
တောင်ကိုရီးယားနိုင်ငံမှ နာမည်ကျော် POSCO ၊ LOTTE အပါအဝင် စီးပွားရေးလုပ်ငန်း ၅ ခုကို မြန်မာတပ်မတော် သို့မဟုတ် တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ဆက်နွှယ်နေမှု ဖြတ်တောက်ရန် တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းနှစ်ခုနှင့် Justice for Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်သည်။
တပ်မတော်ပိုင် လုပ်ငန်းစုများနှင့် စီးပွားရေးဆက်ဆံမှု ရှိနေခြင်းသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ငွေကြေးထောက်ပံ့ပေးရာရောက်သဖြင့် ထိုကဲ့သို့ တိုက်တွန်းထားခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ တွင် ထုတ်ပြန်သည့် Justice for Myanmar ၏ ကြေညာချက်က ဆိုသည်။
တပ်နှင့် ပတ်သက်ဆက်နွှယ်မှု ဖြတ်တောက်ရေး တောင်ကိုရီးယားအစိုးရနှင့် အဆိုပါ တောင်ကိုရီးယားလုပ်ငန်းစုများကို ဝင်ရောက်တိုက်တွန်းပေးရန် Justice for Myanmar အပါအဝင် တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်း နှစ်ခုက တောင်ကိုရီးယားရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများကို တောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်နှင့် စီးပွားရေး အဆက်အဆံဖြတ်တောက်ရန် တိုင်ကြားခံရသည့် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်း ၅ ခုမှာ POSCO၊ LOTTE၊ Pan-Pacific ၊ Inno Group နှင့် Daesun သင်္ဘောတည်ဆောက်ရေးကုမ္ပဏီတို့ဖြစ်ပြီး ရိုဟင်ဂျာများနှင့်အတူ ရပ်တည်သည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း (Korean Civil Society in Solidarity with Rohingya) ၊ နိုင်ငံတကာ ကိုရီးယားစီးပွားရေးလုပ်ငန်းစုများ စောင့်ကြည့်လေ့လာမှုအဖွဲ့နှင့် Justice for Myanmar အဖွဲ့တို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လူသားမျိုးနွယ်အပေါ် ‘လူမျိုးသုဉ်းသတ်ဖြတ်မှု’ ကျူးလွန်သူများနှင့် စီးပွားရေးလုပ်ဆောင်ခြင်းကို အပြီးတိုင် ရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအနေဖြင့် သိပ်နောက်မကျသေးမီ လုပ်သင့်လုပ်ထိုက်သည်များကို ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း Korean Civil Society in Solidarity with Rohingya ၏ ပြောခွင့်ရပုဂ္ဂိုလ် Kinam Kim က တိုက်တွန်းထားသည်။
“စီးပွားရေးလုပ်ငန်းတွေ ဒီလိုလုပ်ဆောင်ဖို့လည်း တောင်ကိုရီးယားအစိုးရက တိုက်တွန်းသင့်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ့် နိုင်ငံတကာဥပဒေတွေအောက်မှာ အစိုးရတစ်ရပ်က လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတစ်ခုလည်း ဖြစ်ပါတယ်” ဟု Kinam Kim က ပြောသည်။
“ဒီလိုအဖြစ်အပျက်တော်တော်များများမှာဆိုရင် လုပ်ငန်းလုပ်တဲ့နိုင်ငံက ဥပဒေတွေကို လိုက်နာတယ်လို့ စီးပွားရေးလုပ်ငန်းတွေက ပြောနေကျ ဖြစ်ပေမယ့် အပြစ်မရှိတဲ့ ဒေသခံတွေကတော့ ဒုက္ခခံစားနေရတာမျိုးပါ” ဟု ၎င်းက ဆိုသည်။
Justice for Myanmar ၏ ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်ကလည်း ICJ နိုင်ငံတကာတရားရုံး၌ တရားရင်ဆိုင်နေရသည့် အဖြစ်အပျက်မျိုးကဲ့သို့ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ပြစ်မှုများအတွက် သက်သေအထင်အရှား ရှိနေချိန်တွင် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများသည် မြန်မာတပ်မတော်နှင့် စီးပွားရေးအဆက်အဆံ ဆက်လက်မလုပ်သင့်ဟု ဆိုသည်။
“မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပံ့ပိုးပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တာဝန်ခံမှု ရှိကို ရှိရပါမယ်။ အခုတိုင်ကြားစာဟာ ဒီလိုတာဝန်ခံမှု ရှိဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု မရတနာမောင်က ပြောသည်။
POSCO သံမဏိလုပ်ငန်း၊ Pan-Pacific အထည်အလိပ်လုပ်ငန်းနှင့် Inno Group ဆောက်လုပ်ရေးကုမ္ပဏီတို့သည် တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် အများပိုင်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းများ ပူးတွဲလုပ်ကိုင်နေကြသည်။ Pan-Pacific နှင့် Inno Group တို့မှာ ဦးပိုင်က ပိုင်ဆိုင်သည့် မြေနေရာများကို ၎င်းတို့၏ လုပ်ငန်းများအတွက် ငှားရမ်းထားကြသည်။
ထို့အပြင် POSCO နှင့် LOTTE လုပ်ငန်းစု၏ လက်ခွဲတစ်ခုဖြစ်သော LOTTE Hotels and Resorts က မြန်မာတပ်မတော်ပိုင် မြေနေရာကို ငှားရမ်း၍ ဟိုတယ်တစ်လုံးဆောက်လုပ်နေခြင်းဖြစ်ရာ ထိုကဲ့သို့သော စီးပွားရေးအဆက်အဆံများက တပ်မတော်၏ လုပ်ရပ်များအပေါ် အရပ်သားအစိုးရ၏ အထိန်းအကွပ်မဲ့မှုကို ထောက်ခံအားပေးနေသကဲ့သို့ ဖြစ်သည်ဟု Justice for Myanmar က ဝေဖန်ထားသည်။
အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော ကိုရီးယားထုတ်ကုန်သွင်းကုန်ဘဏ် (Korea Eximbank) က ရှယ်ယာအများစု ပိုင်ဆိုင်ထားသည့် Daesun သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်းက မြန်မာရေတပ်အတွက် စစ်သင်္ဘောတစ်စင်းကို ၂၀၁၉ ဒီဇင်ဘာတွင် လွှဲပြောင်းပေးခဲ့ခြင်းကလည်း လက်နက်ကုန်သွယ်မှုသဘောတူစာချုပ်ကို ဖောက်ဖျက်ဖွယ်ရှိသည်ဟု Justice for Myanmar က ဆိုသည်။
Justice for Myanmar အဖွဲ့သည် မြန်မာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားပြီး မြန်မာတပ်မတော်၏ စီးပွားရေးအကျိုးအမြတ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဆက်နွှယ်မှုများကို ဖော်ထုတ်ပြောဆိုလေ့ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။