ဝင်းနိမ္မိတာရုံဆရာတော်ကို သူ၏စစ်သားများက ပစ်သတ်ခဲ့သည့်အတွက် တောင်းပန်ကြောင်း လျှောက်ထားလွှာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီသာသနာရေးဝန်ကြီးကို ကျောင်းတိုက်သို့ စေလွှတ်ကာ ယနေ့တွင် ဖတ်ကြားလျှောက်ထားစေခဲ့သည်။
စစ်ခေါင်းဆောင်၏တောင်းပန်စာတွင် ဆရာတော်စီးနင်းလာသည့်ယာဉ်သည် သာသနာရေးအမှတ်အသားမပါသည့်အပြင် ကားမှန်တင်ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ခဲ့ခြင်းကြောင့် သူ၏စစ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့ပြီး ထိုဖြစ်ရပ်အတွက် အဆင့်မြင့်အရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေးရေးလုပ်နေသည်ဟုလည်း ပါရှိသည်။
ဆရာတော်ကို ဒေသတွင်းမှ တော်လှန်ရေးတပ် PDF များက ပစ်သတ်ခဲ့သည်ဆိုသည့် စစ်တပ်၏ လိမ်လည်ဝါဒဖြန့်ချိခဲ့မှုကိုတော့ ထိုလျှောက်ထားလွှာတွင် စစ်ခေါင်းဆောင်က ရည်ညွှန်းတောင်းပန်ခြင်းမရှိခဲ့ပါ။
စစ်ခေါင်းဆောင်၏တောင်းပန်မှုကို သိရှိရကြောင်းနှင့် ဆရာတော်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်အတွက် ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာဖြစ်ပေမဲ့ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူးဟု ဆရာတော်တစ်ပါးက ပြန်လည် မိန့်ကြားခဲ့သည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
ထိုသတ်ဖြတ်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးနှင့် ငါးဇွန်အခြေစိုက် ပျူစောထီးပြည်သူ့စစ် ၁၅ ဦး စုစုပေါင်း ၂၉ ဦးပါဝင်ကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ ထောက်လှမ်းရေးအစီရင်ခံစာများမှတစ်ဆင့် သိရှိရသည်။
စစ်ကောင်စီသည် ကနဦးတွင် ဆရာတော်အား သတ်ဖြတ်သူများမှာ PDF များဟု လိမ်ညာဝါဒဖြန့်ခဲ့သော်လည်း ပစ်ခတ်သူများမှာ စစ်ဗိုလ်နှင့် စစ်သားများဟု ဝင်းနိမ္မိတာရုံဆရာတော်နှင့်အတူ ကားပေါ်လိုက်ပါလာသည့် ကံသုံးဆင့်ဆရာတော်က ဇွန်လ ၂၀ ရက်နေ့က မိန့်ကြားခဲ့ပြီးနောက် ဖြစ်ရပ်မှန်ကို ဝန်ခံခဲ့ရသည်။