စီးပွားရေး

စစ်ကောင်စီနှင့် မပတ်သက်လို၍ ထိုင်း PTT ကို နယ်သာလန်ကုမ္ပဏီ စွန့်ခွာ

ထိုင်းရေနံကုမ္ပဏီ PTT မှ နုတ်ထွက်ရခြင်းမှာ PTT သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်ဟု နယ်သာလန် Robeco စီမံခန့်ခွဲမှုကုမ္ပဏီက ပြောလိုက်သည်။

နယ်သာလန် Robeco စီမံခန့်ခွဲမှုကုမ္ပဏီသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိုင်းရေနံကုမ္ပဏီ PTT နှင့် ဆက်စပ်ကုမ္ပဏီအားလုံးမှ ယခုနှစ် မတ်လကုန်တွင် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

PTT လက်အောက်ခံ PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသလို စစ်ကောင်စီထိန်းချုပ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည်။

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်လာမည့် လက္ခဏာမတွေ့ရသလို PTTEP မှာ စစ်တပ်ထိန်းချုပ် MOGE နှင့် လက်တွဲဖြုတ်မည့်အလားအလာမရှိ၍ ထိုကဲ့သို့ဆုံးဖြတ်ကြောင်း Robeco က ဧပြီ ၂၉ တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

“PTTEP သည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းလည်ပတ်မှုများတွင် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းရန် ဆောင်ရွက်ခဲ့သည့် အထောက်အထားမရှိဟု ကျွန်ုပ်တို့ ကောက်ချက်ချပါသည်” ဟု ထိုထုတ်ပြန်စာတွင် ထည့်သွင်းရေးသားထားသည်။

ပဋိပက္ခ၏ သက်ရောက်မှုမြင့်မားသည့်ဒေသတွင် လူအခွင့်အရေးဆိုင်ရာ လုံ့လစိုက်ထုတ်စစ်ဆေးရေးအတွက် PTTEP နှင့် ဆွေးနွေးခဲ့သော်လည်း အနုတ်လက္ခဏာဆောင်သည့် ရလဒ်များထွက်ခဲ့ကြောင်း၊ PTTEP သည် MOGE နှင့် ဆက်စပ်သည့် သတင်းအချက်အလက်များကို ပေးစွမ်းနိုင်ခြင်းမရှိကြောင်း ကုမ္ပဏီက ဆိုသည်။

ယခုနှစ်ဆန်းတွင် ဆုံးဖြတ်ချက်ချသူတို့နှင့် တွေ့ဆုံရန် ကုမ္ပဏီဥက္ကဋ္ဌထံ စာရေးသားပေးပို့ခဲ့သော်လည်း တိုးတက်မှုမရှိဟု Robeco ကုမ္ပဏီက ဆိုသည်။ ထို့နောက် ဆွေးနွေးမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

စစ်တပ်နှင့် ပူးပေါင်းနေသည့် PTT နှင့် အဆက်သွယ်ဖြတ်ရန် Robeco ကုမ္ပဏီထံသို့ Blood Money (သွေးစွန်းငွေ) အဖွဲ့က ၂၀၂၃ နှစ်ကုန်နှင့် ယခုနှစ် ဇန်နဝါရီ ၂၈ တွင် စာနှစ်စောင်ပေးပို့ထားကြောင်း ကုမ္ပဏီဘက်က ဆိုသည်။

သွေးစွန်းငွေအဖွဲ့၏ တာဝန်ရှိသူ ကိုမိုက်က Robeco သည် ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်းတို့ထံ စာဖြင့် အသိပေးထားကြောင်း၊ နုတ်ထွက်မှုကို လူသိရှင်ကြားထုတ်ပြန်ရန် တောင်းဆိုထားကြောင်း ပြောသည်။

ထိုသို့ နုတ်ထွက်သဖြင့် PTT လည်း များစွာနစ်နာသွားမည်၊ နော်ဝေနိုင်ငံမှ အဖွဲ့ကြီးတစ်ခုကလည်း နုတ်ထွက်ထားသည်ဟု ကိုမိုက်က ပြောသည်။

“မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုရှိလို့ဆိုပြီးတော့ နော်ဝေရဲ့ ပင်စင်ရန်ပုံငွေပေါ့၊ ဒါသည် တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ဟာပေါ့၊ အဲ့ဒါနုတ်ထွက်သွားပြီးပြီ၊ နောက်ထပ်ကုမ္ပဏီက နုတ်ထွက်မယ်ဆိုတော့ သူ့အတွက် အများကြီးနစ်နာတယ်” ဟု ၎င်းက ဆိုသည်။ 

အဓိကရင်းနှီးမြှုပ်နှံသူမဟုတ်သော်လည်း Robeco သည် PTT ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။ ထို့ကြောင့် မြန်မာစစ်တပ်ကို မထောက်ပံ့ရေး PTT ကို ဖိအားပေးရန်၊ ဆက်ထောက်ပံ့ပါက နုတ်ထွက်ရန် တောင်းဆိုခဲ့ကြောင်း ကိုမိုက်က ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သော Norway’s Oil Fund က ယခုလ ၁၅ ရက်တွင် PTT ကုမ္ပဏီမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

“ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာစစ်တပ်အတွက် အကြီးမားဆုံးဘဏ္ဍာငွေအရင်းအမြစ် ဖြစ်နေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အကျိုးသက်ရောက်စေတဲ့အတွက်ပါပဲ” ဟု နော်ဝေကျင့်ဝတ်ရေးရာကောင်စီက ပြောဆိုခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ဒေါ်လာဘီလျံချီ ရနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ထိုဝင်ငွေဖြင့် လက်နက်နှင့် ကျည်ဆန်များဝယ်ယူကာ ပြည်သူလူထုအပေါ် ဖိနှိပ်သတ်ဖြတ်နေသည်ဟု ဆိုကာ ဓာတ်ငွေ့ဝင်ငွေများပိတ်ဆို့ရန် ပြည်တွင်းပြည်ပတက်ကြွလှုပ်ရှားသူများက ဖိအားပေးနေသည်။

စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာသည့်အခြေအနေများကြောင့် ပြင်သစ် Total နှင့် အမေရိကန် Chevron တို့အပါအဝင် နာမည်ကြီးရေနံကုမ္ပဏီများ ထွက်ခွာသွားကြသော်လည်း အိမ်နီးချင်းထိုင်းနိုင်ငံမှ PTTEP သည် ရေနံနှင့် စွမ်းအင်နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့နေသည်။

ရတနာစီမံကိန်းတွင် အမေရိကန် Chevron တို့အပါအဝင် ထွက်ခွာမှုအဆုံးသတ်ပြီးနောက် PTTEP နှင့် စစ်ကောင်စီထိန်းချုပ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့က ရှယ်ယာများလွှဲပြောင်း ရယူခဲ့သည်။

မြန်မာတွင် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းကြီး ၄ ခုရှိသည့်အနက် PTT ကုမ္ပဏီသည် ရတနာစီမံကိန်းတွင် ၆၂ ဒသမ ၉ ရာခိုင်နှုန်း၊ ရဲတံခွန်တွင် ၁၉ ဒသမ ၁၃၈ ရာခိုင်နှုန်းပိုင်ဆိုင်သလို ဇောတိကစီမံကိန်းတွင်လည်း အော်ပရေတာအဖြစ် လုပ်ကိုင်နေကာ စီမံကိန်း၏ ၈၀ ရာခိုင်နှုန်းပိုင်သည်။

ဇောတိကနှင့် ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ထိုင်းအစိုးရပိုင် PTTEP–PTT ရေနံတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီက စဉ်းစားနေသည်ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ Upstream သတင်းတွင် မတ်လ ၁၄ ရက်က ဖော်ပြသည်။

ထိုစီမံကိန်းများသည် ဓာတ်အားပေးစက်ရုံ ၁၁ ရုံအတွက် ဓာတ်ငွေ့များရရှိနေပြီး ထိုင်းနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ၁၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေခြင်းကြောင့် စီမံကိန်းရပ်ရန် မဖြစ်နိုင်ဟု PTTEP အမှုဆောင်အရာရှိချုပ် Montri Rawanchaikul က ပြောဆိုထားသည်။

Show More

Related Articles

Back to top button