စီးပွားရေး

ကချင်ဒေသ မြေရှားသတ္တု အလုံးအရင်းထုတ်မှု အနာဂတ်တွင် အဆိပ်သင့်စေနိုင်

EV လျှပ်စစ်ကားများနှင့် လေစွမ်းအင်သုံးတာဘိုင်စက်များ တည်ဆောက်ရာတွင် အရေးပါသည့် မြေရှားသတ္တုကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်တောင်တန်းများပေါ်တွင် အမြောက်အမြားထုတ်လုပ်နေသည်။ ထိုလုပ်ငန်းများမှ စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ဇခုန်တိန့်ယိမ်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က အကျိုးအမြတ်အများအပြားရနေသည်။

သဘာဝပတ်ဝန်းကျင်ကို အလွန်အမင်းပျက်စီးစေသည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်း၏ဩဇာခံ ပြည်သူ့စစ်များထိန်းချုပ်ထားသော ကချင်ပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၁) ပန်ဝါတွင် အကြီးအကျယ်ထုတ်လုပ်လာသည်ဟု နိုင်ငံတကာအဖွဲ့အစည်း Global Witness က ယနေ့ (မေ ၂၃ ရက်) တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ နှင့် ၂၀၂၃ အကြား တူးဖော်မှု ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်၊ မြေရှားတူးဖော်ရေးလုပ်ငန်းခွင်ပေါင်း ၃၀၀ ကျော်အထိ ရှိလာသည်ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness က ဆိုသည်။

သတ္တုရှာဖွေရာတွင် တောင်တန်းများရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကာ တောင်ကို တွင်းများတူး၍ ထိုတွင်းများအတွင်းသို့ အမိုနီယမ်ဆာလဖိတ် ဓာတုဆေးရည်ထိုးထည့်သည်၊ ထိုမှတစ်ဆင့် မြေကြီးများအရည်ပျော်သွားသည့်အခါ ထိုအရည်ကို တောင်အောက်ရှိ သိုလှောင်ကန်များသို့ ပိုက်များဖြင့် သွယ်တန်းကာ သတ္တုများကို စစ်ယူရသည်။

ထိုလုပ်ငန်းစဉ်ကြောင့် ဂေဟစနစ်ပျက်စီးခြင်း၊ တောင်တန်းများရှိ မြေဩဇာများပျက်စီးကာ သစ်ပင်မပေါက်နိုင်တော့ခြင်း၊ ဓာတုဆေးရည်များ ထည့်သွင်းစစ်ယူခြင်းကြောင့် မြေအောက်ရေ အဆိပ်သင့်ခြင်း၊ ဓာတုရည်များ မြစ်၊ချောင်းများအတွင်း စီးဝင်ကာ ငါးနှင့် ရေနေသတ္တဝါများ သေကျေခြင်းနှင့် လူများအတွက် သောက်သုံးရေအဆိပ်သင့်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ထိုသို့သဘာဝပတ်ဝန်းကျင် ပျက်စီးစေခြင်းကြောင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုကန့်သတ်ထားပြီး ထိုသို့ထုတ်လုပ်နည်းအသုံးပြုမှုကိုလည်း တရုတ်အစိုးရက ထိန်းချုပ်ထားသည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းသို့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်၊ တရုတ်နိုင်ငံအစပ်ရှိ ပန်းဝါမြို့မှသည် ကချင်ပြည်နယ်အတွင်းဘက် ချီဖွေမြို့အထိ ခြေဆန့်လာသည်ကိုလည်း တွေ့ရှိရသည်ဟု Global Witness အစီရင်ခံစာက ဆိုသည်။

ပန်ဝါဒေသ တောင်ဘက် မိုင်ရာချီအကွာက မိုးမောက်မြို့နယ်တွင်းမှာလည်း မြေရှားတူးဖော်မှုအရေအတွက် များပြားလာသည်ဟု Global Witness က ဖော်ထုတ်ထားသည်။ မိုးမောက်ဒေသတွင် မြေရှားသတ္တုကို စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ တွင် စတင်လုပ်ကိုင်လာကာ ထိုစဉ်က လုပ်ငန်း ၉ ခုသာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ တွင် မြေရှားတူးဖော်ရေးလုပ်ငန်းအရေအတွက်မှာ ၄၀ အထိ မြင့်တက်လာသည်ဟုလည်း Global Witness က ဆိုသည်။

အာဏာသိမ်းစစ်တပ်သစ္စာခံ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်များထိန်းချုပ်ထားသည့် နယ်မြေများတွင် အများဆုံးဖြစ်ပေါ်နေသည်၊ မြေရှားတ္တုသည် ပြည်သူ့စစ်အဖွဲ့အတွက် အကြီးဆုံးဝင်ငွေရလမ်းဖြစ်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ပန်ဝါဒေသတွင်း ဘီလီယံချီသည့် မြေရှားသတ္တုထုတ်လုပ်ရေးအပြင် အခြားကချင်ဒေသများတွင်လည်း တူးဖော်နိုင်ရန် တရုတ်လုပ်ငန်းရှင်များက ဆန္ဒပြင်းပြနေသည်၊ ကမ္ဘာတစ်ဝန်း မြင့်တက်လာသည့် မြေရှားသတ္တုလိုအပ်ချက်နှင့်အတူ အလွန်အကျွံတူးဖော်နေသော ကချင်ပြည်နယ်တွင် ပတ်ဝန်းကျင်ပျက်စီးမှု သိသာစွာဖြစ်ပေါ်နေသည်။

တရုတ်အစိုးရပိုင်မြေရှားကုမ္ပဏီ China Northern Rare Earths Group and China Rare Earths Group (REGCC) နှင့် လက်အောက်ခံကုမ္ပဏီများသည်ပင် အမြဲတမ်းသံလိုက်ထုတ်လုပ်နိုင်ရန် မြန်မာ့မြေရှားသတ္တုကို မှီခိုနေရသည်။

အာဏာသိမ်းစစ်တပ်သစ္စာခံ ဇခုန်တိန့်ယိန်း အရင်းအမြစ် – Global Witness

မြန်မာနိုင်ငံ၏ မြေရှားတင်ပို့မှု တန်ဖိုး

မြန်မာ့မြေရှားကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က အမေရိကန်ဒေါ်လာ ၁.၄ သန်းတန်ဖိုးရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားအောက်ဆိုက် တင်ပို့မှုမှာလည်း နှစ်ဆမြင့်တက်လာသည်ကိုလည်း တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ တွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၁၉,၅၀၀ ရှိခဲ့ပြီး ၂၀၂၃ တွင်မူ တင်ပို့မှုပမာဏမှာ တန်ချိန် လေးသောင်းကျော် (၄၁,၇၀၀) ရှိသည်။ ယင်းပမာဏမှာ တရုတ်ပြည်အတွင်း ထုတ်ယူတူးဖော်မှုခွဲတမ်းပမာဏထက်ပင် နှစ်ဆကျော်လွန်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

မြေရှားတူးဖော်ရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံက အများဆုံးတင်သွင်းသည်။ ၂၀၂၃ တွင် မြန်မာနိုင်ငံသို့ အမိုနီယမ်ဆာလဖိတ် တန်ချိန် ၁.၅ မီလီယံနှင့် Oxalic Acid တန်ချိန် ၁၇၄,၀၀၀ တရုတ်နိုင်ငံက တင်ပို့ခဲ့သည်။ ၂၀၁၃ တွင် တရုတ်က တင်သွင်းခဲ့သည့် အမိုနီယံဆာလဖိတ်တန်ချိန်မှာ ၂၀၁၅ ခုနှစ် တင်သွင်းမှုနှင့် ယှဉ်လျှင် တစ်သိန်းနီးပါး (၉၈၀၀၀ တန်) ပိုများလာသလို Oxalic Acid ပမာဏမှာလည်း တန် ၃၄၀ ကျော် (၃၄၂ တန်) မြင့်တက်လာခဲ့သည်ဟု ကုန်သွယ်ရေးဆိုင်ရာအချက်အလက်များကို ကိုးကား၍ Global Witness က ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက် ၂၀၁၈ တွင် မြေရှားထုတ်လုပ်တင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး တရုတ်တူးဖော်ရေးကုမ္ပဏီများကိုလည်း လုပ်ငန်းရပ်ဆိုင်းစေခဲ့သည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းတွင် ကချင်ဒေသရှိ မြေရှားသတ္တုကို ဥပဒေမဲ့ပြန်လည်တူးဖော်လာခြင်းဖြစ်သည်။

အရှိန်အဟုန်ဖြင့် တူးဖော်နေသော သတ္တုလုပ်ငန်းခွင်များတွင် မြေရှားသတ္တုအများအပြား ထုတ်လုပ်နိုင်ရန် အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများကိုလည်း ပိုမိုအသုံးပြုလာသည်ဟု Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ မတင်ပို့မီ သန့်စင်ရန် ပုံထားသည့် မြေရှားသတ္တုအိတ်များ။ အရင်းအမြစ် – GLOBAL WITNESS

မြေရှားအန္တရာယ်နှင့် အသုံးဝင်မှု

ကချင်တောင်တန်းများပေါ်တွင် မြေရှားဒြပ်စင်တူးဖော်ရေး သတ္တုတွင်းလုပ်ငန်းများ တစ်ဟုန်ထိုးမြင့်တက်လာရာ သတ္တုထုတ်လုပ်မှုမြင့်မားရေးအတွက် ဓာတုပစ္စည်းများကိုလည်း အလွန်အကျွံအသုံးပြုလာသည်။ အန္တရာယ်ရှိ ဓာတုပစ္စည်းများကို သုံး၍ မြေရှားသတ္တုဒြပ်စင်ကို အလွန်အကျွံတူးဖော်မှုများကြောင့် လူသေဆုံးမှုအပါအဝင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနောက်ဆက်တွဲ ဆိုးကျိုးများကို ဒေသခံများ ရင်ဆိုင်နေကြရသည်။

သို့သော် ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း၌ မြေရှားသတ္တုတူးဖော်မှုအပေါ် ဥပဒေဖြင့် ထိန်းချုပ်ခြင်းမရှိသလို ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုကို ကာကွယ်ရန် စံသတ်မှတ်ချက်များလည်း မရှိကြောင်း ဒေသခံတစ်ဦးက Global Witness ကို ပြောဆိုထားသည်။ မြေရှားသတ္တုတူးဖော်မှုကြောင့် ဘေးထွက်ဆိုးကျိုးများကို ဒေသခံလူထုက ဆိုးရွားစွာခံစားနေရပြီဖြစ်ကာ ဒေသ၏ ဂေဟစနစ်ကိုပါ ခြိမ်းခြောက်နေပြီဟု အစီရင်ခံစာက ဆိုသည်။ ပြည်သူ့စစ်များသည် တရုတ်ကုမ္ပဏီများ မြေသိမ်းရာမှာ အဆင်ပြေစေရန် ဒေသခံလူထုကို အကျပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

ဒေသခံတို့မှာ ချောင်းဆိုးခြင်း၊ ထုံကျဉ်ခြင်း၊ အရေပြားနှင့် ကျောက်ကပ်ရောဂါများ ရရှိခံစားနေရကြောင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းခွင်မှ အလုပ်ဆင်းပြီးနောက် မကြာခင်မှာပင် သေဆုံးသွားသည့် လုပ်သားနှစ်ဦးအခြေအနေကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သေဆုံးသွားသည့် သတ္တုလုပ်သားများမှာ အိမ်ထောင်ပြုပြီးခါစ အမျိုးသားတစ်ဦးနှင် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ ဖြစ်သည်။ နှစ်ဦးစလုံးမှာ ခန္ဓာကိုယ်အတွင်းပိုင်း ပေါက်ကွဲမှု၊ ဝမ်းဗိုက်တစ်ရှူးများ အလုပ်မလုပ်တော့ဘဲ အရည်များစုပြုံနေခြင်းစသော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များဖြစ်သော ဇနီး၊ မိခင်ဖြစ်သူတို့က Global Witness ကို ပြောသည်။

ဘီလီယံနှင့်ချီအဖိုးတန်သော မြေရှားသတ္တုတူးဖော်ရေးတွင် အသုံးပြုသည့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများသည် ငါးဖမ်းခြင်း၊ သောက်ရေအဖြစ် အသုံးပြုခြင်းစသော ဒေသခံတို့ မှီခိုအားထားရသည့် ချောင်းများအတွင်းသို့လည်း စိမ့်ဝင်နေသည်ကိုလည်း တွေ့ရကြောင်း Global Witness က ဆိုသည်။

ကချင်အထူးဒေသ (၁) သည် ရှားပါးမျိုးစိတ် ၁၅,၀၀၀ ခန့်၏ ဌာနေလည်းဖြစ်သည်။ ထိုဒေသရှိ ချောင်းများမှ ရေအရည်အသွေးကို နမူနာယူစစ်ဆေးကြည့်စဉ် အက်စစ်ဓာတ်နှင့် အရိုးပွရောဂါဖြစ်စေနိုင်သော အဆိပ်ဒြပ်စင် Arsenic ပါဝင်မှုမှာ မြင့်မားလျက်ရှိသည်ဟု Global Witness အစီရင်ခံစာက ဆိုသည်။

ယခင်က ချီဖွေချောင်းတစ်လျှောက် စပါးနှင့် သစ်ဥသစ်ဖုများစိုက်ပျိုးထားသည့် လယ်ကွင်းများ၊ အပင်နှင့် တောရိုင်းတိရိစ္ဆာန်များ ခြံရံထားသည့် ချီဖွေမြို့မှာ အဆိပ်အတောက်များနှင့် ပြည့်နေသော ရေနှင့် ပတ်ဝန်းကျင်ကြောင့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ အဆိပ်များစိမ့်ဝင်နေမှုနှင့် အနံ့ဆိုးများကြောင့် မြစ်ကမ်းအနီးနေထိုင်သူများမှာလည်း ရွှေ့ပြောင်းနေထိုင်နေရသည်။

မြေရှားသတ္တုပါဝင်သော အမြဲတမ်းသံလိုက်များသည် လျှပ်စစ်ကားများ (EV) နှင့် လေစွမ်းအင်သုံးတာဘိုင်စက်များတည်ဆောက်ရာတွင် အများဆုံးထည့်သွင်းအသုံးပြုနိုင်သည်။ အနောက်နိုင်ငံများတွင် အသုံးပြုနေသည့် လျှပ်စစ်ကားအများအပြားသည်လည်း မြန်မာပြည်က ထွက်ရှိသည့် မြေရှားသတ္တုကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသည်။

မြေရှားသတ္တုကို သတ္တုသန့်စင် ပြုပြင်ကြပြီးနောက် တရုတ်နိုင်ငံရှိ စက်ရုံများတွင် အမြဲတမ်းသံလိုက်များ ထပ်မံထုတ်လုပ်သည်။ ထို့နောက် အမြဲတမ်းသံလိုက်များကို EV ကားများ၊ လေစွမ်းအင်တာဘိုင်အပါအဝင် လူသုံးကုန်ပစ္စည်းများတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည်။

မြေရှားသတ္တုသည် ကမ္ဘာ့လူတို့၏ နေ့စဉ်သုံးပစ္စည်းများဖြစ်ကြသည့် ဖုန်း၊ ကွန်ပျူတာ လျှပ်စစ်ပစ္စည်းများတွင်လည်း ကုန်ကြမ်းအဖြစ် အသုံးဝင်သည်။ သို့သော် မြေရှားအဓိကထုတ်လုပ်ပေးသည့် ပန်ဝါဒေသအတွက်မူ ထုတ်လုပ်ပြီးမိုင်းတွင်းများသည် အန္တရာယ်များပြီး အသုံးမဝင်တော့သည့် မြေကြီးများကိုသာ ပေါ်ပေါက်လာစေသည်။

“မိုင်းတွင်းဟောင်းတွေက သူတို့ထားခဲ့တဲ့အတိုင်းပဲ ကျန်ခဲ့တာ။ တဲဟောင်းတွေ၊ ပိုက်တွေ၊ ပလတ်စတစ်တွေ အမှိုက်ပစ်သလို ပစ်သွားကြတာ။ မြေဆီမြေလွှာတွေမရှိတော့ရင် ဘာနဲ့သွားလုပ်စားရမှာလဲ။ ဘာမှ စိုက်ပျိုးလို့ရမှာ မဟုတ်တော့ဘူး” ဟု ပန်ဝါဒေသခံတစ်ဦးက ပြောလိုက်သည်။

Related Articles

Back to top button