အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပစ်သတ်ခဲ့သူများကို အရေးမယူဘဲ ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းကို အပြစ်ဖို့ရန် စီစဉ်နေ

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူရသည့်ဖြစ်စဉ်တွင် ပစ်သတ်ခဲ့သည့် စစ်သားများတွင် အပြစ်မရှိဘဲ ကံသုံးဆင့်ဆရာတော်နှင့် ကားဆရာတို့သာ မှားယွင်းကြောင်း၊ ဆရာတော်ကြီးများနှင့် ကားဆရာသည် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သူတို့ ဖြစ်နိုင်ကြောင်း၊ အသွင်ပြောင်းမဘသများနှင့် စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်နေကြသည်။ “ဆရာတော်တွေရော ကားမောင်းသမားရော အကုန်လုံးက PDF ထောက်ခံနေတဲ့သူတွေဖြစ်နေလို့လား၊ ဒါမှမဟုတ် PDF တွေနဲ့ တစ်ခုခုအဆက်အသွယ်ရှိထားလို့လား၊ အဆက်အသွယ်ရှိပြီးတော့ အချင်းချင်း ဆက်သွယ်ပြီးတော့ တစ်ခုခုလုပ်ထားဖို့ လက်ဝါးရိုက်ထားတာရှိလို့လား။ ကျနော်တို့ မေးစရာမေးခွန်းတွေရှိတယ်” ဟု စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် နေပြည်တော်အခြေစိုက် NP News သတင်းဌာနကို တည်ထောင်သူ ကိုကျော်မျိုးမင်းက ပြောသည်။ အလားတူ မဘသအဖြစ်မှ အသွင်ပြောင်းလာသည့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတေဇဝန္တကလည်း “အောက်ခြေတပ်မတော်သားတွေကို အရေးမယူစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေကို ဒီလိုလုပ်မှ ဒီလိုရမှာဖြစ်တဲ့အတွက် ဒီနယ်မြေကို ဒီလိုလုပ်မှ ဒီလိုငြိမ်းချမ်းမှာဖြစ်တဲ့အတွက် အောက်ခြေတပ်မတော်သားတွေမှာ ဘာအပြစ်မှမရှိဘူး” ဟု ဆိုသည်။ ပဲခူးဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ ပျံတော်မူရသည့် ဖြစ်စဉ်ကို လိမ်လည်ပြီး သတင်းထုတ်ပြန်ခဲ့သည့် စစ်တပ်သည် ဖြစ်စဉ်အမှန်ကို ထုတ်ပြောသည့် ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းကို အပြစ်ဖို့ရန် ကြံစည်နေကြခြင်း ဖြစ်သည်။ ဆရာတော်ကြီး၏ ဈာပနကို မနက်ဖြန် (ဇွန် ၂၇) တွင် ပဲခူးမြို့၌ ကျင်းပသွားရန် ရှိနေပြီး၊ ဆရာတော်ကြီး ပျံတော်မူရခြင်းနှင့်ပတ်သက်၍ သံဃာတော်တချို့က စစ်တပ်ကို သပိတ်မှောက် ကံဆောင်နေကြသည်။ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင် ထင်ရှားသည့် ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကလည်း ဆရာတော်ကြီးသည် လက်လွတ်စပယ် ပစ်သတ်ခံရခြင်းကြောင့် မေ့ဖျောက်လို့မရကြောင်းနှင့် သံဃာထုများအနေဖြင့် တုံ့ပြန်သင့်ကြောင်း ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button