သတင်း

တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

စစ်တပ်မြို့ဟု ခေါ်၍ရသော ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးခုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို ယနေ့မနက် ငါးနာရီခွဲတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ တက္ကသိုလ်ဝန်ထမ်း အရပ်သားတစ်ဦး သေဆုံးပြီး စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယနေ့နံနက်ပိုင်းတွင် ပြောသည်။

 “ကျောင်းထဲကို လက်နက်ကြီးငါးလုံး ကျရောက်ပေါက်ကွဲတယ်။ ကျောင်းမှာ ရှိတဲ့အဆောက်အအုံတချို့ အနည်းငယ် ထိခိုက်ပျက်စီးတယ်။ အရပ်သားဝန်ထမ်းတစ်ယောက် သေဆုံးခဲ့တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့မနက်က တိုက်ခိုက်မှုကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ သုံးဖွဲ့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း TNLA အဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က အတည်ပြုပြောဆိုသည်။

ထို့ပြင် ပြင်ဦးလွင်မြို့ရှောင်လမ်းပေါ်ရှိ တိုးလ်ဂိတ်နေရာ၊ နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတွင်တစ်နေရာ၊ နောင်ချိုမြို့နယ် ရထားလမ်းအနီး လော့ပန်တွင်တစ်နေရာနှင့် နောင်ချိုမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ တိုးဂိတ်အနီး စုစုပေါင်း ၅ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက အတည်ပြုသည်။

“မြန်မာစစ်တပ်ဘက်က ကျွန်တော်တို့လှုပ်ရှားနယ်မြေအတွင်းကို တောက်လျှောက် ထိုးစစ်တွေ ပြုလုပ်လာတယ်။ အတွင်းပိုင်းအထိကို ထိုးစစ်ဆင်လာတဲ့အတွက် သွားရေးလာရေးလှုပ်ရှားမှုက တော်တော်လေး ကျဉ်းကျပ်လာတယ်။ အဲဒါကြောင့် ခုခံကာကွယ်တဲ့ပုံစံ ပြောင်းပြီးတော့မှ ပြန်ပြီးထိုးစစ်ဆင်တာဖြစ်တယ်” 

ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က Myanmar Now ကို ပြောသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ နောင်ချိုရှိ တပ်မတော်တပ်ရင်းတစ်ခု ဌာနချုပ် အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း၊ ထို့အပြင် နောင်ချိုရှိ ဂုတ်တွင်းတံတား ရဲစခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခိုက်ခံခဲ့ရကြောင်း ပြောသည်။

နောင်ချိုတိုးဂိတ်အနီးရှိ မူးယစ်စစ်ဆေးရေးဂိတ် မီးလောင်ပျက်စီးနေသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – Myo Thant Aung Facebook)

“ပြင်ဦးလွင်ဘက်မှာ နှစ်နေရာဖြစ်ခဲ့တယ်။ တပ်မတော်နည်းပညာတက္ကသိုလ်ရယ်၊ ပြင်ဦးလွင်အထွက်ဂိတ်ရယ်။ ပြင်ဦးလွင်အခြေအနေကိုတော့ လုံခြုံရေးအရ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်။ နောင်ချိုဘက်မှာတော့ မြို့တွင်းနဲ့ တပ်ရင်းဌာနချုပ်ကိုတော့ ထိန်းချုပ်ထားနိုင်ပြီ။ နောင်ချိုအထွက်မှာရှိတဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်မှာတော့ တပ်မတော်စစ်ကြောင်းတွေ ရောက်နေကြပြီ။ ရှင်းလင်းဆောင်ရွက်နေပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် နောင်ချိုမြို့အထွက်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၊ ပူးပေါင်းစစ်ဆင်ရေးဂိတ်ကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့မနက် ၇ နာရီခွဲအချိန်အထိ တပ်မတော်နှင့် အဆိုပါလက်နက်ကိုင်အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ရှမ်းအရှေ့မြောက်ဘက်၊ ကွတ်ခိုင်ဘက်မှာ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေ ရာနဲ့ချီပြီး ဖမ်းမိတယ်။ အဓိကကတော့ အဲဒီကိစ္စကြောင့်လို့ပဲ လောလောဆယ် သုံးသပ်ထားပါတယ်။ ကျွန်တော်တို့ မကြာခင် သတင်းထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်၏ထိုးစစ်ကို ဟန့်တားရန်အတွက် ယခင်က တပ်မတော်၏ ဗျူဟာမြောက်တပ်စခန်းကုန်းများနှင့် အခြားပစ်မှတ်များကိုသာ ရွေးချယ်ခဲ့သော်လည်း တပ်မတော်စစ်တက္ကသိုလ်တစ်ခုကို တိုက်ခိုက်ခြင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့များအတွက် ပထမဦးဆုံးဖြစ်သည်။

တပ်မတော်နည်းပညာတက္ကသိုလ်ကို ပစ်မှတ်ထားရွေးချယ်ရခြင်းအကြောင်းရင်းကိုမူ စစ်ရေးဗျူဟာကိစ္စဖြစ်နေ၍ အသေးစိတ်မရှင်းပြနိုင်သေးကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့လှုပ်ရှားရာ ဒေသများဖြစ်သည့် မြန်မာပြည်မြောက်ပိုင်းနှင့် ရခိုင်ဒေသများတွင် တပ်မတော်၏ထိုးစစ်များ ရပ်တန့်ပေးရန်နှင့် မရပ်တန့်ပါက နောက်ဆက်တွဲဆိုးကျိုးများကို တပ်မတော်က တာဝန်ခံရမည်ဖြစ်ကြောင်း MNDAA၊ TNLA နှင့် AA တို့က ဩဂုတ်လ ၁၂ ရက်နေ့စွဲဖြင့် စာထုတ်ထားသည်။

Show More

Related Articles

Back to top button