သတင်း

ရဲအချုပ်တွင် တစ်ညအိပ်စဉ် သေဆုံးခဲ့သူအတွက် မိသားစုက အဖြစ်မှန်ပေါ်ပေါက်စေလို

မန္တလေး — အရက်မူးပြီးရမ်းကားနေသူ အမျိုးသားတစ်ဦးကို ရဲစခန်းက လာရောက်ထိန်းသိမ်းကာ ရဲအချုပ်တွင် ထားပြီး နောက်တစ်ရက်မှာပင် သေဆုံးသွားသည်ဟု ဆိုသော အမှုတစ်ခု မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ကာယကံရှင်၏မိသားစုက အဖြစ်မှန်ပေါ်ပေါက်စေလိုသည်ဟု ထုတ်ဖော်ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်းရပ်ကွက်၌ နေထိုင်သူ အသက် ၂၆ နှစ်အရွယ် ကိုအောင်အောင်သက်သည် ဇန်နဝါရီလ ၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီကျော်ခန့်က ရပ်ကွက်တစ်ခုရှိ အိမ်တစ်အိမ်ရှေ့တွင် မူးယစ်အော်ဟစ် နေသဖြင့် ရဲက လာရောက်ချုပ်နှောင်ခဲ့ပြီး နောက်တစ်နေ့တွင် အငြင်းပွားဖွယ်ရာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ကိုအောင်အောင်သက်သည် အချုပ်ခန်းအတွင်း ကျန်အချုပ်သားများနှင့် စကားများကာ ခိုက်ရန်ဖြစ်ပွားသဖြင့် အချုပ်ခန်းတွင်းမှ ထုတ်ခဲ့သည်ဟု လုံခြုံရေးကင်မရာ မှတ်တမ်းအရ သိရကြောင်း၊ နောက်တစ်နေ့တွင် သေဆုံးသွားသဖြင့် တိုင်းရဲတပ်ဖွဲ့ရုံးက သေဆုံးရသည့်အကြောင်းရင်းကို သိရရန် ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲမှူးက Myanmar Now ကို ပြောသည်။

တရားဥပဒေအတိုင်းဆောင်ရွက်သွားပါ့မယ်”ဟု ပြည်ကြီးတံခွန်မြို့နယ် ရဲမှူး နေမျိုးအောင်ကပြောသည်။

၎င်းနှင့် အချင်းဖြစ်ပွားခဲ့သည်ဆိုသော အချုပ်သားလေးဦးကိုလည်း ပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/အားပေးကူညီမှု) ဖြင့် ရဲမှူးနေမျိုးအောင်ကိုယ်တိုင် တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့သည်ဟု ပြောသည်။

အလောင်းမှာတွေ့ရှိချက် တင်ပြလာတာကတော့ ဦးနှောက်သွေးခဲဒဏ်ရာနဲ့သေဆုံးတယ်လို့သိရတယ်။ အပြင်ပန်း ဒဏ်ရာတွေတော့ မကြည့်ရသေးဘူး။ ဘာကြောင့်သေဆုံးရလဲဆိုတာ ဒီနေ့ခုံရုံးဖွဲ့ပြီး လာရောက်စစ်ဆေးမယ်”ဟု ၎င်းကဆက်ပြောသည်။

သို့ရာတွင် အောင်အောင်သက်၏ မိသားစုကမူ ရဲ၏ထုတ်ပြန်ချက်ကို သံသယဖြစ်နေပြီး အချုပ်သားချင်း ထိုးကြ ကြိတ်ကြသဖြင့် သေဆုံးရသည်ဆိုသည်မှာ မဖြစ်နိုင်ဘဲ နှိပ်စက်ညှဉ်းပန်းခံရ၍သာ သေဆုံးရခြင်း ဖြစ်နိုင်သည်ဟု ဆိုကာ အမှန်တရားပေါ်ပေါက်စေရေး အလိုရှိသည်ဟု Myanmar Now ကိုပြောသည်။

ကိုအောင်အောင်သက်သည် ရဲစခန်းက လာရောက်ခေါ်ဆောင်ခံရပြီး နောက်တစ်နေ့မနက်တွင် ရဲစခန်း သမံတလင်းပေါ် ခင်းထားသည့် ဖျာတစ်ချပ်ပေါ်တွင် အပေါ်အင်္ကျီမပါဘဲ အေးစက်ကာ မေ့မြောနေသည်ကို တွေ့ခဲ့ရကြောင်း၊ တာဝန်ကျ ရဲဝန်ထမ်းက အောင်အောင်သက်သည် ညကတည်းက အရက်မူးနေသဖြင့် မထနိုင်ကြောင်း၊ အမူးပြေလျှင် နိုးလာမည်ဟု ဆိုကာ ကားပေါ်သို့တင်ပေးခဲ့ကြောင်း အောင်အောင်သက်၏ အစ်ကို ကိုကိုသက်က ပြောသည်။

ထို့နောက် ဆေးခန်းသို့ ခေါ်ဆောင်ပြသခဲ့ရာ ဆေးရုံသို့ပို့ရန် ဆရာဝန်က တိုက်တွန်းခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟု ၎င်းက ဆိုသည်။

သူတို့ ကျွန်တော့်ညီကို ဖမ်းဆီးသွားစဉ် ကျွန်တော့်ညီဟာ အကောင်းပကတိရှိတယ်။ သူတို့ဘယ်လို နှိပ်စက်လိုက်လို့ သေဆုံးသွားလဲ ကျွန်တော်သိချင်တယ်။ ဘယ်လောက်အတိုင်းအတာအထိ နှိပ်စက်လိုက်လို့ တစ်ချက်မှ သတိပြန်လည် မလာရတာလဲ။ သူတို့ပြောတဲ့ အချုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားလို့ သေဆုံးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ထိုးကြကြိတ်ကြတာက သေဆုံးနိုင်တဲ့အထိ မရှိဘူး။ ကျွန်တော့်ညီလက်မှာ နံပါတ်တုတ်နဲ့ ရိုက်နှက်ကြလို့ ကာထားတဲ့ဒဏ်ရာတွေ တွေ့တယ် ခေါင်းမှာ သုံးလက်မလောက် ရိုက်ခံရတဲ့ဒဏ်ချက်တွေ့တယ်။ ရန်ဖြစ်ပြီးနောက် အချုပ်ခန်းထဲက ခေါ်ထုတ်သွားတဲ့ cctv (လုံခြုံရေးကင်မရာ) မှတ်တမ်း (ရဲက) ကျွန်တော်တို့ကို မပြဘူး”ဟု ကိုကိုသက်ကဆိုသည်။

ထိုဖြစ်စဉ်အတွက် ကာယကံရှင်မိသားစုက မသေမချင်း ဝိုင်းဝန်းနှိပ်စက်ညှဉ်းပန်းမှုဟု ယူဆနေကာ အမှုဖွင့်မည်ဟု ဆိုသော်လည်း ရဲက ၎င်းတို့ဘက်က အမှုဖွင့်ပြီးဖြစ်သဖြင့် အမှုဖွင့်စရာမလိုတော့ဟု ပြန်ပြောကြောင်း ၎င်းက ဆက်ပြောသည်။

ကျွန်တော်ကပြန်ချေပပါတယ်။ ‘ခင်ဗျားတို့အမှုဖွင့်တာက ဖမ်းဆီးထားတဲ့အကျဉ်းသားတစ်ယောက်ကို အကျဉ်းသားချင်း ဝိုင်းဝန်းထိုးကြိတ်ကြလို့ သေဆုံးတယ်ဆိုပြီး ခင်ဗျားတို့နဲ့ မသက်ဆိုင်ပါဘူးဆိုပြီး ကာဗာလုပ်ဖို့ဖွင့်တာ။ ကျွန်တော်က ကျွန်တော့်ရဲ့ညီလေး အသက်ခန္ဓာဆုံးရှုံးသွားလို့ အဖြစ်မှန်ပေါ်ဖို့အမှုဖွင့်တာ’ ဆိုတော့ မင်းတို့အမှုဖွင့်လို့ မရတော့ဘူးလို့ စခန်းကပြောတယ်”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါအငြင်းပွားဖွယ်သေဆုံးမှုအတွက် အဖြစ်မှန်ပေါ်ပေါက်စေရန် မိသားစုက အလိုရှိနေပြီး ခုံရုံးဖွဲ့စစ်ဆေးခြင်းကို အယုံအကြည်မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ကျွန်တော့်ညီကို ရဲတွေက ရိုက်ခဲ့လို့ လက်လွန်သေဆုံးသွားတာ။ ကျွန်တော့်ညီလေးကို သတ်တာရဲတွေလို့ပဲ ကျွန်တော်တို့က ယူဆတယ်။ တိုင်းရဲက ခုံရုံးဖွဲ့စစ်မယ်ဆိုတာလည်း ရဲကိုရဲက ပြန်စစ်တာဖြစ်သည့်အတွက် လုံးဝအယုံအကြည်မရှိပါဘူး”ဟု ကိုကိုသက်က ပြောသည်။

အဆိုပါ အလောင်းကို ဆေးစစ်ချက်အဖြေ မထွက်မချင်း မသင်္ဂြိုဟ်သေးဘဲ တောင်အင်းသုသာန် ရေခဲတိုက်တွင်သာ ထားရှိမည်ဖြစ်ကြောင်းမိသားစုဝင်များက ပြောသည်။

သန်လျင်မြို့နယ်နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘက်ထရီအိုးခိုးသည်ဟု စွပ်စွဲခံရကာ ရဲက ချုပ်နှောင်စစ်ကြောနေစဉ် ဒဏ်ရာများဖြင့် သေဆုံးသည့်အမှုတစ်မှုလည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button