
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများကို ပြုစုကုသပေးနေသော အစိုးရဆေးရုံများတွင် အရည်အသွေးပြည့်မီခြင်း မရှိသော နှာခေါင်းစည်းအတုများ ပျံ့နှံ့လျက်ရှိသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
“အစိုးရက ချပေးတဲ့အထဲမှာလည်း အတုတွေပါတယ်။ အလှူရှင်တွေ လာလှူတဲ့အထဲမှာလည်း ပါတယ်။ အလှူရှင်တွေလှူတာက အတုတွေများတယ်။ ဘာလို့လည်းဆိုတော့ အတုတွေက ဈေးကွက်ထဲမှာ ရောက်နေတာကိုး” ဟု ရန်ကုန်ရှိ အစိုးရဆေးရုံကြီးတစ်ခု၏ အရေးပေါ်ဌာနမှ ဆရာဝန်တစ်ဦးက Myanmar Now ကို ပြောသည်။
အဆိုပါဆရာဝန်သည် အောက်တိုဘာလအတွင်းက ၎င်း၏ အရေးပေါ်ဌာန၌ လူနာတစ်ဦးကို ကုသမှုပေးရင်း ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသော ဆရာဝန်တစ်ဦးဖြစ်သည်။ ကာယကံရှင်၏ ဆန္ဒအရ ၎င်း၏အမည်ကိုမူ ဤနေရာတွင် ဖော်ပြနိုင်ခြင်း မရှိပါ။
“ကျွန်တော် Positive ဖြစ်တုန်းက အတုကြောင့်လို့ ထင်တာပဲ။ (မဖြစ်ခင်) နှစ်ရက်လောက်အလိုမှာ စက်နဲ့ ရှူရတဲ့ (လူနာ) တွေကို ဝင်လုပ်ရတယ်။ အတုမှန်း အစစ်မှန်းတော့ မသိဘူး။ တပ်တဲ့အချိန်မှာတော့ လုံနေတာပဲ။ လူနာကြည့်ပြီး ပြန်ကြည့်တော့မှ ဒါကြီးက အတုကြီးဆိုတာ သိသွားတာ” ဟု အမည်မဖော်လိုသူ အဆိုပါ ဆရာဝန်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာမှစ၍ ဆေးရုံ၌ အသုံးပြုသည့် N95 1860 အမျိုးအစား နှာခေါင်းစည်းများအနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်မပေးနိုင်သော အမျိုးအစားများ ရောနှောပါလာသည်ကို တွေ့ရကြောင်း Myanmar Now က မေးမြန်းခဲ့သည့် ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
ယင်း N95 နှာခေါင်းစည်းများကို ကိုဗစ်နိုင်တင်းရောဂါ ကုသပေးနေသည့် ဆေးရုံများ၊ ကုသရေးစင်တာများ၊ ဖျားနာဆေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ နေ့စဉ်အသုံးပြုရသည်။ N95 နှာခေါင်းစည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အစိုးရဆေးရုံများသို့ ခွဲတမ်းအလိုက် ချပေးသည်များရှိသလို ပုဂ္ဂလိကအလှူရှင်များက တိုက်ရိုက်လှူဒါန်းမှုများလည်း ရှိသည်။
N95 1860 အမျိုးအစား နှာခေါင်းစည်းသည် လေထဲရှိ ဇီဝဆိုင်ရာအမှုန်အမွှားနှင့် ပိုးမွှားများ အသက်ရှူလမ်းကြောင်းဆီ မရောက်အောင် ကာကွယ်ပေးသော တစ်ခါသုံး အကာအကွယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး သွေးနှင့် အခြားကူးစက်တတ်သော အရည်များ စိမ့်ယိုမှုမရှိအောင် အကာအကွယ်ပေးနိုင်သည်။
နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်း အင်းစိန်ဆေးရုံကြီး၌ N95 1860 နှင့် 1860S အရေအတွက် ၂,၀၀၀ ဝယ်ယူရန် တင်ဒါခေါ်စဉ် အရည်အသွေးမမီသည့် N95 နှာခေါင်းစည်းများဖြင့် တင်ဒါလာပြိုင်သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း၊ သို့သော် ဆေးရုံ၌ ရှိနေသည့် N95 နှာခေါင်းစည်းများဖြင့် ယှဉ်ကြည့်ရာ မတူညီသည့်အတွက် ယင်းတင်ဒါကို မဝယ်ယူဖြစ်ခဲ့ကြောင်း အင်းစိန်ဆေးရုံကြီး ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာမာမာကြည်က Myanmar Now ကို ပြောသည်။
အရည်အသွေးမပြည့်မီသော N95 နှာခေါင်းစည်းအတုများ အသုံးပြုမိသည့်အတွက် အခြားဆေးရုံများရှိ အရေးပေါ်ဌာန ဆရာဝန်အချို့ ရောဂါပိုးကူးစက်ခံရသည်ကိုလည်း ကြားသိရသည်ဟု ၎င်းက ဆိုသည်။
“ဒီရောဂါကို မကူးအောင် ကာကွယ်နေပါတယ်ဆို စနစ်တကျ မှန်မှန်ကန်ကန် ဝတ်မယ်၊ ချွတ်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေတောင် မကူးဘူးလို့ ကျွန်မတို့က ယုံကြည်ထားတာ။ အခုတော့ ဒီဟာဝတ်နေရင်းနဲ့ ကူးနေတာ သိပ်တော့မကောင်းဘူး” ဟု ပါမောက္ခ ဒေါက်တာမာမာကြည်က ပြောသည်။
ဆေးဂိုဒေါင်မှ 3M တံဆိပ် N95 နှာခေါင်းစည်းများ ထုတ်ယူချိန်တွင် အစစ်များပါသည့်အခါ ရှိသလို အရည်အသွေးမမီသည်များလည်း ရောနှောပါလာတတ်ကြောင်း ကိုဗစ်နိုင်တင်းလူနာများကို လက်ခံကုသပေးနေသည့် ဝေဘာဂီဆေးရုံ၌ တာဝန်ထမ်းဆောင်နေသော သူနာပြုတစ်ဦးက Myanmar Now ကို ပြောသည်။
“ခေါင်းကို သိုင်းတဲ့ ကြိုးတွေကအစ ကွာတယ်။ အတုလို့တော့ မသုံးချင်ဘူး။ အရည်အသွေးမမီတာ။ ကျွန်မတို့ဆီမှာ ဒီလိုဖြစ်တာ တစ်လလောက် ရှိကြပြီ။ ဒါပေမဲ့လည်း မဖြစ်တဲ့အဆုံးတော့ ရှိတာတွေပဲ ဝတ်ရတာပဲ” ဟု အဆိုပါ သူနာပြုက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာသည့်နှင့်အမျှ ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများပါ ပိုးကူးစက်ခံရမှု များလာသောကြောင့် ကျန်းမာရေးဝန်ထမ်းသုံး N95 1860 နှာခေါင်းစည်းများ၏ အရည်အသွေးကို လေ့လာကြည့်ရာ အရည်အသွေးမမီသည့် နှာခေါင်းစည်းများဖြစ်နေသည်ကို တွေ့ရှိရသည်ဟု နှာခေါင်းစည်းအတုဆန့်ကျင်ရေး လှုံ့ဆော်နေသူ ဆေးဝါးဗေဒဌာန ဆေးဝါးတက္ကသိုလ် (ရန်ကုန်) မှ လက်ထောက်ကထိက ဒေါက်တာထက်ဖြိုးအောင်က ပြောသည်။
ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံနှင့် ဖောင်ကြီး ကိုဗစ်နိုင်တင်းကုသရေးစင်တာ အပါအဝင် ဆေးရုံနှင့် ဖျားနာကုဆေးခန်း (Fever Clinic) စုစုပေါင်း ၁၀ ခုမှ ဆရာဝန်များအသုံးပြုနေသည့် N95 1860 နှာခေါင်းစည်းများကို တောင်းယူ၍ လေ့လာကြည့်ရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“Mask ကို အတု၊ အစစ်ခွဲနိုင်တဲ့သူရှိသလို မခွဲနိုင်တဲ့သူလည်း ရှိတယ်။ အရေးပေါ်အခြေအနေမှာ ဘာမှ မကြည့်နိုင်ဘူး။ ဝတ်ပြီး ဝင်ရတာပဲ။ ပိုးတွေ့နှုန်း များလာတဲ့အချိန်မှာ အတုတွေ၊ အစစ်တွေကိစ္စကို ပြန်ဆန်းစစ်သင့်တယ်။ တိုင်းကနေ မြို့နယ်တွေကို ချပေးတဲ့ ခွဲတမ်းတွေမှာ အတုတွေ တွေ့ရတယ်” ဟု ဒေါက်တာထက်ဖြိုးအောင်က ပြောသည်။
ပြင်ပလူနာများကိုသာ ကြည့်ရှုကုသပေးနေသည့် မိတ်ဆွေဆရာဝန်နှင့် သမားတော် ၄ ဦး အောက်တိုဘာလဆန်းပိုင်းတွင် ရောဂါပိုးကူးစက်ခံရပြီးနောက် ကျန်းမာရေးဌာနအချို့၌ အသုံးပြုနေသည့် N95 နှာခေါင်းစည်းများကို ရှာဖွေလေ့လာဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အရည်အသွေးပြည့်မီသည့် 3M အမှတ်တံဆိပ် N95 1860 နှာခေါင်းစည်းများပေါ်တွင် 3M တံဆိပ်ကို ရှင်းလင်းပြတ်သားစွာ ရေးသားထားသော်လည်း အရည်သွေးနိမ့် N95 1860 နှာခေါင်းစည်းများပေါ်တွင် ဆေးသားပုံနှိပ်၍ ရေးသားထားသည်။
N95 1860 အစစ်ဘူးခွံပေါ်ရှိ LOT နံပါတ်နှင့် ယင်းဘူးအတွင်းရှိ နှာခေါင်းစည်းမှ LOT နံပါတ်များ တူညီနေသော်လည်း အရည်အသွေးနိမ့်သည့် နှာခေါင်းစည်းများမှာမူ တစ်ဘူးထဲမှာပင် ကွဲပြားလျက်ရှိသည်။

ထိုကဲ့သို့သော အရည်အသွေးမမီသည့် N95 နှာခေါင်းစည်းများကို အသုံးပြုလျှင် အသုံးပြုသူသည် အကာအကွယ် ဝတ်ဆင်ထားပြီဖြစ်၍ လုံခြုံစိတ်ချရပြီဟု ယုံမှတ်ကာ ပိုးတွေ့လူနာများကို အနီးကပ် ကုသပေးမှုမှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည်ဟု နှာခေါင်းစည်းများ လှူဒါန်းရောင်းချနေသူ ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ကိုသက်က ဆိုသည်။
သာမန်ကြည့်လျှင် 3M ကုမ္ပဏီ၏ မူရင်းနှာခေါင်းစည်းများကဲ့သို့ပင် ပစ္စည်း၊ ဘူးနှင့် အချိုးအစားတံဆိပ်များ ပါဝင်နေသော်လည်း နှာခေါင်းစည်းအတွင်းပိုင်းမှ ပိုးသတ်နိုင်သော အလွှာ (polypropylene layer) မှာ အရည်အသွေးနိမ့်သည့် နှာခေါင်းစည်းများတွင် ပါဝင်ခြင်း မရှိသောကြောင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်မပေးနိုင်ဟု ဒေါက်တာကျော်ကိုသက်က ပြောသည်။
“1860 က ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေတဲ့ (ကိုဗစ်နိုင်တင်း) လူနာကို အသေအလဲ ကယ်နေရတဲ့အခါမှာ တပ်ရတဲ့ Mask။ အဲဒါကို အတုတပ်ပြီး လုပ်နေရတာက စစ်ပွဲထဲကို စစ်တိုက်ဖို့ဆိုပြီး ကော်ပတ်ရုပ်သေနတ်ထည့်ပေးပြီးတော့ လွှတ်လိုက်သလိုပဲ။ စစ်ပွဲထဲရောက်တော့ သေနတ်ထုတ်တော့မှ ကော်ပတ်ရုပ်သေနတ်ဖြစ်နေတာ။ ရန်သူပစ်သမျှ သေပေါ့။ ဒါပဲရှိတော့တာ” ဟု ဒေါက်တာကျော်ကိုသက်က ပြောသည်။
၎င်းသည် ကျန်းမာရေးဝန်ထမ်းများအား လှူဒါန်းရန် ဆေးပစ္စည်းများဝယ်ယူရာတွင် အရည်အသွေးမမီသည့် နှာခေါင်းစည်းများကို တွေ့ရှိရသောကြောင့် ထပ်မံလေ့လာရင်း အဆိုပါ နှာခေါင်းစည်းများ ပျံ့နှံ့နေသည်ကို သိရှိရခြင်း ဖြစ်ကြောင်း ဆိုသည်။
“ဆရာဝန်တွေ၊ သူနာပြုတွေ တစ်ယောက်ပြီးတစ်ယောက် ထိကြတယ်ဆိုတာ Mask အတု ပြဿနာကနေ လာတာ။ စစ်မြေပြင်မှာ စစ်တိုက်နေရသူတွေကို ကျိုက်ထီးရိုးသေနတ်နဲ့ ရှေ့တန်းသွားဆိုပြီး လွှတ်လိုက်လို့ ခံလိုက်ရတာ။ အဲဒီမှာ အတုံးအရုံးတွေကျကုန်တာ” ဟု ဒေါက်တာကျော်ကိုသက်က ပြောသည်။

ယင်းကဲ့သို့ အရည်အသွေးမမီသည့် နှာခေါင်းစည်းများမှာ ရန်ကုန်တွင်သာမက ဧရာဝတီတိုင်းတွင်လည်း တွေ့ရှိရကြောင်း၊ ပုသိမ်မြို့ရှိ ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ အသုံးများသည့် N95 နှာခေါင်းစည်းများကို စစ်ဆေးရာတွင် အရည်အသွေးမမီသည့် နှာခေါင်းစည်းများကို တွေ့ခဲ့ရကြောင်း ပုသိမ်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုတိယညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးက ပြောသည်။
“ကျွန်တော်တို့ကြည့်တော့ တံဆိပ်တွေဘာတွေ ကွဲထွက်တာတွေ အများကြီးရှိတယ်။ တစ်ခုနဲ့တစ်ခု စာလုံးတွေ မတူဘူး။ နံပါတ်မတူဘူး။ ဖောင့်မတူဘူး။ တချို့နေရာမှာ bold လုပ်ထားတာတွေ မတူဘူး။ ဘူးခွံတွေ မတူဘူး။ ဘူးခွံမှာ ရိုက်ထားတဲ့ အချက်အလက်တွေက မတူဘူး။ ကုမ္ပဏီတစ်ခုတည်းက ရိုက်ထားပြီးတော့ မတူတဲ့ အချက်အလက်တွေ တအားများနေတာ” ဟု ဦးပြည့်ဖြိုးက ပြောသည်။
အဆိုပါဖြစ်စဉ်ကို နေပြည်တော် FDA ရုံးချုပ်သို့ အောက်တိုဘာလကတည်းက Viber မှ တစ်ကြိမ်၊ စာပေးပို့၍ တစ်ကြိမ် တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
3M အမှတ်တံဆိပ် N95 နှာခေါင်းစည်း အစစ်တစ်ခုလျှင် တန်ဖိုး ကျပ် ၁၅,၀၀၀ ခန့် ရှိသည့်အပြင် အလွယ်တကူဝယ်၍ မရဘဲ ဈေးကွက်အတွင်းရှိနေသည့် တရုတ်နိုင်ငံထုတ်ပစ္စည်းများသာ ဝယ်ယူရရှိသဖြင့် သတိထား၍ အသုံးပြုနေရသည်ဟု ပုသိမ်ဆေးရုံအုပ် ဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။
“3M အစစ်မရလို့ လူနာခန်းထဲ မဝင်ဘူးဆိုရင် လူနာက သေသွားမှာလေ။ အဲဒီတော့ 3M အစစ်မရတာ၊ ရတာက တစ်ကဏ္ဍ။ လောလောဆယ်ရှိတဲ့ဟာပဲ သုံးနေရတာ။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားတယ်။ ဒီဟာသည် 3M အစစ်မဟုတ်ဘူး။ အရည်အသွေးမမီဘူးဆိုတာ ကျွန်တော်တို့ သိတယ်။ နောက်ထပ် နှာခေါင်းစည်းတစ်ခု ထပ်ပြီးသုံးတယ်” ဟု ဒေါက်တာသန်းမင်းထွဋ်က ပြောသည်။
ထိုသို့အရည်အသွေးမမီသည့် နှာခေါင်းစည်းများကို ဈေးကွက်အတွင်း တစ်ခုလျှင် ၃,၀၀၀ ကျပ်ဖြင့် ရောင်းချနေသည်များရှိပြီး အစစ်နှင့် ဆင်တူသော်လည်း ကွဲလွဲချက်မှာ ပါကင်ဘူးချိပ်ပိတ် ဖြစ်သည်ဟု ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ‘မေ’ ဆေးဆိုင်ပိုင်ရှင် ကိုလင်းဘိုဘိုက ပြောသည်။
“အောက်တိုဘာလဆန်းကစပြီး အတုလို့ သံသယဖြစ်ဖွယ်ရှိတဲ့ ပါကင်ထုပ်ပိုးမှုတွေနဲ့ 3M တွေ စျေးကွက်ထဲကို အများကြီးဝင်လာတယ်။ ဝယ်နေကျ ဆေးကုမ္ပဏီက လာပို့တဲ့ ပစ္စည်းတွေထဲမှာ အဲ့ကောင်တွေပါလာလို့ ကိုယ်က ဒါအစစ်မဟုတ်နိုင်ဘူးဆိုပြီး ပြန်ခေါ်ရှင်းတော့ သူတို့ အပြင်က သယ်လာတဲ့ပစ္စည်း ရောပါသွားတာပါ တောင်းပန်ပါတယ်ဆိုပြီး ပြန်ယူသွားတယ်” ဟု ၎င်းက ပြောသည်။
“3M အစစ်က ဘူးကို အပေါ်က ဖောက်ရင် Seal (ချိပ်ပိတ်) ပျက်မယ်၊ အောက်က နှိုက်ဖောက်ရင်လည်း ဘူးခွံပျက်မယ့် ပါကင်ဒီဇိုင်းပါ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ကိုဗစ်နိုင်တင်းကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း N95 နှာခေါင်းစည်းများ အပါအဝင် ဆေးပစ္စည်းခြောက်မျိုးကို အလွယ်တကူ တင်သွင်းနိုင်ရန် တင်သွင်းခွင့်လျှောက်ထားရန် မလိုအပ်သော ဆေးပစ္စည်းအဖြစ် FDA က ဖြေလျှော့ပေးထားသည်။
နှာခေါင်းစည်းများနှင့်ပတ်သက်၍ တင်သွင်းခွင့်ထောက်ခံချက် မပေးထားသောကြောင့် ဝယ်ယူသူများအနေဖြင့် ခိုင်မာသည့် ဆေးကုမ္ပဏီများမှ ဝယ်ယူရန် အရေးကြီးသည်ဟု FDA မှ ညွှန်ကြားရေးမှူး (ဆေးပစ္စည်း/အလှကုန်) ဒေါက်တာတင်ဝါဝါဝင်းက ပြောသည်။
“ကျွန်မတို့ Control (ထိန်းချုပ်တာ) လုပ်မထားဘူး။ ကျွန်မတို့ဆီမှာလည်း ဥပဒေမရှိဘူး။ ဥပဒေရှိမှ အရေးယူလို့ရတာလေ” ဟု ဒေါက်တာတင်ဝါဝါဝင်းက ပြောသည်။ နှာခေါင်းစည်းများနှင့်ပတ်သက်၍ တိုင်ကြားမှုများမရှိသေးကြောင်း ၎င်းက ဆိုသည်။
ကိုဗစ်နိုင်တင်းလူနာပေါင်း ၉၅,၀၀၀ ကျော် ရှိနေပြီဖြစ်သော မြန်မာနိုင်ငံတွင် လူနာ ၇၀,၀၀၀ ကျော် ပြန်လည်သက်သာလာသော်လည်း ရောဂါဖြင့် သေဆုံးသူ ၂,၀၀၀ ကျော် ရှိသည်။ ဆေးရုံများ၌ ကုသမှုခံယူနေရဆဲ လူနာပေါင်း ၁၈,၀၀၀ ကျော် ရှိသည်။
အဆိုပါအတည်ပြုလူနာများအနက် ကိုဗစ်နိုင်တင်းရောဂါကို ကုသပေးနေသည့် ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀ နီးပါးနှင့် ရန်ကုန်မှ ဝန်ထမ်း ၅၀၀ ကျော်သည် ရောဂါကုသပေးရင်း ရောဂါပိုးကူးစက်ခံထားရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် နှာခေါင်းစည်းနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကိုယ်တိုင်ဦးစီးကာ တင်ဒါစနစ်ဖြင့် ကျွမ်းကျင်သည့် ပညာရှင်များ၊ သမားတော်ကြီးများ ပါဝင်ဖွဲ့စည်းထားသော အရည်အသွေးစစ်ဆေးရေးအဖွဲ့က စိစစ်၍ နှာခေါင်းစည်းများကို ဝယ်ယူသည်ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
“အခုနောက်ပိုင်းမှာတော့ အလှူရှင်တွေက အကာအကွယ်ပစ္စည်းတွေကို ဝယ်ယူပြီးတော့ ဆေးရုံတွေကို တိုက်ရိုက်လှူဒါန်းတာတွေရှိတယ်။ တိုက်ရိုက်လှူဒါန်းသည့် ပစ္စည်းများကို MoHS ၏ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားသည့် သဘောရှိပါတယ်။ အဲဒါတွေကိုတော့ ကျွန်မတို့ မသိနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
“အလှူရှင်တွေကလည်း စေတနာသဒ္ဓါတရား အပြည့်အဝရှိလို့ လှူပေမယ့် ပစ္စည်းနဲ့ပတ်သက်လို့ နားလည်ချင်မှ နားလည်မယ်။ သိချင်မှသိမယ်။ ဒီလို အသက်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ကိုယ့်ရဲအတ္တကို ရှေ့တန်းတင်တဲ့ စီးပွားရေးသမားတွေက (အရည်အသွေး) မပြည့်မီတဲ့ ပစ္စည်းတင်တယ်။ ကိုယ့်အတ္တအတွက် အသက်တွေကို ရင်းပြီး မလုပ်ကြပါနဲ့” ဟု ၎င်းက ပြောသည်။