(စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်များ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)
ပြီးခဲ့တဲ့ မြန်မာတို့နှစ်ကူးသင်္ကြန်ပွဲကို မြို့ကြီးများရဲ့ မြို့တော်ခန်းမတွေရှေ့မှာ စစ်ကောင်စီက ဗဟိုမဏ္ဍပ် ဆောက်ပြီး ရေကစားနေပေမဲ့ စစ်ကိုင်းတိုင်းရဲ့အုပ်ချုပ်ရေးမြို့ မုံရွာရဲ့ မြို့တော်ခန်းမရှေ့မှာတော့ သံဆူးကြိုးတွေ အထပ်ထပ်၊ ဘန်ကာတွေအဆင့်ဆင့်နဲ့ ပိတ်ဆို့တားဆီးထားပါတယ်။
မုံရွာမြို့တော်ခန်းမရှေ့ လူသူအသွားအလာထူထပ်ဆုံး အစည်ကားဆုံး မြို့လယ် အဓိကလမ်းမကြီးကို စစ်ကောင်စီက ပိတ်ဆို့ထားတာ သုံးနှစ်ကျော်ရှိခဲ့ပါပြီ။ အတိအကျပြောရရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းကပါ။
အာဏာသိမ်းတာကို မုံရွာလူထုက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ စတင်ဆန္ဒပြပြီး နောက်ရက်မှာတော့ လူပေါင်းသိန်းချီ လမ်းမပေါ်ထွက်လာတာကို စစ်ကောင်စီက ထိတ်လန့်ပြီး လူငါးဦးထက် ပိုမစုဝေးရ၊ ညမထွက်ရ ဒေသန္တရအမိန့် ပုဒ်မ ၁၄၄ ကို ရက်အကန့်အသတ်မရှိ ထုတ်ကာ မြို့ရဲ့ကျက်သရေဆောင် မြို့တော်ခန်းမကိုလည်း စစ်ကြောရေးစခန်းအဖြစ် ပြောင်းလဲပစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ ကျောင်းသားသမဂ္ဂအဖွဲများ၊ ဒီချုပ်အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့၊ အရပ်ဘက်အဖွဲ့များ ပူးပေါင်းပြီး မုံရွာမြို့နယ်လုံးဆိုင်ရာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကို ဖွဲ့ပြီး တုံ့ပြန်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ မြန်မာနိုင်ငံရဲ့ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီရုံး (လူငယ်စင်တာ) ကို စစ်ကောင်စီက သော့ဖျက်ဝင်စီးရှာဖွေပေမဲ့ လူငယ်တွေကို မဖမ်းမိဘဲ ရပ်ကွက်နေ လူတချို့ကိုသာ ဖမ်းမိပြီး မြို့တော်ခန်းမမှာ စတင်စစ်ဆေးခဲ့ကြတာပါ။
ဒီလိုနဲ့ပဲ မုံရွာမြို့လယ်မှာ ငရဲခန်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
“မြို့တော်ခန်းမကို ဘာလို့စစ်ကြောရေးစခန်းလုပ်ခဲ့တာလဲ”
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူထုကို နှိမ်နင်းဖို့၊ စစ်ဆေးဖို့ မုံရွာမြို့တွင်းမှာရှိတဲ့ ရဲစခန်းနှစ်ခုနဲ့ မလုံလောက်နိုင်တာမို့ စစ်တပ်က စစ်ဆေးရေးအထိုင်ချစခန်းတစ်ခု ရှာဖွေခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ကို ကိုယ်တွယ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာ မုံရွာမြို့မြောက်ဘက် ၈ မိုင်ခန့်အကွာ အလုံရပ်မှာ ရှိတာပါ။ စစ်အခြေစိုက်စခန်းနဲ့ မြို့ဟာ ဝေးကွာတာမို့ ၎င်းတို့ရဲ့သွားလာရေး၊ လုံခြုံရေးနဲ့ စစ်ကြောရေး အဆင်ပြေတဲ့ မြို့တော်ခန်းမကို စစ်ကောင်စီက မျက်စိကျခဲ့တာဖြစ်ပါတယ်။
မြို့တော်ခန်းမဟာ မုံရွာ-ရေဦး မိန်းကားလမ်းမ (ဗိုလ်ချုပ်လမ်း) ပေါ်၊ ရုံးကြီးရပ်၊ ဆူးလေကုန်းရပ်၊ ဒေါနခြံရပ်ကွက်တို့ကြား ရှိပါတယ်။ ခန်းမအနီး မိန်းလမ်းမပေါ်မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ရှိပြီး ကြေးရုပ်အောက်တည့်တည့်မှာပဲ သဲအိတ်ဆင့်ဘန်ကာနဲ့ အချိန်ပြည့်ကင်းစောင့်စစ်သား ရှိပါတယ်။
ခန်းမကို သွားရာ မုံရွာနာရီစင်နဲ့ ဗိုလ်ချုပ်ကြေးရုပ်ကြားမှာ အင်းဝဘဏ်၊ ဖန်တက်စီ စားသောက်ဆိုင်၊ အရှေ့လေးထပ်ဘုန်းကြီးကျောင်း၊ သစ်ဆန်း အီလက်ထရောနစ်ဆိုင်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ဟိုတယ်ချင်းတွင်း၊ အထက (၃) ကျောင်း၊ ကမ္ဘောဇဘဏ်၊ AGD ဘဏ်၊ မက်သဒစ်အသင်းတော် တိုက်တန်းတွေ ရှိတာပါ။
မြို့တော်ခန်းမဧရိယာဟာ ဘောလုံးကွင်းတစ်ကွင်းစာမျှ ကျယ်ပြီး မြို့မရဲစခန်း၊ ရဲအရာရှိရိပ်သာတို့နဲ့ ဆက်စပ်နေပါတယ်။
ဆိုလိုတာက မြို့တော်ခန်းမဝန်းကျင်ဟာ မြို့လယ်ဖြစ်ပေမယ့် လူနေအိမ်အနည်းငယ်သာရှိပြီး ဘာသာရေးအဆောက်အဦတွေ၊ ရဲစခန်းပိုင်၊ ဘာသာရေးအသင်းပိုင် အငှားဈေးဆိုင်တိုက်ခန်းတွေနဲ့ ဘဏ်အချို့သာ ရှိတာကြောင့် အလွယ်တကူခိုအောင်းတိုက်ခိုက်ခံရမှု ကင်းနိုင်တဲ့အတွက် စစ်ရေးအမြင်နဲ့ ရွေးချယ်ခဲ့တာပါ။
ခန်းမကိုအပေါ်စီးကအုပ်မိုးမြင်နိုင်တဲ့ ၈ ထပ်အဆောက်အဦ ပုဂ္ဂလိကပိုင် ဟိုတယ်ချင်းတွင်း အပါ အဝင်၊ ဘဏ်တွေ၊ရောင်းအားကောင်း ဆိုင်ခန်းတွေကတော့ စစ်ကြောရေးစခန်းကြောင့် ပိတ်ခဲ့ရပါ တယ်။ အဲဒီနောက်မှာတော့ လူစည်ကားရာမြို့လယ်ဟာ တစပြင်လို့ တိတ်ဆိတ်ခြောက်သွေ့လာခဲ့တယ် လို့ မြို့ခံတွေက ဆိုပါတယ်။
“မြို့ရဲ့အလှအပ ကျက်သရေဆောင်ခန်းမကို သူတို့အာဏာတည်မြဲရေးစစ်ကြောရေးစခန်း လုပ်တာက အလှူအိမ်မှာ အသုဘအခမ်းအနားကျင်းပနေသလိုပဲ” လို့ ဒီမိုကရေစီအရေးကူညီသူများ ကွန်ရက် (HPD) ကို တည်ထောင်ခဲ့ သူ မုံရွာမြို့ခံ ကိုစိုးဝင်းဆွေက မှတ်ချက်ပြုပါတယ်။
“ငရဲခန်းရဲ့မစ်ရှင်များ”
ဆန္ဒပြလူထုကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ အထိုင်ချထားတဲ့ မုံရွာမြို့လယ် မြို့တော်ခန်းမ စစ်ကြောရေး စခန်းဟာ ရေတိုမဟုတ်တော့ဘဲ ယခုထက်တိုင်ရှိနေရခြင်းက စစ်ကိုင်းတိုင်းနဲ့ မုံရွာလူထုရဲ့ တော်လှန်မှု အဟုန်ကြောင့်ပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်က လှုပ်ရှားနေကြတဲ့ ကာကွယ်ရေးတပ်တွေအပြင်၊ ကြုံ သလို လှုပ်ရှားကြတဲ့ ပြောက်ကျား မြေအောက်လူငယ်အဖွဲ့တွေ၊ ထောက်ပို့တွေ၊ ကင်းထောက်တွေ၊ CDM ဝန်ထမ်းတွေကို “နေ့မှာစုံစမ်း ညမှာဝင်ဖမ်း “ပုံစံနဲ့ စစ်ကြောရေးစခန်းမှာရှိတဲ့ အင်အား ၆၀ ခန့် အဖွဲ့က လုပ်ဆောင်နေကြတာ လို့ စုံစမ်းသိရပါတယ်။
ခန်းမတောင်ဘက်မှာ စစ်ကား ၆ စီး အသင့်အနေထားရပ်ထားပြီး၊ ဒါဗယ်ကပ် ကင်းလှည့်ယာဉ် ၃ စင်း၊ အချုပ်ကား ၄ စင်း က မြို့မရဲစခန်း (အမှတ်-၁ ရဲစခန်း)ထဲမှာ စတည်းချပါတယ်။ ခန်းမတွင်း စစ်ကြောရေးအဖွဲ့ကို ဗျူဟာမှူးတစ်ဦးက ဦးဆောင်ပြီး စရဖ၊ စသုံးလုံး၊ ရဲသတင်းအထူးတပ်ဖွဲ့တို့က အလှည့်ကျ စစ်ဆေးနေကြတာ ဖြစ်ပါတယ်။
သတင်းပေးအဖွဲ့က ရရှိလာတဲ့အချက်အလက်တွေကိုအခြေခံပြီး ဖမ်းဆီးရေးအဖွဲ့က အင်အားသုံး ဖမ်းဆီးရမဲ့သူ၊ အရပ်ဝတ်လူနည်းစုနည်းစုက ရှောင်တခင်ဖမ်းဆီးရမယ့်သူတို့ကို ခွဲခြားပြီး ဖမ်းနေတာ လို့ ခန်းမလုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းထိုးစဉ် အရှင်ဖမ်းဆီးရမိတဲ့သူတွေကိုလည်း နောက်ဆက်တွဲတွေ ဖော်ထုတ်ဖို့ ခန်းမ စစ်ကြောရေးစခန်းကို ပို့ပါတယ်။ လူထုလှုပ်ရှားမှုတွေရှိတဲ့ နှစ်ငါးလုံးသပိတ်၊ အသံတိတ် သပိတ်၊ ပန်းသပိတ်၊ နေအိမ်အပြင် ထွက်သပိတ်၊ ဆဲဗင်းဇူလိုင်နေ့၊ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ စတဲ့ ထူးခြားတဲ့အထိမ်းအမှတ်နေ့တွေဆို အသွင်ယူ ဖမ်းဆီးမှုတွေလုပ်ပြီး ဒါကို “ အမဲလိုက်တာ” လို့ စစ်အုပ်စုက ခေါ်ကြပါတယ်။
စစ်ကြောရေးမှာ အနုစား နှိပ်စက်မှုများ၊ စိတ်ဓာတ်စစ်ဆင်မှုများ၊ အကြမ်းစားနှိပ်စက်စစ်ဆေးမှုများ ကို ၎င်းတို့ စိတ်အခြေအနေ၊ ဗျူဟာမှူး မရှိခိုက်အခြေအနေများမှာ ထင်သလိုလုပ်ကြတယ်လို့ ကံကောင်းထောက်မစွာ လွတ်မြောက်လာသူများက ပြောဆိုပါတယ်။
အနုစားစစ်ကြောရေးက ခြေသလုံးကို မျဉ်းတံနဲ့သွေးစိမ်းရှင်ရှင်ထွက်အောင် လှိမ့်တာ၊ ဖယောင်းစက် ချတာ၊ ဝါးကြောစိမ်းနဲ့ အသားကိုဖြဲတာ၊ ကျဉ်စက်နဲ့တို့တာတို့ ဖြစ်တယ်လို့ နှိပ်စက်ခံရသူတွေက ဖွင့်ဟပါတယ်။
“အဲဒီထဲရောက်သွားရင် သူတို့ကို လူသားလို့မြင်ဖို့ထက် ကိုယ်ကိုယ်တိုင်ကလည်း လူမှ ဟုတ်သေးရဲ့ လား ထင်မိတယ်။ ဘယ်နေ့ သေမလဲပဲ တွေးနေရတာ “လို့ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်မှ မုံရွာမြို့ဈေးရောင်းလာစဉ် ခန်းမရှေ့ဖြတ်သန်းမိ၍ တစ်ပတ်ကျော်ကြာ ဖမ်းဆီးစစ်ဆေးခံရသူက ပြောပါတယ်။
“ငရဲခန်းမှ အော်သံများ”
နန္ဒဝန်ရပ်မှ အသက် ၅၀ အရွယ် ဦးဥက္ကာ (အမည်လွှဲ) ဟာ ၂၀၂၁ ခုနှစ်အတွင်း ဆန္ဒပြပွဲက အပြန် ဖမ်းဆီးခံရတယ်၊ မျက်နှာဖုံးစွပ်ကာ နေအိမ် တစ်ခုသို့ခေါ်သွားပြီး ကနဦး ကန်ကျောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် မြို့တော်ခန်းမကို ခေါ်သွားပြီး ကိုယ်တုံးလုံးချွတ်ကာ ဝိုင်းဝန်းရိုက်နှက် ခံရပါတယ်။
ပုခုံးမှာ ထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို ရေနွေးနဲ့လောင်းဖျက်ကြပြီး “ မင်းတို့ ကိုးကွယ်နေတဲ့ မိန်းမကြီးတောင် ငါတို့အောက်မှာ” ဆိုပြီး ဆဲဆိုရိုက်ကြကြောင်း သူက နောက်ပိုင်းမှာ မိသားစုကိုပြောပြခဲ့တာပါ။
ထောင်က လွတ်ပြီး မကြာခင်နေအိမ်ကို စစ်ကား ၅ စီးနဲ့ ဒုတိယအကြိမ်ဝင်စီးပြီး ထပ်မံ ဖမ်းခံရပါတယ်၊ အခု သူ့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားမှန်း မိသားစုက မသိရဘူးလို့ ဆိုပါတယ်။
“ပထမအကြိမ်ဖမ်းတုန်းက အချုပ်ကားပေါ်လူတွေအများကြီးပစ်တင်ပြီး နေပူထဲ ဒီတိုင်း ပစ်ထားကြ တာ၊ တချို့ သတိလစ်ကုန်တယ်။ အထဲက ဝိုင်းအော်မှ ဖွင့်ပေးတာ။ ခန်းမရောက်တော့ ဧပြီလ နေပူကြီးထဲမှာ ဂျင်းကျောက်တွေ အောက်မှာခုပြီး ဒူးထောက် ကြိုးတုပ်နေလှန်းထားတာ အများကြီးပဲ တဲ့။ ဆေးလိပ်မီးတွေနဲ့လည်းထိုးတယ်“လို့ သူ့ဦးလေး ဦးဥက္ကာဖြစ်စဉ်ကို တူမဖြစ်သူက ပြန်ပြောပြ ပါတယ်။
သူငယ်ချင်းဖြစ်သူ PDF ကို ငွေကြေးကူညီမှုဖြင့် ဖမ်းဆီးခံရဖူးသူ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးက လက်ရှိတော်လှန်ရေးအဖွဲ့ထဲ ရောက်ရှိနေပါတယ်။
“သုံးရက်လောက် မအိပ်ရဘဲ ညီမ အစစ်ခံရတယ်၊ မျက်နှာက အုပ်စွပ်ထားတော့ လူတွေကို မသိဘူး။ ရင်သားတွေကိုညှစ်ပြီး နင့်ကောင်တွေနေတဲ့နေရာ မပြောရင် နင့်ကို လုပ်မယ်နဲ့ ပြောတာ။ ညီမတကယ် ဘာမှမသိဘူးဆိုတာ သေချာမှ အလုပ်မခံရတာ၊ ပေါင်ကြားလည်း ဖြဲပြီး ကန်တာ၊ သေမတတ်ပဲ ’’လို့ သူက ဖွင့်ဟပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ နေအိမ်တွေစစ်ဆေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ သခင်ကိုယ်တော်မှိုင်း ဓာတ်ပုံ၊ NLD ပါတီအလံတွေ တွေ့ရင် ဖြုတ်ချ၊ ခြေထောက်နဲ့နင်းကြပြီး အကြမ်းဖက်နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကြောင်း၊ နေအိမ် ချိပ်ပိတ်တဲ့အထိ ပြုလုပ်ကြောင်း ကာယကံရှင်များက ပြောပါတယ်။
စစ်ကြောရေးကို ပို့ခံရသူတဲ့သူတွေက ဆန္ဒပြရာမှာ ပါဝင်ထားသူ၊ NUG PDF CRPH နဲ့ ပတ်သက်တယ် လို့ စွပ်စွဲခံရသူ၊ တိုင်းရင်းသားနယ်မြေတွေမှာ စစ်သင်တန်းတက်ခဲ့သူ၊ ကမ္ဘာမကြေဘူး တက်တူး ထိုးထားသူ၊ ဖောက်ခွဲရေးလုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံရသူ၊ လက်ကိုင်ဖုန်းမှာ ၎င်းတို့မသင်္ကာတဲ့ အချက်များတွေ့ရှိသူများ၊ ဖမ်းဆီးခံရသူများမှတဆင့် ထွက်ဆိုသော ဆက်စပ်သူများ ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မုံရွာ၊ချမ်းမြဝတီရပ်က ၁၈ နှစ်အရွယ် PDF လူငယ်တစ်ဦးကတော့ သူ့အမေ နေမကောင်းလို့ အိမ်ခေတ္တ ပြန်လာစဉ် ညတွင်းချင်း ဖမ်းခံရပြီး မနက်ပိုင်း စစ်ကြောရေးမှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။
“သေတာတောင်မသိဘူး၊ ဆေးရုံရင်ခွဲရုံမှာ အလောင်းထုတ်ပြီး မြေမြုပ်ဖို့လုပ်တဲ့ လူမှုကူညီရေးအဖွဲ့က ရိုက်ထားတဲ့ ဓာတ်ပုံကြောင့်သာ ကိုယ့်ကလေးမှန်း သိရတာ၊ မရိုသေ့စကား ယောကျာ်းအဂ်ါကို ထုချေလုပ်ထားကြတာ၊ ရင်နာလို့မဆုံးဘူး” လို့ အဒေါ် ဖြစ်သူက မျက်ရည်များနဲ့ပြောပြပါတယ်။
စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့ အရေအတွက်ကို အတိအကျ မသိရပေမယ့် နောက်ပိုင်းအလောင်း တွေကို ဆေးရုံပို့ လူမှုကူညီရေးအသင်းတွေ အကူအညီနဲ့မြေမြုပ်ခိုင်းတာတွေ မလုပ်တော့ဘဲ သုသာန် ကို တိုက်ရိုက်ပို့ဆောင် မြေမြှုပ်ခိုင်းတာလို့ စုံစမ်းသိရပါတယ်။
အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးခံရတဲ့သူတွေ စစ်ကြောရေးစခန်းမှာ သေဆုံးရင် နယ်ထိန်းရဲကနေ တဆင့် မိသားစုထံ အကြောင်းကြားစေခဲ့ပေမယ့် ၂၀၂၃ ခုနှစ် နှစ်လယ်လောက်က စလို့ အကြောင်းမကြားတော့ဘူးလို့ အမည် မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ညမထွက်ရအမိန့်” ထုတ်ထားတဲ့ မုံရွာမှာ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း လူမှုရေးအသင်းတွေ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ရရတဲ့ ပိုင်ရှင်မဲ့ အမျိုးသား အမျိုးသမီး အလောင်း ၂၀၀ နီးပါး ရှိကြောင်း Voice of Myanmar သတင်းဌာနက ဖော်ပြထားပါတယ်။ စစ်ကြောရေးစခန်းမှာ အသတ်ခံရသူ အရေအတွက် ဘယ်လောက် ပါဝင်သလဲ မသိရပါဘူး။
မတ် ၂၈ ရက်က မုံရွာဆန္ဒပြပွဲ ဖြိုခွင်းမှုမှာ သေဆုံးသွားတဲ့ သူနာပြုဆရာမ မသဉ္ဇာဟိန်း (၁၉ နှစ်) ရဲ့ ရုပ်အလောင်းကို ဆန္ဒပြပွဲ အစောပိုင်းကာလဖြစ်လို့ ဇာတိ ကနီမြို့နယ် သလင်းရွာသို့ နောက်တစ်နေ့ နံနက်မှာ သယ်ဆောင် ခွင့်ပြုခဲ့ပါတယ်။
NLD ပါတီစည်းရုံးရေးတွေမှာ ကူညီခဲ့တဲ့ မြို့ရဲ့လူချမ်းသာစာရင်းဝင် သားအဖနှစ်ဦးဟာ ၂၀၂၂ ခုနှစ်မှာ အကြမ်းဖက်အဖွဲ့များနဲ့ဆက်နွှယ်မှုသံသယနဲ့ နေအိမ်မှာ ဖမ်းခံရပြီး ခန်းမစစ်ကြောရေးမှာ မသေရုံတစ်မည် နှိပ်စက်ခံရတယ်လို့ မိသားစုဝင်က ပြောပါတယ်။
လက်ရှိအချိန်မှာ ထောင်ကျနေတာဖြစ်ပြီး စစ်ကြောရေးမှာ ရခဲ့တဲ့ဒဏ်ရာတွေကို သေသေချာချာ ကုသခွင့်မရဘူးလို့ ပြောပါတယ်။
“သားအဖ နှစ်ယောက်လုံးကို ကြိုးတုပ်ပြီး ကွင်းပြင်မှာ ဓာတ်ဆီလောင်း မီးရှို့နေတုန်း ခန်းမအပြင်ဘက်က ဘန်ကာကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး သဘောကောင်းတဲ့ စစ်သားတစ်ယောက်က မီးငြှိမ်းပြီး ခင်များတို့ ထတော့၊ ကိုယ့်ဟာနေကိုယ်နေကြ ပြောလို့ သေဘေးက လွတ်ခဲ့ရတာ” လို့ မိသားစုဝင်က ပြောပါတယ်။
လူသစ်ဖမ်းဆီးလာတဲ့နေ့ဆို စစ်သားတွေက ကခုန်ပြီး “မိတ်ကပ်လိမ်းပေးရမယ့် လူသစ်တွေ ရောက်ပြီ” လို့ ပြောဆိုတတ်ကြောင်း လွတ်မြောက်လာသူတွေက ဆိုပါတယ်။
ထောင်မကျ၊ အသက်မသေဘဲ လွတ်လာသူတချို့ကလည်း စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ ညမှောင်ရင် ကြောက်လန့်တာတွေ၊ တစ်ဦးတစ်ယောက်တည်း ထိုင်ငေးနေတာတွေ ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“ကျုပ်ယောကျ်ား မုံရွာကို ခရမ်းချဉ်သီးသွားရောင်းရင်း ခန်းမရှေ့ ဖြတ်မိလို့ ဖမ်းခံရတယ်၊ ငွေပေးပြီး ထုတ်ခဲ့ရတာ၊ ဗုံးလာထောင်တဲ့သူဆိုပြီး ရိုက်နှက်ကြတာ၊ ပြန်လွတ်လာတော့ သူ့ကလေးတွေတောင် မမှတ်မိဖြစ်နေလို့ ဆေးကုပေးနေရတာ” လို့ဆားလင်းကြီးမြို့နယ်က အမျိုးသမီးက ပြောပါတယ်။
စစ်ကြောရေးရောက် အမျိုးသမီးကြီးငယ်မရွေးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တွေဆိုရင် လိင်ပိုင်းစကား စော်ကားတဲ့ စကားတွေနဲ့ အပြုအမှုတွေ ကျူးလွန်တာတွေရှိတယ်လို့ တော်လှန်ရေးအဖွဲ့များထံက သတင်းစကားသိရပေမဲ့ တွေ့ကြုံခဲ့တဲ့ကာယကံရှင်တချို့က ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ကြပြီး ရင်းနှီးသူများကတစ်ဆင့် ပြန်လည်ပြောဆိုတာကိုသာ ကြားခဲ့ရပါတယ်။
နိုင်ကျဉ်းဟောင်း အမျိုးသမီးတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတဲ့ သူ့သူငယ်ချင်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
“ညီမ သူငယ်ချင်းဆို ဆန္ဒပြတုန်းက ဖမ်းခံရတာ၊ သူ ထွက်လာတော့ ရင်ဖွင့်တယ်။ သူ့ဖုန်းထဲမှာ သူ့ကောင်လေးနဲ့ အတူနေတဲ့ ဗီဒီယိုဖိုင်တွေ သူတို့က ရသွားတယ်၊ ညည မူးပြီဆိုခေါ် စစ်သလိုလိုနဲ့ အဲဒီထဲကအတိုင်း နေပေးဖို့ ပြောတယ်တဲ့၊ သူလွတ်ခဲ့လို့ အပြင်ကို ရောက်လို့ ပြန်ပြောရင် ဒီဗီဒီယိုတွေ ဖြန့်ပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ သူထွက်လာတော့ ညဆို အိပ်ဆေးတွေ သောက် သောက်အိပ်ရတာ၊ သူ့ကိုယ်သူသတ်သေတာတွေ မလုပ်အောင် ညီမတို့က သူ့ကို ဖျောင်းဖျရတယ်၊ အခု သူ အိမ်က ပျောက်သွားတာ၊ ရှာလည်းမတွေ့တော့ဘူး” လို့ သူက ဆိုပါတယ်။
အသားဖြူခပ်နွဲ့နွဲ့ ယောကျာ်းလေးများကို စစ်ဆေးစဉ် မာကျောတဲ့အရာနဲ့ စအိုထဲ ထိုးသွင်းတယ်၊ ၎င်းတို့၏ လိင်တံကို ကိုင်ပြတာမျိုးလုပ်တယ်လို့ ထောင်က လွတ်လာသူက ပြောပါတယ်။
စစ်ကြောရေးအကြောင်းပြောပြသူများက ၎င်းတို့နာမည် နေရပ်တွေကို လွှဲပြောင်းဖော်ပြပေးဖို့ ပြောဆိုကြပြီး ထပ်မံဖမ်းခံရမည်စိုးလို့ ထိမ်ချန်ပြောဆိုကြသလို အချို့လည်း ဖြေဖို့ ငြင်းဆန်ပါတယ်။
သံဂဟေဆက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး သံသယတရားခံအဖြစ် ဖမ်းဆီးခံရစဉ်က စစ်ကြောချိန်မှာလည်း သေနတ်သုံးတယ်လို့ နိုင်ကျဉ်းဟောင်းတစ်ယောက်က ဆိုတယ်။
“လက်လုပ် သေနတ်၊ လက်နက်ကြီးတွေ လုပ်ပေးတယ်ဆိုပြီး ဖမ်းတာ၊ ခန်းမအပေါ်ထပ်မှာ စစ်ကြတာ။ သူတို့ လိုချင်တဲ့ အချက်ရဖို့ သေနတ်ပစ်ဖောက်ပြီး မင်းဘေးကကောင် အမှန်မပြောလို့ ပစ်သတ်လိုက်ပြီ၊ မင်းအလှည့်ပဲလို့ ခြိမ်းခြောက်တာ၊ မျက်နှာကစွပ်ထားတော့ မမြင်ရဘူးလေ” လို့ သူက ပြောပါတယ်။
မုံရွာမြို့ခံလုပ်ငန်းရှင်တွေကို အကြမ်းဖက်နဲ့ဆက်နွှယ်တယ်လို့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး သိန်းထောင်ချီတောင်း ငွေညှစ်တာတွေ၊ ဖမ်းခံရတဲ့သူတွေရဲ့ လက်ဝတ်လက်စားတွေကို ရှာဖွေပုံစံနဲ့ သိမ်းပြီး ပြန်မပေးတော့တာတွေလည်း လုပ်တယ်လို့ လုပ်ငန်းရှင်တချို့က ဖွင့်ဟပါတယ်။
မုံရွာမြို့ပေါ်က ဖမ်းမိတဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကို စစ်ဆေးရာမှာလည်း ၎င်းတို့နေထိုင်ရာရပ်ကွက်အတွင်း PDF လူငယ်၊ ထောက်ပို့လူငယ်တွေအမည်ကို ထုတ်ဖော်ပြောဆိုရင် လွှတ်ပေးမယ်လို့ ပြောဆိုစည်းရုံးကြောင်း ပြန်လွတ်လာတဲ့ လူငယ်တစ်ဦးကလည်း ပြောပါတယ်။
နှစ်ငါးလုံးသပိတ်နေ့ (၂.၂.၂၀၂၂) က ဖမ်းဆီးခံရတဲ့ စတိုးဆိုင်၊ အထည်ဆိုင်၊ ရွှေဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ ဖုန်းအရောင်းဆိုင်၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင် ၂၀ ကျော်ကို စစ်ကြောရေးမှာ ၃ ရက်ကြာ ထားပြီး စစ်ဘက်ဆိုင်ရာ ဗျူဟာမှူးနဲ့ အမှတ် (၁) မြို့မရဲစခန်း စခန်းမှူး ရဲအုပ်ပြည့်လင်းအောင်တို့က ကျပ်သိန်း ၅၀ စီတောင်း ခံဝန်နဲ့ လွှတ်ပေးလို့ စစ်လော်ဘီ ကျော်စွာ၊ ဟန်ငြိမ်းဦး ချန်နယ်တို့က ဒေါပွပြီး ထုတ်ဖော်ရေးသားခဲ့ကြပါသေးတယ်။
စစ်ကြောရေးကာလအတွင်း မိသားစုများနဲ တွေ့ခွင့်မပေးခြင်းက လျှို့ဝှက်စကားလုံးတွေ သုံးပြီး လာတွေ့သူကို သက်သေ ဖျောက်ခိုင်းမှာ စိုးရိမ်လို့ ဖြစ်တယ်၊ ၂၄ နာရီအတွင်း စစ်ဆေးမှုပြီးသွားရင် ဘယ်ပြစ်မှုမှ မကျုးလွန်သူ ကာလာအဖြူရောင်ဆိုပြီး ပြန်လွှတ်ပေးတယ်လို့ စစ်ကြောရေးနဲ့ နီးစပ်သူကတစ်ဦးက ဆိုပါတယ်။
“လူ့အခွင့်အရေးချိုးဖောက်မှုများ”
စစ်ကြောရေးပြီးဆုံးလို့ အမှုဖွင့်၊ အမိန့်ချ၊ ထောင်ချခံနေရသူတွေ ရဲအချုပ်၊ ထောင်အချုပ်တွေ ရောက်သွားရင်လည်း ထပ်မံခေါ်ယူစစ်ဆေးတတ်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ဆိုပါတယ်။
၂၀၂၃ နောက်ပိုင်းကာလ ဖမ်းမိသူတွေကို ထောင်ဒဏ်နှစ်နည်းတဲ့ ၅၀၅ ပုဒ်မတွေနဲ့ မစွဲတော့ဘဲ နှစ်ဆယ်ချီ ချနိုင်တဲ့ အကြမ်းဖက်နဲ့ဆက်သွယ်မှုပုဒ်မတွေနဲ့သာ စစ်အုပ်စုက အမှုဖွင့်တော့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်က မုံရွာမြို့မရဲစခန်းအချုပ်မှာ တရားရုံးထုတ်အကျဉ်းသားတစ်ဦးကို လျှို့ဝှက်ပစ္စည်း သယ်လို့ဆိုပြီး ရဲတပ်သားတွေက ဝိုင်းရိုက်ကြတယ်၊ ချောင်းဦးသပိတ်ခေါင်းဆောင် မာန်ဇာမြေမွန်နဲ့ သံမဏိ PDF အဖွဲ့က နိုင်ငံရေးအကျဉ်းသား အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်ဇင်တို့က တားမြစ်ရာမှာ စခန်းမှူး ရဲအုပ်ပြည့်လင်းအောင်၊ နယ်ထိန်း ဒုရဲအုပ်ကျော်ဝင်းထွန်းတို့က မြို့တော်ခန်းမ စစ်ကြောရေးစခန်းဆီ ပို့ပြီး ရိုက်နှက်ခိုင်းကြတယ်လို့ မုံရွာလူထုသပိတ်ကော်မတီက ပြောပါတယ်။
“ကိုအောင်ကျော်ဇင်က သေသွားပြီး ကိုမာန်ဇာက သေလုမြောပါးဒဏ်ရာတွေနဲ့” လို့ ကော်မတီဝင်က ပြောပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၂၄ ရက် ညမှာလည်း စစ်ကြောရေးပြီးလို့ မြို့မရဲစခန်းအချုပ်မှာ ထားတဲ့ LGBT အမျိုးသား ကိုသူရကို အချုပ်တန်းစီးတွေက ထိုးကြိတ်လို့ တာဝန်ကျ ရဲမေကို အကူအညီတောင်းရာမှာ တားမြစ်ခြင်းမရှိတာကြောင့် ကိုသူရဟာ နှိပ်စက်တဲ့ဒဏ်တွေ မခံနိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ မုံရွာ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။
၂၀၂၁ ဒီဇင်ဘာ ၉ ရက် ညနေကလည်း ခန်းမအနီးဆေးရုံကို လာတဲ့ ဆိုင်ကယ်စီးလူငယ်ကို စစ်အုပ်စုက ပစ်သတ်ပြီး မိုင်းလာထောင်လို့ ပစ်ခတ်တာလို့ သတင်းထုတ်ခဲ့ပါသေးတယ်။
စစ်ကြောရေးကနေ မြို့မရဲစခန်းအချုပ်မှာ ထားတဲ့ နိုင်ငံရေးအကျဉ်းသားသီးသန့်ဦးရေဟာ ၃၄၅ ဦး ရှိပြီး အမျိုးသားအချုပ်ခန်းမှာ ၇၀၊ အမျိုးသမီး အချုပ်ခန်းမှာ ၂၅ ဦးနဲ့ ကျန် ၂၅၀ ကတော့ အချုပ်ခန်းစင်္ကြံ လူသွားလမ်းတွေမှာပဲ ကျောတစ်ခင်းစာနေရတယ်လို့ ဆိုပါတယ်။
“ဖမ်းတုန်းကတောင် အလုံပိတ်အချုပ်ကားပေါ် ပေါင်မုန့်ဖုတ်သလို ပစ်ထားသေးတာ၊ ရေတောင် ကားဘော်ဒီကို ဝိုင်းထုတောင်းမှ လာတိုက်တာ” လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောပါတယ်။
မန္တလေးထောင်က လွှဲပို့ထားသူနဲ့ ကလေးသူငယ်အကျဉ်းသား ၃၅ ဦးတို့ မုံရွာ ရဲစခန်းအချုပ်မှာ ရှိနေပြီး ပုံစံထမင်း၊ ဧည့်တွေ့ခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ မရဘူးလို့ သပိတ်ကော်မတီက ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးရာမှာ ဓားစာခံ လမ်းပြအဖြစ် ခေါ်ခံရသူ အကျဉ်းသား ၇ ဦးဟာလည်း လေးလကျော်သည်အထိ ရဲစခန်းအချုပ်ထံ ပြန်မရောက်ဖူးလို့ သိရပါတယ်။
ဖမ်းဆီးခံ ပြောက်ကျားရဲဘော်တချို့ကို စစ်အုပ်ချုပ်ရေးနယ်မြေတွေမှာ စစ်ကြောင်းထိုးစဉ် လမ်းပြအဖြစ် ခေါ်ဆောင်ပြီး ထွက်ပြေးတယ်လို့ ဆိုပြီး ပစ်သတ်တာတွေရှိတယ်လို့ နိုင်/ကျဉ်းအဖွဲ့က ဆိုပါတယ်။
“တော်လှန်ရေးအဖွဲ့များရဲ့တိုက်ခိုက်မှု”
ဒရုန်းကာကွယ်ရေးစနစ်နဲ့ မြေပြင် ဝေဟင် လုံခြုံရေးစနစ်တွေ ထူထပ်တဲ့ မုံရွာမြို့လယ် မြို့တော်ခန်းမ စစ်ကြောရေးစခန်းဟာ တော်လှန်ရေးအဖွဲ့များရဲ့ ထိပ်တန်းစစ်ရေးပစ်မှတ်အဖြစ် ရှိနေပါတယ်။
၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့က မုံရွာခရိုင် တပ်ရင်း-၇ တပ်ဖွဲ့ဟာ မြို့တော်ခန်းမကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၄ ဧပြီ ၁၃ သင်္ကြန်အကြိုနေ့မှာပဲ မြို့တော်ခန်းမကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ရာ ဗုံးသီး ၆ လုံးဟာ ပစ်မှတ် အတိအကျ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမဲ့ ဒရုန်း ၄ စင်း ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“စစ်ရာဇဝတ်မှုမှတ်တမ်းများ”
နွေဦးတော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း (၂၀၂၁မှ ၂၀၂၄ ဧပြီ ၁၆ ရက်အထိ) စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးသမား ၁၇၇၀ ကျော်နဲ့ အရပ်သားပြည်သူ ၃၄၀၀ ကျော် သေခဲ့တယ်လို့ စစ်ရာဇဝတ်မှုများကို စောင့်ကြည့်နေတဲ့ Spring Revolution Database -SRD ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သေဆုံးသူ နှစ်သောင်းကျော်ရှိပြီး အဲဒီသေဆုံးမှုတွေထဲမှာ စစ်ကြောရေးစခန်းအသီးသီးမှာ သတ်ဖြတ်ခံရသူ ၁၄၉ ဦးထိရှိတယ်လို့ SRD က ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ၃ နှစ်အတွင်း အမျိုးသမီး ၆၆၄ ဦး သေဆုံးပြီး ၂၄၄၁ ဦး ဖမ်းခံရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ-BWU အစီရင်ခံစာက ဖော်ပြပါတယ်။ အမျိုးသမီးတွေ သေဆုံးမှုမှာ ဖမ်းဆီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာတွေပါတယ်လို့ ဆိုပါတယ်။
စစ်ကြောရေးစခန်းတွေမှာ အမျိုးသမီးတွေသာမက အမျိုးသားတွေ၊ LGBT တွေပါ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံနေရတာကို ထိရောက်တဲ့ ကူညီပေးမှုအဖွဲ့တွေမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေက ဖွင့်ဟပါတယ်။
မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖက စစ်ကြောရေးစခန်းရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို မှတ်တမ်းယူထားတယ်လို့ဆိုပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောမပြထားပါဘူး။
မြို့တော်ခန်းမ စစ်ကြောရေးအနိဋ္ဌာရုံတွေကို မြင်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက “သွေးကွက်တွေနဲ့ ကျက်သရေမရှိတော့ဘူးဗျ၊ နောင်မှာ မြို့တော်ခန်းမအဖြစ်တောင် ပြန်မသုံးသင့်တော့ဘူး” လို့ ဖွင့်ဟပါတယ်။
ညပိုင်းဆို ခွေးအူသံ ဆက်တိုက်ကြားရပြီး၊ အသံနက်ကြီးနဲ့ အော်ညည်းသံတွေလည်း ကြားရတတ်တယ်၊ စစ်ကောင်စီ တပ်သားများ ရမ်းသန်းပစ်သံတွေလည်း ကြားရလို့ ကျီလန့်စာစား ဖြစ်နေရတယ်လို့ ခန်းမအနီး နေထိုင်သူတွေက ဆိုပါတယ်။
စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက မုံရွာမြို့တော်ခန်းမအဆောက်အအုံကို အနာဂတ်မှာ အပြောင်းအလဲတွေ လုပ်ရမယ်လို့ ဆိုတယ်။
“မုံရွာကို ချစ်တဲ့ နိုင်ငံရေးသမားတိုင်း ဖြတ်သန်းခဲ့ရတဲ့ ငရဲခန်းမို့ စစ်အာဏာသိမ်းမှုရဲ့ ဆိုးရွားတဲ့ ပြယုဂ်အနေနဲ့ တော်လှန်ရေးပြီးရင် မှတ်တမ်းပြတိုက် လုပ်သင့်တယ်” လို့ ကိုစိုးဝင်းဆွေက မှတ်ချက်ပေးပါတယ်။
မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီက တကသကျောင်းသားဟောင်း ကိုခန့်ဝေဖြိုးကတော့ မြို့တော်ခန်းမအပေါ် သူရဲ့ဆန္ဒကို လူမှုကွန်ရက်မှာ ဖွင့်ဟထားပါတယ်။
နောက်နှစ်တော့ မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်မှာ သံချပ်ထိုးချင်တယ်” လို့ ကိုခန့်ဝေဖြိုးက ဆိုပါတယ်။