သတင်း

တပ်ချုပ် သင်္ကြန်ပွဲတက်မည့် ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

စစ်ဗိုလ်ချုပ်အများအပြားမွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

အာဏာသိမ်းစစ်တပ်အတွက် အရာရှိစစ်သားများ မွေးထုတ်ပေးရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ကို ပစ်မှတ်ထား၍ တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ယနေ့ (ဧပြီ ၈) နံနက်ပိုင်းတွင် ပစ်ခတ်ရာ ပျက်စီးမှုတချို့ ရှိခဲ့သည်။

ပြင်ဦးလွင်မြို့အဝင် မန္တလေး-လားရှိုး ကားလမ်းမကြီးဘေးရှိ စစ်တက္ကသိုလ်ဝင်ပေါက် (ဗိုလ်လောင်းရုပ်တုဂိတ်) အနီး နံနက် ၃ နာရီကျော်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲသည့် နေရာသည် မန္တလေး-လားရှိုး လမ်းဘေး ဗိုလ်လောင်းရုပ်တုဂိတ်နှင့် ပေ ၁၀၀ ခန့်အကွာတွင် ဖြစ်ပြီး လမ်းနှင့် အုတ်တံတိုင်းတချို့ ပျက်စီးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောပြသည်။

“ချက်ချင်းပဲ မနက်ခင်းပိုင်းမှာ လာပြီး ပြင်သွားတယ်၊ လမ်းတွေလည်း ဖာသွားတယ်၊ အုတ်တံတိုင်းတွေလည်း ပြင်သွားတယ်။ ကေဘယ်ကြိုးတွေကတော့ အခုကို ပြင်နေတုန်း” ဟု စစ်တက္ကသိုလ်အနီး နေထိုင်သည့် ထိုဒေသခံအမျိုးသားက ပြောသည်။

“ဝှီးခနဲ၊ အုန်းခနဲ၊ အသံ နှစ်ချက်ကတော့ တော်တော့်ကို ကျယ်တယ်။ တုန်ခါပြီးတော့ တစ်မြို့လုံးလည်း အသံတွေ အကုန်ကြားရတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိုတိုက်ခိုက်မှုကို ၎င်းတို့၏ဒေသတွင်းတပ်ဖွဲ့ဖြစ်သည့် မန္တလေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၁၀၇ မမ ဟုခေါ်သော လက်နက်ကြီး ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

လက်နက်ကြီးကျည် ၅ ခုတွင် ၄ ခုသည် စစ်တက္ကသိုလ်အတွင်းရှိ အဆောင်များအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု NUG ဘက်က ဆိုသည်။

စစ်တက္ကသိုလ်အနီး တိုက်ခိုက်ခံရမှု နောက်ဆက်တွဲအဖြစ် ယနေ့နက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အဝင်၊ အထွက်တို့တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း ဒေသခံတို့ကမူ မြို့ထဲတွင် ပုံမှန်အတိုင်း သွားလာနေကြသည်ဟုလည်း အခြားဒေသခံ ၂ ဦးထံမှ သိရသည်။

တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့်သီတင်းပတ် ကြာသပတေးနေ့ကလည်း နေပြည်တော်ရှိ အေလာလေတပ်စခန်း၊ စစ်ရုံးချုပ်နှင့် စစ်ခေါင်းဆောင်တို့၏ နေအိမ်များကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ အရေးကြီးပစ်မှတ်များကို ၄ ရက်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်လာသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ဗိုလ်ချုပ်ကြီးများအတွက် နေပြည်တော်နှင့် ပြင်ဦးလွင်သည် အလုံခြုံဆုံးသော နေရာများဖြစ်သည်။

စစ်တပ်မြို့ဟု ခေါ်၍ရသော မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် မဟာသင်္ကြန်ပွဲကို စစ်ခေါင်းဆောင်က သူ့မိသားစုနှင့်အတူ နှစ်စဉ် တက်ရောက်လေ့ရှိသည်။ လာမည့် ရက်ပိုင်းအတွင်း ကျရောက်မည့် သင်္ကြန်ကာလတွင်လည်း ပြင်ဦးလွင်သို့ စစ်ခေါင်းဆောင် လာရောက်ရန် စီစဉ်ထားသည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်တချို့က ဆိုသည်။

နေပြည်တော်တိုက်ခိုက်ခံရမှုကို စစ်ကောင်စီဘက်က ဝန်ခံထားပြီး ဒရုန်းများကို ပစ်ချ၊ ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ စစ်တက္ကသိုလ် တိုက်ခိုက်ခံရမှုကိုမူ စစ်ကောင်စီဘက်က ညနေပိုင်းအထိ  သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယခုကဲ့သို့ တိုက်ခိုက်ခံရများကြောင့် ပြင်ဦးလွင်သင်္ကြန်သို့ စစ်ခေါင်းဆောင် တက်ရောက်မည့် အစီအစဉ် မည်သို့ ထိခိုက်မည်ကို မသိရသေးပေ။

၂၀၂၂ ခုနှစ်အတွင်းက ပြင်ဦးလွင်မြို့၊ စစ်တပ်သင်္ကြန်ပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင်။

၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) အပါအဝင် နေရာ ၅ခုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။

လွန်ခဲ့သော ၅နှစ်ခန့်က အထက်ပါ တိုက်ခိုက်မှုထက် ယနေ့နံနက်ပိုင်း ပေါက်ကွဲသံက ပိုကျယ်သည်ဟုလည်း မြို့ခံများက ဆိုသည်။

Show More

Related Articles

Back to top button