ပြန်လွှတ်ပေးလိုက်တာပါ” ဟု ဦးကျော်ဇောအောင်က Myanmar Now ကို ပြောသည်။ 

အဆိုပါ အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ညွှန်ကြားချက်ဖြင့် ၂၀၁၈ ၊ ဖေဖော်ဝါရီ ၂၄ တွင် တည်ထောင်ခဲ့ပြီး အိမ်ခြေ  ၁၂၄ လုံး နှင့် လူဦးရေ ၅၀၀ ခန့် နေထိုင်ကြသောရွာ ဖြစ်သည်။ ဒေသခံများအကြား အဆိုပါရွာကို ကယ်ဆယ်ရေးရွာဟု လူသိများသည်။ 

“ဦးကျော်ဇောအောင်ကို အရင်ဖမ်းတယ်။ ဖမ်းပြီးတော့ သူတို့က (မွတ်စလင်လက်နက်ကိုင်) ကျွန်တော့်ကို ခေါ်တယ်။ ကျွန်တော်က ထွက်ပြေးရင် လွတ်တယ်။ သူ့ (ဦးကျော်ဇောအောင်) ကို ကိုယ်ချင်းစာလို့ သွားလိုက်တာ” ဟု ဖမ်းဆီးရိုက်နှက်ခံရသူ ကိုမင်းသိန်းထွန်းက ပြောသည်။

၎င်းတို့နှစ်ဦးအား မျက်နှာဖုံးစွပ် နောက်ပြန်ကြိုးတုပ်၍ မေယုတောင်ကြောအတွင်း ခေါ်ဆောင်သွားပြီး ၂ နာရီခန့် ကြာ ဖမ်းဆီးထားစဉ် ရိုက်နှက်ခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။

“ကျွန်တော်တို့က တောင်းပန်လိုက်၊ (သူတို့က) ရိုက်လိုက်။ သူတို့အချင်းချင်းတော့ သူတို့ဘာသာစကားနဲ့ ပြောတယ်၊ ကျွန်တော်တို့ကိုကျတော့ ဗမာစကားနဲ့ပြောတယ်” ဟု ကိုမင်းသိန်းထွန်းက ဆိုသည်။ 

“မင်းတို့ကျ အိမ်တွေ၊ ဘာတွေနဲ့ နေရတယ်။ ငါတို့ကျ အိမ်မရှိဘူး။ မင်းတို့က သားသမီး၊ သား၊ မယားတွေနဲ့ နေရတယ်။ တောတောင်မှာ သစ်ခုတ်၊ ဝါးခုတ်၊ နောက်တစ်ခါမလာနဲ့လို့ ပြောတယ်။ နောက်ပြီးတော့ အပေါ်က အမိန့်ကျရင် လွှတ်ပေးမယ်၊ ဒါမှမဟုတ် အပေါ်က သတ်ခိုင်းရင် သတ်ပစ်မယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်တွင် ခေါင်းဆောင်ဟု ယူဆရသူထံမှ ဖုန်းမက်ဆေ့ချ် ဝင်လာပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ကာယကံရှင်နှစ်ဦးက ဆိုသည်။

အောင်သုခကျေးရွာသားနှစ်ဦးက လက်နက်ကိုင်ထားသည့် မွတ်စလင်များက ၎င်းတို့ကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ပြောဆိုခဲ့၍ လက်နက်ကိုင်များမှာ ဒေသခံမွတ်စလင်များဖြင့် ဖွဲ့ထားသည့် အာဆာလက်နက်ကိုင်အဖွဲ့ဖြစ်နိုင်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ထင်မြင်ချက်ပေးသော်လည်း Myanmar Now က ထိုအချက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ 

ဒေသတွင်းအမတ်တစ်ဦးကမူ ထိုသူများသည် အာဆာအဖွဲ့မှ မဖြစ်နိုင်ဟု သုံးသပ်သည်။

“တချို့ကတော့ အာဆာ ပုံစံမျိုးနဲ့ ပြောကြတယ်။ ဖြစ်နိုင်မယ်မထင်ပါဘူး။ အများအားဖြင့် ကျွဲပျောက်၊ နွားပျောက်ကြတယ်။ ဟိုတစ်နှစ်ကလည်း အင်းဒင်မှာ ကျွဲတွေ၊ နွားတွေ ပျောက်ကြတယ်။ ခုလည်း အဲဒီကောင်တွေ (ကျွဲ၊ နွား ခိုးသူတွေ) ပဲ ဖြစ်မှာပါ” ဟု မောင်တောမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။ 

အခင်းဖြစ်သောရွာသည် ၂၀၁၇ နှောင်းပိုင်း ဒေသခံမွတ်စလင်တချို့ကို တပ်မတော်သားများက လက်နောက်ပြန်တုပ် ဖမ်းဆီးကွပ်မျက်ခဲ့သည့် နေရာဖြစ်သည်။ 

၂၀၁၇ ၊ ဩဂုတ်တွင် ARSA (အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်) ဟု အမည်ပေးထားသည့်အဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က မွတ်စလင်များကို သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

ထိုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင် သိန်းချီ၍ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ကြပြီး တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

တပ်မတော်ကမူ ကျူးလွန်ခဲ့သည် စစ်ရာဇဝတ်မှုများအတွက် စစ်ခုံရုံးတင် စစ်ဆေးအပြစ်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button