သတင်း

မုတ္တမကမ်းလွန်ရှိ ရေနံသဘာဝဓာတ်ငွေ့စီမံကိန်းအားလုံး ထိုင်းကုမ္ပဏီများသိမ်းပိုက် 

မလေးရှားနိုင်ငံပိုင် Petronas ကုမ္ပဏီလုပ်ကိုင်နေသော ရဲတံခွန်စီမံကိန်း အော်ပရေတာသစ်အဖြစ် Gulf Petroleum ရရှိသွားပြီဖြစ်ရာ မုတ္တမကမ်းလွန်ရှိ ထုတ်လုပ်ဆဲ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းအားလုံးကို ထိုင်းကုမ္ပဏီများ သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ရဲတံခွန်စီမံကိန်းအော်ပရေတာဖြစ်သူ Petronas နှင့် အခြား နိုင်ငံတကာကုမ္ပဏီများ နုတ်ထွက်သွားပြီးနောက် အော်ပရေတာသစ်ရှာဖွေရေးအတွက် စစ်ကောင်စီက မေလအတွင်း တင်ဒါခေါ်ယူခဲ့ရာတွင် လျှောက်ထားသည့် ကုမ္ပဏီလေးခုအနက် ထိုင်းအခြေစိုက် Northern Gulf Petroleum ကုမ္ပဏီကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် နိုင်ငံတကာရေနံကုမ္ပဏီများ ထွက်ခွာမှုနှင့်အတူ မုတ္တမကမ်းလွန် ရေတိမ်ပိုင်းလုပ်ကွက်များဖြစ်သော M-5, M-6 (ရတနာ)၊ M-9 (ဇောတိက)၊ M-12, M-13, M-14 (ရဲတံခွန်) တို့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းသုံးခုလုံးကို ထိုင်းကုမ္ပဏီများသာ ဦးဆောင်သွားတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း ရတနာမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြင်သစ်ရေနံကုမ္ပဏီကြီး Total က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာပြီးနောက် ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီက အော်ပရေတာအဖြစ် လွှဲပြောင်းရယူခဲ့သည်။ ထိုင်းနိုင်ငံပိုင် PTT သည် ဇောတိကစီမံကိန်းအော်ပရေတာလည်းဖြစ်သည်။

အဆိုပါ စီမံကိန်းသုံးခုလုံးမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်း ဖြစ်ကာ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် ရတနာနှင့် ဇောတိကစီမံကိန်းနှစ်ခု၏ အော်ပရေတာဖြစ်သည့်ပြင် သဘာဝဓာတ်ငွေ့ဝယ်ယူသူလည်းဖြစ်သည်။

စစ်ကောင်စီလက်ထက်တွင် ရဲတံခွန်စီမံကိန်းအော်ပရေတာဖြစ်လာသူ Northern Gulf Petroleum မှာ ထိုင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် Gulf Petroleum Myanmar အမည်ဖြင့် ကုမ္ပဏီခွဲတစ်ခုကို ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် မှတ်ပုံတင်ထားသည်။ 

မြန်မာနိုင်ငံအောက်ပိုင်း မုတ္တမကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းတစ်ခုကို တွေ့ရစဉ်။ 

မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာမည့်အကြောင်း Petronas ကုမ္ပဏီက စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနနှင့် ကုမ္ပဏီဝန်ထမ်းများကို ပြီးခဲ့သည့်လအတွင်း အကြောင်းကြားခဲ့သည့်နည်းတူ အော်ပရေတာသစ်အဖြစ် Gulf Petroleum ရရှိသွားပြီဖြစ်ကြောင်း ဝန်ဆောင်မှုကုမ္ပဏီများ (Service Providers) ကို ယခုရက်ပိုင်းအတွင်း အသိပေးခဲ့သည်ဟု Petronas ကုမ္ပဏီဝန်ထန်းအချို့ထံမှ သိရသည်။

လွှဲပြောင်းရေးလုပ်ငန်းများ မစတင်မီ Petronas ကုမ္ပဏီအနေဖြင့် ရပ်နားထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်စရမည်ဖြစ်ကြောင်း Gulf Petroleum Myanmar ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်လှိုင်က ပြောသည်။ 

“Petronas က ထုတ်လုပ်ရေးရပ်ထားတယ်။ သူတို့ အဲဒါကို ပြင်ရမယ်။ ပြင်ပြီးမှ ကျွန်တော်တို့က လွှဲယူလို့ရမှာကိုး။ ကျွန်တော်တို့ကိုတော့ လွှဲပြောင်းဖို့အတွက် ဝန်ကြီးဌာနကနေ စာထုတ်ပေးလိုက်ပြီပေါ့။ ဒါပေမဲ့လည်း အလုပ်သဘောအရ MIC (ရင်းနှီးမြှုပ်နှံမှုကော်မရှင်) တို့ ဘာတို့ ပြန်တင်ရမှာပေါ့” ဟု ၎င်းက ဇွန် ၁၆ ရက်တွင် ပြောသည်။ 

လတ်တလော ရဲတံခွန်စီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ၎င်းတို့ကုမ္ပဏီသာရှိပြီး အခြားရင်းနှီးမြှုပ်နှံသူများ မရှိကြောင်း၊ Gulf Petroleum Myanmar ကသာ လုပ်ငန်းလည်ပတ်သွားမည်ဖြစ်ကြောင်းလည်း ဦးကျော်ကျော်လှိုင်က ဆိုသည်။

ရဲတံခွန်စီမံကိန်းကို လွှဲပြောင်းရယူရေးအတွက် Petronas ကုမ္ပဏီနှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ညှိနှိုင်းနေခြင်းဖြစ်သော်လည်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် Total ကဲ့သို့သော နိုင်ငံတကာရေနံကုမ္ပဏီများ ထွက်ခွာသွားပြီးနောက် မလေးရှားကုမ္ပဏီက နုတ်ထွက်မည်ဖြစ်ကြောင်း ရုတ်တရက်ကြေညာခဲ့သည့်အတွက် အချိန်တစ်လသာ ရကြောင်းလည်း သိရသည်။ 

စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “အခုလောလောဆယ် စိစစ်တဲ့အခြေအနေပဲ ရှိသေးတယ်။ လွှဲပြောင်းမဲ့အခြေအနေပဲ ရှိသေးတယ်။ အကုန်လုံးထွက်သွားတဲ့အတွက်ကြောင့် MOGE ကို လွှဲပြောင်းရေး အရင်လုပ်ရဦးမှာ” ဟု ဖြေကြားသည်။

မြန်မာ့ကမ်းလွန်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံတကာရေနံကုမ္ပဏီများ နုတ်ထွက်ခြင်းနှင့်အတူ အာဏာသိမ်းစစ်ကောင်စီအတွက် အကြီးဆုံးနိုင်ငံခြားငွေအရင်းအမြစ်ဖြစ်သော နိုင်ငံပိုင် MOGE ကိုလည်း ပြီးခဲ့သည့်မတ်လတွင် ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူခဲ့သည်။

ရဲတံခွန်စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရေး စစ်ကောင်စီက တင်ဒါခေါ်ယူရာတွင် ကုမ္ပဏီလေးခုသာ လျှောက်ထားရာ ၎င်းတို့မှာ Gulf Petroleum Myanmar အပြင် တရုတ်နိုင်ငံပိုင် CNPC နှင့် မြန်မာကုမ္ပဏီများဖြစ်သော Yetagun Myanmar Energy, Union Capital တို့ဖြစ်ကြောင်း သိရသည်။

Petronas ကုမ္ပဏီဝန်ထမ်းအချို့နှင့် နီးစပ်သူများအဆိုအရ ရဲတံခွန်စီမံကိန်းကို ပါဝင်လျှောက်ထားသည့် Yetagun Myanmar Energy ကုမ္ပဏီမှာ တယ်လီနောမြန်မာကို ဝယ်ယူခဲ့သူ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ပိုင်ဆိုင်သည်ဆိုသော Yetagun Myanmar Energy ကုမ္ပဏီကို ပြီးခဲ့သည့်မေလလယ်ပိုင်းတွင် တက်သုတ်ရိုက် မှတ်ပုံတင်ထားခြင်းဖြစ်သည်။ 

စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုရှိသော ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က တယ်လီနောမြန်မာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပူးပေါင်းဝယ်ယူပြီးနောက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအထိ ခြေလှမ်းကျဲလာခြင်းဖြစ်သည်။ 

ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်မှာ လက်ရှိတွင်လည်း မလေးရှားနိုင်ငံပိုင် Petronas ကုမ္ပဏီထုတ် စက်ချောဆီ (Lubricant) များ ပြည်တွင်းသို့ တင်သွင်းဖြန့်ဖြူးလျက်ရှိသည်။

“သိသလောက် ရွှေဗျိုင်းဖြူက Petronas downstream (ရေနံထွက်ပစ္စည်းလုပ်ငန်း) နဲ့ တော်တော် အလုပ်ဖြစ်နေတယ်။ နောက်ပိုင်း ဆီဆိုင်တွေဘာတွေတောင် ဖြစ်လာနိုင်တယ်။ Petronas အရင်ရုံးဟောင်းနေရာ အမှတ် ၁၆ ရွှေတောင်ကြားခြံပိုင်ရှင်ကလည်း ဦးသိန်းဝင်းဇော်ပဲလေ” ဟု Petronas ကုမ္ပဏီ ဝန်ထမ်းဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

အာဏာသိမ်းစစ်တပ်ကြောင့် ပြည်သူလူထု အတိဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီကို ငွေကြေးထောက်ပံ့မည့်ကုမ္ပဏီများကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အတွင်းဝန် ဦးထက်နိုင်ဦးက ပြောသည်။

“ပြည်သူ့သဘောထားနဲ့ ဆန့်ကျင်ပြီး ပြည်သူတွေကို ဒုက္ခပေးဖို့ ငွေတွေလာပေးမယ်ဆိုရင်တော့ လုပ်သင့် မလုပ်သင့် အဲဒီကုမ္ပဏီတွေအနေနဲ့ သေသေချာချာ စဉ်းစားတွေးတောသင့်တယ်။ NUG က ထုတ်ပြန်ထားတဲ့ အကြမ်းဖက်ဥပဒေနဲ့လည်း ငြိစွန်းနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။​

မြန်မာနိုင်ငံတွင် ထုတ်လုပ်ဆဲ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုသာရှိပြီး ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချလျက်ရှိသည်။

ယခုအခါ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံအောက်ပိုင်း မုတ္တမကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းသုံးခုလုံးကို ထိုင်းကုမ္ပဏီများကသာ ဦးဆောင်လုပ်ကိုင်မည်ဖြစ်ကာ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ထိုင်းသို့ တင်ပို့ရောင်းချရာတွင်လည်း ထိုကုမ္ပဏီများသာ ခြယ်လှယ်ခွင့်ရှိမည် ဖြစ်သည်။

အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိသည့် ထိုင်းပုဂ္ဂလိကကုမ္ပဏီ Gulf Petroleum က ရဲတံခွန်စီမံကိန်းတွင် ရာခိုင်နှုန်းမည်မျှထိ ပိုင်ဆိုင်ခွင့်ရမည်ကို အတိအကျ မသိရသေးသော်လည်း ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် ဇောတိကစီမံကိန်းတွင် ၈၀ ရာခိုင်နှုန်း၊ ရတနာစီမံကိန်းတွင် အော်ပရေတာမဖြစ်မီကတည်းက ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button