
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် မဲမသမာမှု၊ မမျှတမှုနှင့် တရားမဲ့ပြုကျင့်မှုများ ထင်ထင်ရှားရှားရှိနေသည်ဟုဆိုကာ ဥပဒေဘောင်အတွင်းမှ အဆုံးစွန်အထိ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကြီးဆုံးက နိုင်ငံတော်သမ္မတပဲ။ နိုင်ငံတော်သမ္မတကို တိုင်တည်ပြီးတော့ စာတင်တယ်။ ဘာမှပြန်မလာဘူး။ ပြန်မလာဘူးဆိုတော့ ဥပဒေဘောင်အတွင်းက တစ်ဆုံးတစ ကျွန်တော်တို့ လုပ်ပါမယ်။ ဘာဆိုတာတော့ ကျွန်တော်တို့ မပြောပါရစေနဲ့” ဟု ရန်ကုန်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂၆) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။
ရွေးကောက်ပွဲတရားမဲ့ပြုကျင့်ခံရမှု ၁၂၆ မှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းသည့် အမှုပေါင်း ၁၀၄၂ မှုရှိပြီး ယင်းအမှုများအပေါ် ဆုံးဖြတ်ချက်ချမည့်ပုဂ္ဂိုလ်များက သမာသမတ်ရှိရှိ၊ မှန်မှန်ကန်ကန်ဆုံးဖြတ်ပါက လက်ရှိမဲရလဒ်သည် အပြောင်းအလဲရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတရားမမျှတမှု၊ တရားမဲ့ပြုကျင်ခံရမှုများနှင့် ပတ်သက်၍ ရဲစခန်း၌ အမှုဖွင့်ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခြင်း၊ နိုင်ငံတော်သမ္မတထံ တိုင်တန်းခြင်းတို့ကို တစ်ဆင့်ချင်းဆောင်ရွက်နေပြီး အဆုံးစွန်အထိ တုံ့ပြန်ဆောင်ရွက်သွားမည်ဟုလည်း ဦးခင်ရီက ပြောသည်။
ယခင်အစိုးရလက်ထက်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဖြစ်ခဲ့သူ ဦးခင်ရီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျော်လွန်လုပ်ဆောင်နေပြီး ဥပဒေက ပေးအပ်သည့်တာဝန်များ ပျက်ကွက်သည်ဟုဆိုကာ အရေးယူပေးရန် ပြည်ခိုင်ဖြိုးနှင့် မိတ်ဖက်ပါတီ ၁၈ ခုက နိုဝင်ဘာ ၂၄ တွင် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုး၏ မိတ်ဖက်နိုင်ငံရေးပါတီအဖြစ် တက်ရောက်ခဲ့သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း တရားမဲ့ပြုကျင့်မှုများအပေါ် ဥပဒေနှင့်အညီဆုံးဖြတ်ရန် မေတ္တာရပ်ခံထားကာ ယင်းကဲ့သို့ မဆောင်ရွက်ပါက တန်ပြန်သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဥပဒေအတိုင်းပဲ တိတိကျကျဖြစ်အောင်၊ ဌာန်ကုန်အောင်၊ ဌာန်ကုန်အောင်ဆိုတာက အကုန်အစင် ဘက်စုံထောင့်စုံက ထောက်ပြပြီး လုပ်ပေးနေပါတယ်။ အဲ့ဒီအပေါ်မှာ လေးစားမှုမရှိဘဲ ဆက်လက်ပြီး လျစ်လျူရှုနေမယ်ဆိုရင်တော့ နယူတန်နိယာမရှိပါတယ်။ သက်ရောက်မှုတိုင်းက တန်ပြန်သက်ရောက်မှု ရှိမယ်ဆိုတာကို သတိပေးလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ဥပဒေချုပ်ဟောင်းနှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်၏ ပါတီသည် ‘အမျိုးသားရေးနှင့် ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ၏ပါတီ” ဟူသော ကြွေးကြော်သံဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရခဲ့ပေ။
ဦးစိုးမောင်ကိုယ်တိုင်သည်လည်း ၎င်း၏ဇာတိ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းကို မဲကွာဟချက် တစ်သိန်းကျော်ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။
ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ကျင်းပခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဦးစိုးမောင်သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ရေစကြိုမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည်။
ရွေးကောက်ပွဲကျင်းပပြီးချိန်မှစ၍ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲရလဒ်ကို ဆက်တိုက်ကန့်ကွက်လျက်ရှိပြီး မြို့နယ်အချို့တွင်လည်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။
ရွေးကောက်ပွဲကျင်းပပြီး ရက်အနည်းငယ်အကြာတွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများအနေဖြင့် ပုံစံ – ၁၉ တွင် လက်မှတ်မထိုးရန် ပါတီဌာနချုပ်က ညွှန်ကြားခဲ့ပြီး သံသယကြီးစွာရှိတဲ့အတွက် လက်မှတ်မထိုးခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“သွားပြီးလက်မှတ်ထိုးလိုက်ရင် ကိုယ့်ရဲ့ရှုံးနိမ့်မှုကို ဝန်ခံရောက်ရောက်တဲ့အတွက်…။ ဒါကြောင့်မို့ လက်မှတ်မထိုးဘူး” ဟု ၎င်းက အဆိုပါအင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် မျှော်လင့်မထားသော အရေအတွက်ဖြင့် ရှုံးနိမ့်ခဲ့ပြီး အစဉ်အလာအရ နိုင်ခဲ့သည့်နေရာများတွင် ပက်ပက်စက်စက် ရှုံးသွားခဲ့သည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တော် ၃၈ နေရာ စုစုပေါင်း ၇၁ နေရာသာ အနိုင်ရရှိခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သော နေရာများမှာ တပ်မတော်အသိုင်းအဝိုင်းများ အခြေစိုက်တည်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်တိုင်း ကိုကိုကျွန်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်းနှင့် ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့ဖြစ်သည်။
ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းထက် အဆမတန်ပိုသည့် ဆန္ဒမဲများပေါ်ပေါက်လာခြင်း၊ အာဏာရ NLD ပါတီက ကိုဗစ်ကန့်သတ်ချက်များကို ဘောင်ကျော်လုပ်ဆောင်ခြင်း စသည့် သံသယဖြစ်ဖွယ်အငြင်းပွားမှုများရှိနေခြင်းကြောင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းစစ်ဆေးရန်လည်း ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးပါတီ ၁၅ ခုက ရွေးကောက်ပွဲအပြီး ၃ ရက်အကြာတွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။