“မင်းတို့ရခိုင်တွေကို မိန်းမယောကျ်ားတစ်ယောက်မှမကျန်အောင် ဒီနေ့သတ်မယ် ”
ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက် မျက်စိနှစ်ဖက်ကိုအင်္ကျီဖြင့်စည်းခံထားရပြီး ဒူးထောက် ခေါင်းငုံ့နေနေရသော ဗျိုင်းဖြူရွာသားများကို ရိုက်နှက်ရင်း စစ်ကောင်စီတပ်သားများက အထက်ပါစကားကို ပြောဆိုခြင်းဖြစ်သည်။
ရိုက်နှက်ခံကြရသည့်ရွာသားများ၏အနီးအနားတွင်လည်း ဗျိုင်းဖြူရွာထဲမှ ကလေးလူကြီး၊ ကျားမ မရွေး အရပ်သားများကို ရေမတိုက်၊ အစာမပေးဘဲ နာရီပေါင်းများစွာ နေလှန်းထားသည်။
စစ်ကောင်စီတပ်သားများသည် မေလ ၂၉ ရက် နံနက်ပိုင်းက စစ်တွေမြို့၏မြောက်ဘက်ရှိ ဆတ်ရိုးကျ ရပ်ကွက်ဟုလည်းခေါ်ကြသည့် ဗျိုင်းဖြူရွာထဲသို့ ဝင်ရောက်စီးနင်းပြီးနောက် ထိုကဲ့သို့သော ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူတို့က ဆိုသည်။
ရွာကိုဝင်စီးခဲ့သည့် နေ့မှစတင်ပြီး သုံးရက်အတွင်းသတ်ဖြတ်ခံခဲ့ရသူ ၇၆ ဦးအထိရှိသည်ဟု အာရက္ခတပ်တော်(AA)က ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်သည်။
ထိုသတ်ဖြတ်မှုများတွင် စစ်ကောင်စီတပ်များနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ စစ်ကောင်စီက စစ်သင်တန်းပေးထားသည့် မူဆလင်တပ်သားများလည်း ပါဝင်သည်ဟု AA က စွပ်စွဲထားသည်။
ဗျိုင်းဖြူရွာငရဲခန်း
မင်းဒရားချိုက်၊ အောင်ချမ်းသာ၊ ဆတ်ရိုးကျအရှေ့၊ ဆတ်ရိုးကျအနောက် ဆိုပြီးရပ်ကွက်လေးခုရှိသည့် ဗျိုင်းဖြူရွာထဲသို့ မေလ ၂၉ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ၎င်းတို့နောက်လိုက်များ ဝင်လာချိန်တွင် ရွာထဲကမည်သူကမှ စိုးရိမ်ပူပန်မှု ကြီးကြီးမားမား မဖြစ်ကြသေးဟု ရွာခံတို့က ဆိုသည်။
ဦးလေးတို့ ရွာကထွက်ကြပါ။ စစ်ဆေးစရာတစ်ခုရှိပါတယ်’ ဟု စစ်သားတစ်ယောက်က ပြောသဖြင့် တစ်ရွာလုံးအိမ်အပြင်ထွက်လာခဲ့ကြကြောင်း Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် အသက် ၆၀ နီးပါး အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
နာရီအနည်းငယ်အကြာ နံနက် ၈ နာရီခန့်မှစတင်ပြီး နွေခေါင်ခေါင် အော်ဟစ်ငိုယိုသံများ၊ ရိုက်နှက်သတ်ဖြတ်သံများနှင့် ငရဲပွက်ခဲ့ရသည့် ဗျိုင်းဖြူရွာငရဲခန်းစတင်တော့သည်။
ရွာလေးရွာမှ ထောင်နှင့်ချီသည့် အရပ်သားများကို မင်းဒရားချိုက်ရပ်ကွက်၊ ပညာရောင်ခြည် ဘုန်းကြီးကျောင်းအနီး စျေးကွင်းပြင်တွင် စစ်တပ်က စုရပ်အဖြစ်သတ်မှတ်ခဲ့ပြီး ကျားနှင့်မ သပ်သပ်စီခွဲလိုက်သည်။ ထို့နောက် စုရပ်တွင်ရောက်နေသည့် အမျိုးသား ၁၀၀၀ ကျော်ခန့်ကို အင်္ကျီများကို ချွတ်ခိုင်းကာ မျက်နှာစည်းခိုင်းသည်။
မျက်နှာစည်းခံရပြီးနောက်ပိုင်း သတ်ဖြတ်မှုများ အစပြုခြင်းဖြစ်သည်ဟု Myanmar Now ကမေးမြန်းခွင့်ရခဲ့သည့် အသက် ၆၀ နီးပါး အရွယ် အမျိုးသားတစ်ဦးက ပြန်ပြောပြသည်။
“မင်းတို့(AA ခေါင်းဆောင်) ထွန်းမြတ်နိုင်ဟာ ဓားပြ၊ ထွန်းမြတ်နိုင်အကြောင်းသိလားလို့ ကျွန်တော်တို့ကို မေးရင်းသတ်ရင်း၊ မေးရင်းသတ်ရင်း —သတ်တာကိုတော့ကြား ရတယ်။ (မျက်စိကိုအုပ်ထားရတော့) ဘယ်သူ့ကိုသတ်တယ်ဆိုတာတော့ မသိဘူး” ဟု သူက ပြောသည်။
“(ရိုက်ခံရတဲ့သူက) ကျွန်တော်မခံနိုင်တော့ဘူးလို့ ပြောရင်လည်း ရိုက်နှက်ပါတယ်။ သတ်နေရင်း တစ်ခွန်းနှစ်ခွန်းအသံကြားရင် ထပ်မကြားလိုက်တော့ဘူး။ ဆယ်ကိုးကြိမ်လောက်သတ်လို့ အသံမထွက်တော့ဘူးဆိုရင် ‘ဟာ –သေသွားပြီ တစ်ယောက်’ လို့ စိတ်ကထင်လိုက်ပြီ”
(မှတ်ချက် – ရခိုင်စကားအရ “ သတ်သည်” ဆိုသည်မှာ “ရိုက်နှက်သည်” ဟုလည်း အဓိပ္ပာယ်ရသည်။ ဤနေရာတွင် “သတ်သည်” ဆိုသည်က “ရိုက်နှက်သည်” ဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။ )
စစ်တပ်က AA နှင့်ဆက်စပ်သူများအကြောင်း သတင်းရရန် အပြင်းအထန် ရိုက်နှက်မေးမြန်းပြီး ခန္ဓာကိုယ်တွင် “သာလီစွ”၊ ”အာရကန်”၊ ”ဒေါင်းရန်ငှက်”စသဖြင့် ရခိုင်အမှတ်အသား တစ်ခုခုကို ဆေးမှင်ကြောင်ထိုးထား သူများကို အမေးအမြန်းမရှိဘဲ ပစ်သတ်သည်ဟု ဒေသခံတို့က ဆိုကြသည်။
နှိပ်စက် သတ်ဖြတ်မှုများကို မြင်တွေ့လိုက်သူများထဲတွင် ဒေသခံ ဒေါ်မကျော့(အမည်လွှဲ) လည်း ပါဝင်သည်။
“(ဆေး)မှင်ထိုးလို့ပါတဲ့သူတွေကို အသားတွေကို လှီးထုတ်ပစ်ပါတယ်။ မှင်ထိုးတဲ့သူတွေမှာ အသားတွေပဲ့ကျ သွားတယ်။ မခံနိုင်လို့အော်တဲ့သူတွေကို ပစ်သတ်ပစ်ပါတယ်။ လူငယ်လေးတစ်ယောက် ထွက်ပြေးတာကိုလိုက်လို့ ပစ်သတ်ပစ်ပါတယ်။ ကျွန်မရှေ့မှာ သပ်သပ် ၁၀ ယောက် သေသွားတယ်” ဟု ဒေါ်မကျော့က ပြောသည်။
အမျိုးသမီးများမှာ ယင်းအဖြစ်အပျက်များကို မြင်နိုင်သော်လည်း အမျိုးသားများကတော့ မျက်စိကိုအင်္ကျီဖြင့် စည်းထားရသည့်အပြင် ခေါင်းကိုလည်း မြေနှင့်ထိအောင် ငုံ့ထားရပြီး နည်းနည်းလှုပ်မိလျှင်ပင် အရိုက်ခံရသည်ဟု ဆိုသည်။
မေလ၏ပူပြင်းလှသည့် နေရောင်အောက် ကွင်းပြင်ထဲတွင် နှိပ်စက်ရိုက်နှက်သည့်အပြင် အစာမကြွေး၊ ရေမတိုက်သည့်အတွက် ဖမ်းဆီးခံရသူများ ပင်ပန်းနွမ်းနယ်လာကြသည်။ ရေတောင်းသောက်သူများကို စစ်တပ်က ကျင်ငယ်ရေ တိုက်သည်ဟု ရွာသားတို့ကဆိုသည်။
“တစ်ရက်လုံးထိုင်နေရတယ်။ ညလား၊ နေ့ခင်းလားဆိုတာ ကျွန်တော်တို့တော့ မသိရဘူး။ နေပူလှန်းထားတုန်း ဒီနေရာမှာ နေအပူချိန်ညံ့လာပြီ(ကျလာပြီ) ဆိုရင် ပြင်းတဲ့နေရာဘက်ကို နောက်ကျောလှည့်ထားရတယ်။ ဆိုလာပြားလှည့်သလို လှည့်ထားရပါတယ်။ လုံးဝ မအိပ်ခဲ့ရဘူး။ ခေါင်းကိုမြေနဲ့ထိအောင်အထိ ငုံ့ထားရတယ်” ဟု Myanmar Now ကမေးမြန်းခွင့်ရခဲ့သည့် အသက် ၆၀ နီးပါး အရွယ် အမျိုးသားတစ်ဦးက ပြန်ပြောပြသည်။
ဖမ်းဆီးခံထားရသည့် အမျိုးသမီးများမှာ အမျိုးသားများကဲ့သို့ မျက်စိမအုပ်ထားရသည်မှလွဲပြီး မည်သည့်အခွင့်အရေးမှမရခဲ့ဟုဆိုသည်။ တနေကုန်အစာနှင့်ရေ ဖြတ်တောက်ခံထားရသလို ပူပြင်းသော နေရောင်အောက်တွင်နေကြရသည်။
ညအိပ်လျှင်လည်း ကွန်ကရစ်လမ်းမပေါ်တွင်အိပ်စက်ခဲ့ရသည်ဟုဆိုသည်။ သို့သော်လည်း တချက်တချက်ထွက်လာသည့် သေနတ်သံများနှင့် ရိုက်နှက်ခံရသူများထံမှ အော်ဟစ်အကူအညီ တောင်းသံများကြောင့် အမျိုးသမီးများလည်း မအိပ်ရဲကြဟု ဒေါ်မကျော့က ပြောသည်။
ခပ်ငယ်ငယ်မိန်းကလေးအချို့ကို စစ်သားများက လက်ညှိုးထိုးခေါ်သွားကြပြီး ပြန်မပို့ကြဟုလည်း ဒေါ်မကျော့က ပြောသည်။ ထိုအမျိုးသမီးငယ်များကို စစ်တပ်နှင့်နောက်လိုက်တို့က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်ဟုလည်း ဒေါ်မကျော့နှင့်ဗျိုင်းဖြူရွာသားတို့က ယူဆသည်။
မျက်နှာဖုံးစွပ် ALP
ဗျိုင်းဖြူရွာသတ်ဖြတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် စစ်တွေမြို့၊ အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ဝင်များလည်းပါဝင်သည်ဟု AA နှင့် ဗျိုင်းဖြူရွာခံတို့က ဆိုသည်။
ALP တပ်ဖွဲ့ဝင်များသည် ရွာသို့ဝင် ရောက်စဥ်ကပင် မျက်နှာဖုံးစွပ်ထားကာ ရွာသားများကို စစ်ဆေးသည့်အခါလည်း ၎င်းတို့ကိုမည်သူမည်ဝါမှန်းမသိရစေရန် ဗမာစကားဖြင့် မေးမြန်းရိုက်နှက်သည်ဟု ဒေါ်မကျော့က ဆိုသည်။
“နင်တို့တွေကို သတ်ချင်နေတာကြာပြီ။ သစ္စာဖောက်မတွေဆိုပြီး (ALP တွေက) ဆဲတယ်။ မျက်နှာချုပ် (မျက်နှာဖုံး)ကိုလည်း လုံးဝ မချွတ်ဘူး” ဟု ဒေါ်မကျော့က ပြောသည်။
စောမြရာဇာလင်းဦးဆောင်သည့် ALP ကမူ ထိုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဇွန် ၃ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆန်သည်။ ထိုဖြစ်ရပ်ကို စုံစမ်းမည်ဟုလည်း ALP ထုတ်ပြန်ချက်တွင် ပါရှိသည်။
သတ်ဖြတ်မှုများအတွက် ငြင်းဆန်သည်က ALP တစ်ခုတည်းတော့မဟုတ်။ စစ်ကောင်စီကလည်း ငြင်းဆန်သည်။
၎င်းတို့ တပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်ပြီး ရွာသားမဟုတ်သည့် မသင်္ကာသည့်လူများကို ခေါ်ယူမေးမြန်းစဉ် သေနတ်လုယူပြီးရန်ပြုရန်ကြိုးစားသူ ၃ ဦးကို ပြန်လည် ပစ်ခတ် လိုက်ရသည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကဆိုသည်။
သေနတ် လုယူသည်ဟူသော ပြောဆိုချက်မှာ ယုတ္တိမရှိဟုရွာ သားများကဆိုသည်။
“အဲဒါသူတို့ပေါက်ကရပြောတာ။ သူတို့ဆီက သေနတ် လုဖို့ထားလိုက်၊ ကျွန်တော်တို့ရွာသူ၊ ရွာသား ခေါင်းကိုတောင် မော့လို့မရဘူး။ သားနဲ့အဖ ကြည့်ဖို့မရတဲ့အခိုက်အတန့်ပါ” ဟု ရွာခံအမျိုးသားက ဆိုသည်။
ဗျိုင်းဖြူရွာတွင် လူသတ်မှု၊ မုဒိမ်းမှုများ ဖြစ်ပွားခဲ့ပြီး ပါဝင်သည့် စစ်ကောင်စီတပ်သားများနှင့် ALP တပ်သားတစ်ဦးချင်းစီတို့ကို အပြစ်ပေးအရေးယူသွားမည်ဟု အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က Myanmar Now ကို ပြောသည်။
“အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာဟာ အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလည်းဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ယခုအဖြစ်အပျက်သည် အာရက္ခပြည်သူလူထုတစ်ရပ်လုံးအတွက် သမိုင်းတွင် မည်သည့်အခါမျှ မေ့ပျောက်၍ ရနိုင်လိမ့်မည်မဟုတ်သော ဖက်ဆစ်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်တစ်ခုအဖြစ် ကျန်ရစ်နေမည်မှာ အသေအချာပင်ဖြစ်သည်ဟုလည်း AA က ဇွန် ၂ တွင် ထုတ်ပြန်သည်။
ငရဲခန်းမှ လူအချို့လွတ်မြောက်ခြင်း
ထမင်းမစားရ၊ ရေမသောက်ရဘဲ ငရဲခန်းထဲ ၄၈ နာရီကျော် ရောက်နေကြသူများကို မေလ ၃၁ ရက် နံနက်ပိုင်းမှစကာ စစ်တပ်က နည်းနည်းစီခွဲကာ ပြန်လွှတ်ပေးသည်။
ထိုနေ့နံနက် ၈ နာရီခန့်တွင် အမျိုးသားများ ဖမ်းဆီးခံထားရသည့် နေရာသို့ စစ်ကောင်စီရဲများ ရောက်လာပြီး ရေစတိုက်ကာ မျက်စိကိုစည်းထားသည့်အဝတ်များကို ချွတ်ခွင့်ပေးခဲ့သည်။
Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် အသက် ၆၀ နီးပါးအရွယ် အမျိုးသားက မျက်စိကို နှစ်ရက်ကြာဖုံးထားသည့် အဝတ်စဖြည်ခွင့်ရချိန်တွင် ဝိုးတိုးဝါးတားမြင်ရသည်မှာ သူ၏ ဘေးမှသွေးကွက်များဖြစ်ကြောင်း ဆိုသည်။
သူ၏မျက်လုံးကို အဝတ်ဖြင့် ဖုံးအုပ်စည်းနှောင်ခြင်း မပြုမီက အမျိုးသား ၁၀၀၀ နီးပါးကို ကွင်းပြင်ထဲ မြင်ခဲ့ရသော်လည်း နှစ်ရက်အကြာ မျက်စိပြန်ဖွင့်ခွင့်ရချိန်တွင် ၁၁၃ ယောက်သာ ရှိတော့သည်ဟု ၎င်းကဆိုသည်။
“ပထမဆုံးဖမ်းတာတော့ သူတို့ရေတွက်နေတုန်းကြားလိုက်တာ၊ ကားထက်ကိုဆွဲတင်သွားတာကို မရေတွက်ဘဲ ဆိုရင် ၈၈၀ နဲ့အစွန်း ပါပါသေးတယ်” ဟု ၎င်းက ဆိုသည်။
ကျန်ပျောက်ဆုံးသွားသူများ၏ ကံကြမ္မာကို မသိရသေးပါ။
အမျိုးသမီးများကို ဖမ်းထားသည့်ဘက်တွင်မူ မေလ ၃၁ ရက်ညနေ ၆ နာရီခန့်တွင် စစ်သားများနှင့် ရဲများက အစာရေစာအနည်းငယ် ပေးခဲ့သည်ဟုဆိုသည်။
“ရဲသားတွေက ပြောပါတယ်၊ စစ်သားတွေကို အာမခံနိုင်၊ သူတို့ပြောသလိုနေရတယ်တဲ့”ဟု ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ဖမ်းခံထားရသည့် အမျိုးသားများကို ၎င်းတို့၏မိသားစုဝင် အမျိုးသမီးများက တစ်ယောက်ချင်းစီ စစ်တပ်က လာထုတ်ခိုင်းသည်။ ထို့နောက် လက်နက်ကိုင်ရဲများနှင့် စစ်တွေမြို့၊ ဝင်္ကဘာကွင်းသို့ ကားဖြင့်ပို့ဆောင်သည်။
လက်ရှိတွင် ဗျိုင်းဖြူရွာသားများသည် စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများတွင် နေထိုင်ကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမြဲမပြတ် လာရောက်စောင့်ကြည့်စစ်ဆေးနေသည်။
ဗျိုင်းဖြူရွာတွင်မူ ရွာသားများနေခွင့်မရှိတော့ဘဲ စစ်တပ်က စခန်းချထားသည်။
ထိုဖြစ်ရပ်များ လက်တွေ့ ကြုံလိုက်ရသဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်များ၊ နောက်လိုက်များကို တွေ့လိုခြင်း မရှိကြောင်း ပြန်လည်လွတ်မြောက်လာသည့် ဗျိုင်းဖြူရွာသူ တစ်ဦးကဆိုသည်။
“အပြစ်မရှိတဲ့သူတွေကို သတ်တာတွေကို ဒေါသထွက်တယ်။ အဲဒီလူတွေကို မြင်ရင် ဒေါသထွက်တယ် “ ဟု ထိုအမျိုးသမီးက ဆိုသည်။