မန္တလေးတိုင်း ငါန်းဇွန်နှင့် မြို့သာမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မဲရုံဝန်ထမ်းတစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌတစ်ဦး အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မဲဆန္ဒရှင်အချို့တို့ကို ရာဇသတ်ကြီးပုဒ်မများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မများဖြင့် ရဲစခန်း၌ အမှု ၁၀ မှု ဖွင့်လှစ်တိုင်ကြားထားသည်။
ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ မဲရုံအမှတ်(၁) ဒုမဲရုံမှူး၊ ဆပ်ပြာခဲကျေးရွာ အုပ်ချုပ်ရေးမှူး၊ နတ်စိမ်းရွာ ရာအိမ်မှူး၊ သံကုန်းရွာ NLD ရပ်ကျေးဥက္ကဋ္ဌ၊ မဲဆန္ဒရှင် ၇ ဦး စသည်ဖြင့် စုစုပေါင်း ၁၁ ဦးကို ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများကြောင့် တိုင်ကြားထားသည်ဟု ဆပ်ပြာကျင်းရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကိုက ပြောသည်။
ဆန္ဒမဲနှစ်ကြိမ်ပေးခြင်း၊ ကိုယ်စားမဲပေးခြင်း၊ မဲရုံနှင့် ကိုက် ၅၀၀ အတွင်း NLD ပါတီအမှတ်တံဆိပ်ပါ အနီရောင် နှာခေါင်းစည်းများ ဝတ်ဆင်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ သမ္မတဟောင်း ဦးသိန်းစိန်ကို အပုပ်ချသော သီချင်းဖွင့်ခြင်းတို့ကြောင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ဦးအောင်ကိုက ဆိုသည်။
တိုင်ကြားခံရသူများမှာ ဆပ်ပြာကျင်း၊ သံကုန်း ၊ နတ်စိမ်း၊ မြောက်ကျင်း၊ လက်ပံကျင်း၊ ပေါက်စိမ်း၊ မင်းနေကုန်း စသည့် ကျေးရွာများမှ ဖြစ်ပြီး ပါတီ၏ ခွင့်ပြုချက်ဖြင့် ဦးအောင်ကိုက နိုဝင်ဘာ၂၁ တွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာပုဒ်မများဖြစ်သည့် ပုဒ်မ ၅၈ (ဃ)၊ ၅၉ (ဆ)၊ ၅၉ (ဇ)၊ ၆၁ (က) တို့အပြင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးပုဒ်မများဖြစ်သည့် နိုင်ငံတော် တည်ငြိမ်ရေး ပျက်ပြားစေရန်အကြံဖြင့် တမင်စော်ကားခြင်းပုဒ်မ ၅၀၄၊ လူတစ်ဦး၏ အသက် သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေမှုပုဒ်မ ၃၃၆ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။
“ဖွင့်တာကတော့ ပုဒ်မတွေ အများကြီးပဲ။ ဒီမှာက ရဲစခန်းနှစ်ခု ရှိတာလေ။ မြို့သာနဲ့ ငါန်းဇွန်မြို့မစခန်း။ ဟိုဘက်နယ်မြေ ဟိုဘက်ဖွင့်၊ ဒီဘက်ဆို ဒီဘက်ဖွင့်။ မဲဆွယ်ကာလကတည်းက ပြဿနာတွေရော ပါတယ်” ဟု ငါန်းဇွန်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ရင်က ပြောသည်။
မဲဆွယ်ကာလအတွင်း၌လည်း ပြည်ခိုင်ဖြိုးပါတီအင်္ကျီကို နွား၏ချိုတွင် ချိတ်ဆွဲကာ ရွာထဲတွင် ကျောင်းခဲ့သည့်အတွက် နွားပိုင်ရှင်ဖြစ်သည့် ဆပ်ပြာကျင်းရွာနေ ၄၅ နှစ်အရွယ် ဦးထွန်းလွင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၄ ဖြင့် အမှုဖွင့်ထား သည်ဟု ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးကိုကိုက Myanmar Now ကို ပြောသည်။
ထိုသို့ ပြုလုပ်ခဲ့သည်ကို ဆပ်ပြာကျင်းကျေးရွာပြည်ခိုင်ဖြိုးဥက္ကဋ္ဌက မြင်တွေ့ခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် လက်ပကျင်းရွာသို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးဆင်းစဉ် “ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ခိုးသူ၊ မြစ်ဆုံရောင်းစားသူ စသည်ဖြင့် ပါတီကို အပုပ်ချစွပ်စွဲသည့် သီချင်းကို အသံချဲ့စက်ဖြင့် ဖွင့်ဆိုသည့်အတွက် လက်ပကျင်းရွာနေ ဦးမျိုးဆွေအမည်ရှိသူကို ရွေးကောက်ပွဲဆိုင်ရာပုဒ်မ ၅၈ (ဃ) ဖြင့် အမှုဖွင့်ထားသည်။
ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီးအမှတ် (၂) ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးမှုအပေါ် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ဆားကျင်ကျေးရွာနေ ဦးခင်မောင်စိုးကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည်။
ပြည်ခိုင်ဖြိုးပါတီ၏ စွပ်စွဲချက်များမှာ မမှန်ကန်ကြောင်း၊ ပြဿနာရှာကာ ပုံကြီးချဲ့အမှုဖွင့်ခြင်းသာ ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ပြောသည်။
“ပြဿနာမရှိ ပြဿနာရှာ ဖွင့်တာပါ။ နွားမှာ အင်္ကျီချိတ်တယ် ဆိုတာကလည်း ပုံကြီးချဲ့တာပါ။ နွားကျောင်းထွက်လာသူက တောဓလေ့အရ လုပ်တာပါ။ ပြည်ခိုင်ဖြိုးအင်္ကျီကလည်း ၂၀၁၅ လောက်ကတည်းက။ ပြည်ခိုင်ဖြိုးအင်္ကျီမှန်းတောင် မသဲကွဲတော့ပါဘူး” ဟု ၎င်းက ပြောသည်။
ငွေပေးမဲဆွယ်သည်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇ ဖြင့် ပြည်ခိုင်ဖြိုးက အမှုဖွင့်ထားသူ ငါန်းမြာရွာနေ NLD ပါတီဝင် ကိုမျိုးထက်ကျော်ကမူ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ရွာ၌ အလှူအတန်းပြုခြင်းသာ ဖြစ်ပြီး ယင်းအလှူအတန်းသည် ပါတီနိုင်ငံရေးကင်းရှင်းသည်ဟု ဆိုသည်။
“ကျွန်တော်တို့မိသားစုက အမြဲ ရွာထဲကို အလှူအတန်းလုပ်တယ်။ အဲဒါက ပါတီနိုင်ငံရေး ကင်းရှင်းတယ်။ အခုကိုဗစ်ကာလမှာလည်း ဆီနဲ့ပိုက်ဆံ ဝေတယ်။ ဒါတွေနဲ့ မဲဆွယ်ပါတယ်ဆိုပြီး အမှုဖွင့်တယ်ဗျာ” ဟု ကိုမျိုးထက်ကျော်က ပြောသည်။
လတ်တလောတွင် ပြည်ခိုင်ဖြိုးပါတီက ဖွင့်ထားသည့် အမှုများကို လက်ခံထားပြီး စိစစ်ဆောင်ရွက်နေကြောင်း ငါန်းဇွန်မြို့မရဲစခန်းမှူးက ဒုရဲမှူးမောင်မောင်ရင်က ပြောသည်။