စစ်ဗိုလ်စစ်သားများက ရန်သူအထင်ဖြင့် ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်ခတ်ခဲ့ကြောင်း ဆရာတော်နှင့်အတူ အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသည့် ကံသုံးဆင့်ဆရာတော်က ယနေ့တွင် မိန့်ကြားလိုက်သည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်များက ယမန်နေ့က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ချိန်တွင် ဝင်းနိမ္မိတာရုံဆရာတော်နှင့်အတူ ကံသုံးဆင့်ဆရာတော်၊ မော်တော်ယာဉ်မောင်းတို့အတူရှိနေခဲ့သည်။
ဆရာတော်၏ ဥတုဇရုပ်ကလာပ်ထားရှိရာ ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်တွင် ယနေ့နေ့လယ်ပိုင်းက သံဃာတော်များ စုဝေးခဲ့ကြချိန်တွင် ကံသုံးဆင့်ဆရာတော်က ထိုအဖြစ်အပျက်ကို ပြန်လည်မိန့်ကြားသည်များအနက်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
“(လမ်းမှာ) ဖောကားနဲ့ တွေ့ပါတယ်။ ဖောကားပေါ် ဘယ်သူပါသလဲဆိုတာ တပည့်တော်တို့မသိပါဘူး။ တပည့်တော်တို့ကားဆရာကနေ ဖောကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲဘုရား။ အဲ့ဒီလိုအတင်းမောင်းတဲ့အခါ ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်ပါတယ်။ ကားမှာ ခုနစ်ချက် ရှစ်ချက်လောက် မှန်ပါတယ်ဘုရား”
“ဘုရားတပည့်တော် (ကားရဲ့) အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့၊ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေ၊ ရက်စက်လှချည်လား။ အရှင်ဘုရားတို့ကဗျာ ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်”
“အဲ့ဒီလို ဝင်းနိမ္မိကာရုံဆရာတော်က ကားထဲမှာ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားကို မကပ်ပါနဲ့၊ ဆရာတော်ဝေးဝေးနေပါတော့။ ကားဆရာက လက်ပဲထိမှန်တယ်။ လက်သုံးချောင်းလည်း ပြတ်သွားတယ်။ ကားဆရာက။ ဘုန်းကြီးကတော့ မှန်စလေးပဲမှန်တာပေါ့။ အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ အရှင်ဘုရားတို့ ဘုန်ကြီးလည်းပြီးပါတော့။ ဘယ်မှလည်းဖုန်းမဆက်ပါနဲ့တဲ့။ အဲ့ဒီနေရာမှာ နှစ်နာရီလောက်ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်း မဘုန်းပေးရပါဘူး”
“အဲ့ဒီလို နှစ်နာရီလောက်ကြာပြီးမှာ ဒကာတို့ ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။ ပျံလွန်တော်မူတဲ့ပုဂ္ဂိုလ်ကတော့ ပျံလွန်တော်မူသွားပြီ၊ ဘုန်းကြီးက အသက်ရှိသေးတယ်။ ဘုန်းကြီးရဲ့ခေါင်းမှာ ကုရဦးမှာ။ ရွာကို ပြန်ခွင့်ပြုပါဆိုတော့ တော်တော်နဲ့မပြုပါဘူး။ နောက်ကျမှ အရှင်ဘုရား ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ဖုန်းတွေတော့ ထားခဲ့ပါဘုရား။ အဲ့လိုပါ။ ဖြစ်တာက ၁၀ နာရီခွဲကျော်ကျော်က ဖြစ်ပါတယ်။ ၄ နာရီ၊ ၅ နာရီကျမှ သူတို့က ဒီဆရာတော်တွေဟာ သာမညဆရာတော်တွေမဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်ဆရာတော်တွေ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကျမှ သူတို့က ပျာပျာသလဲနဲ့ ဘုန်းကြီးတို့ကားနား ကပ်လာပါတယ်”
“တံတားဦးဆေးရုံဆိုတာ အရင်တုန်းက မြို့နယ်ဆေးရုံပါ။ အခုတော့ ခရိုင်ဆေးရုံပေါ့၊ မပြည့်စုံပါဘူး။ ဘုန်းကြီးတို့ အဲ့ဒီမှာတော်တော်ကြာပါတယ်။ ကြာတဲ့အခါမှာ ဘုန်းကြီးတို့ကို သိပ်မကူညီပါဘူး။ ဘယ်ဘက်ရယ်မှ မဆိုလိုဘူးနော်။ ပီဒီအက်ဖ်တွေလို့မဆိုလိုဘူး။ အစိုးရလို့လည်း မဆိုလိုဘူး။ ဘုန်းကြီးတို့ကတော့ ဘယ်သူ့ကိုမှ မပြောလိုဘူး။ နာမည်မထုတ်လိုဘူး။ ဘုန်းကြီးတို့မှာတော့ ဆုံးရှုံးသွားပြီ။ အန္တရာယ်တွေဖြစ်သွားပြီ”
“ဘုန်းကြီးမှာ ခဏခဏ လာစစ်တယ်။ သူတို့လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခဏခဏလာစစ်တယ်။ ဘုန်းကြီးကလည်း အမှန်အတိုင်းပြောတယ်”
“ဘုန်းကြီးကို တံတားဦးဆေးရုံမှာ ၃/၄ ခါလောက် လာစစ်တယ်။ အဲ့ဒီမှာ တံတားဦးဆေးရုံကနေပြီမှာ ဆရာတော်ဘုရားကြီးဘုရား နန်းတွင်းကြွပေးပါဦး၊ ဆရာတော်ဘုရားကြီးရဲ့ ဖြစ်နေတဲ့ ထိရှတဲ့ဟာလည်းပဲ တပည့်တော်တို့ ဆေးကုပေးပါမယ်ဘုရားတဲ့။ တိုင်းမှူးက မေးစရာရှိတာတွေလည်း မေးပါဦးမယ်ဘုရား။ ဘုန်းကြီးတို့ နန်းတွင်းထဲသွားပါတယ်”
“သူတို့မေးချင်တာ မေးတာပါပဲ။ မေးပြီးတော့ ဘုန်းကြီးရဲ့ ခေါင်းကို မှန်စလေးကို ထုတ်ပေးပါတယ်။ ၃ ချက်ချုပ်ပါတယ်။ ပတ်တီးစည်းပေးလိုက်ပါတယ်။ ၉ နာရီထိအောင် နန်းတွင်းထဲမှာ မပြန်ရသေးပါဘူး။ စစ်ဆေးနေတာပါပဲ။ ဘုန်းကြီးကို နန်းတွင်းထဲကျတော့ ငါးခါလောက် စစ်ဆေးပါတယ်။ ဒါပေမဲ့ ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူညီအောင် ဘုန်းကြီးထွက်ဆိုပါတယ်”
ကံသုံးဆင့်ဆရာတော် မိန့်ကြားချက်အပြည့်အစုံကိုကြည့်ရှုရန်