သတင်း

စစ်တွေတွင် လူ့အခွင့်အရေးနေ့ကမ်ပိန်း ဦးဆောင်ခဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက်ပိုင်းက လူ့အခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် နှာခေါင်းစည်း (Mask) ပေးဝေခြင်း လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် ရခိုင်လူငယ်မျိုးဆက်သစ် ကွန်ရက်အဖွဲ့ဝင် ၃ ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။ 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုကို ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ဦးဆောင်ကာ လူအင်အား ၃၀ ခန့်က စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေ၌ ယနေ့ (ဒီဇင်ဘာ ၁၀) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ကွန်ရက်အဖွဲ့ဝင်လူငယ်သုံးဦးဖြစ်သည့် ကိုသန်းလှ (ခေါ်) မင်းဘာချေ၊ ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ကို စစ်တွေမြို့ရဲတပ်ဖွဲ့က နံနက် ၉ နာရီခန့်တွင် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကို လက်မှတ်ထိုးဖို့ ခိုင်းတယ်။ အခု အာမခံနဲ့ ပြန်လွတ်လာပါတယ်။ ကျွန်တော်တို့ ပွဲလုပ်တဲ့ ရည်ရွယ်ချက်တွေကို မေးတယ်။ ၁၅ ရက်အတွင်း တရားစွဲမယ်ဆိုပြီးတော့ ပြောပါတယ်” ဟု ကိုသန်းလှ(ခေါ်) မင်းဘာချေက ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁) မြို့မရဲစခန်းမှူး ရဲမှူးအောင်မြဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

စစ်တွေမြို့ လေးဝတီကားဂိတ်အနီးရှိ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ရုံးသို့လည်း ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် အရပ်ဝတ်ရဲဝန်ထမ်းနှစ်ဦးက အသင်းအဖွဲ့ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိမရှိ လာရောက်စစ်ဆေးသွားကြောင်း ကွန်ရက်အဖွဲ့ဝင် မဦးခိုင်သိန်းက ပြောသည်။ 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့သည် နိုဝင်ဘာ ၂၅ ဖြစ်သော်လည်း ရခိုင်ပြည်နယ်ရှိ စစ်ပွဲဒဏ်ခံစားနေရကြသည့် အမျိုးသမီးအချို့မှာ အဓမ္မပြုကျင့်ခံရမှုများပါ ရှိနေသည့်အတွက် ယင်းလှုပ်ရှားမှုကိုပါ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရခြင်း ဖြစ်သည်ဟု မဦးခိုင်သိန်းက ဆိုသည်။

“အခုလက်ရှိ ကျွန်မတို့မှာ စစ်ဘေးဒဏ်ကြားထဲမှာ အမျိုးသမီးတွေ၊ အကြမ်းဖက်မှုတွေ အများကြီးခံရတယ်။ အဓမ္မပြုကျင့်မှု ခံရတယ်။ Camp (ဒုက္ခသည်စခန်း) တွေထဲမှာလည်း အဓမ္မပြုကျင့်ခံရတာတွေ ရှိတယ်။ အဲဒါတွေကို ပပျောက်ချင်တာရယ်၊ အဲဒါတွေကို လူအများသိအောင် လုပ်တာဖြစ်တယ်” ဟု ဆိုသည်။

ပြည်နယ်အစိုးရနှင့် တပ်မတော်ကို ဆန္ဒပြခဲ့သည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ လူငယ်လေးဦးကိုလည်း နိုင်ငံတော်အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေတရားရုံးတွင် တရားစွဲဆိုထားသည်။ 

ထို့ပြင် ကချင်ပြည်နယ် လိုင်ဇာတွင် ကျဆုံးခဲ့သော ရက္ခိုင့်တပ်တော် (AA) ဗိုလ်လောင်း ၈ ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားကိုလည်း စစ်တွေကမ်းခြေအနီး နိုဝင်ဘာ ၁၉ တွင် ပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားသည်။  

Show More

Related Articles

Back to top button