သတင်း

စစ်ကောင်စီနှင့် မပတ်သက်လိုသောကြောင့် ထိုင်းရေနံကုမ္ပဏီမှ နော်ဝေနုတ်ထွက် 

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်သော PTT နှင့် PTTOR တို့မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သော Norway’s Oil Fund က ယခုလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထိုင်းနိုင်ငံပိုင် PTT ရေနံကုမ္ပဏီသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေပြီး PTT ၏လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော PTTOR သည်လည်း မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အကျိုးတူလုပ်ငန်းများရှိနေသည်။ 

ယခုနှစ် မေလအတွင်း နော်ဝေနိုင်ငံ၏ ကျင့်ဝတ်ရေးရာကောင်စီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၏ အကြံပြုချက်အတိုင်း ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီများမှ နုတ်ထွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာစစ်တပ်အတွက် အကြီးမားဆုံးဘဏ္ဍာငွေအရင်းအမြစ် ဖြစ်နေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အကျိုးသက်ရောက်စေတဲ့အတွက်ပါပဲ” ဟု နော်ဝေကျင့်ဝတ်ရေးရာကောင်စီ (Council of Ethnics) က ဆိုသည်။​

“မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အကူပြုစေတဲ့ ဘဏ္ဍာရေးအရအထောက်အပံ့ပြုနေတာပါ” 

အထက်ပါကောင်စီသည် နိုင်ငံတကာရှိ နော်ဝေရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံရှိ အထင်ကရ နော်ဝေရင်းနှီးမြှုပ်နှံလုပ်ငန်းကြီးတစ်ခုဖြစ်သော တယ်လီနောဆက်သွယ်ရေးကုမ္ပဏီလည်း အပါအဝင်ဖြစ်သည်။ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးကုမ္ပဏီမှာ မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားခဲ့သည်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ Norway’s Oil Fund ၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ PTT ရေနံကုမ္ပဏီတွင် အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂ သန်း၊ PTTOR ကုမ္ပဏီတွင် ၁၀ ဒသမ ၉ သန်းရှိသည်ဟု စစ်တပ်က၏ အကျိုးစီးပွားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ရှယ်ယာများတွင် အမေရိကန် ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည့် State Street နှင့် Bank of New York Mellon တို့လည်း ပါဝင်နေပြီး နော်ဝေရေနံရန်ပုံငွေအတိုင်း လိုက်ပါ လုပ်ဆောင်ရန် လိုကြောင်း JFM က ထောက်ပြထားသည်။ 

ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီက စစ်ကောင်စီနှင့် လက်တွဲကာ အကျိုးတူစီးပွားရှာနေခြင်းအတွက် ထိုင်းအစိုးရအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟုလည်း နော်ဝေကျင့်ဝတ်ရေးရာကောင်စီက ဆိုသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total နုတ်ထွက်သွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ထိုင်းနိုင်ငံပိုင် PTT က အော်ပရေတာ ဖြစ်လာခဲ့သည်။ ထို့ပြင် PTT မှာ ဇောတိကစီမံကိန်း၏ အော်ပရေတာလည်းဖြစ်ကာ မြန်မာ့ကမ်းလွန်၌ အခြားလုပ်ကွက်များလည်း ရရှိထားသည်။

ယင်း၏ကုမ္ပဏီခွဲဖြစ်သော PTTOR မှာ စစ်တပ်ပိုင် MEC နှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင် ဖြန့်ဖြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။​

ဗြိတိသျှရေနံကုမ္ပဏီ BP ၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ၆ ဒသမ ၇ ဘီလျံကုဗမီတာ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ၃ ဒသမ ၉ ဘီလျံကုဗမီတာ တင်ပိုခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ စုစုပေါင်းတင်ပို့မှုမှာ အင်ဒိုနီးရှားနှင့် အခြား အာရှပစိဖိတ်နိုင်ငံများထက် များပြားကြောင်း သိရသည်။​

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလျံ ဝင်ငွေရရှိနေပြီး အဆိုပါငွေများသည် MOGE မှတစ်ဆင့် အာဏာသိမ်းစစ်တပ်ထံ ရောက်ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button