ရွေးကောက်ပွဲ

ပြည်ခိုင်ဖြိုးပါတီက အလုံးအရင်းဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာတင်နေ 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဘက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

“ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်”ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Related Articles

Back to top button