အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ခံ NLDကိုယ်စားလှယ် သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်၌ ရွေးကောက်ခံထားရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကိုယ်စားလှယ် ဦးထိုက်ဇော်အား ၎င်း၏ နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဒီညနေ သူ့အိမ်ရှေ့မှာ ကွမ်းယာထွက်စားနေတုန်း ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ သေနတ်နဲ့ပစ်တယ်။ ညာဘက်ရင်အုံမှာ မှန်တယ်။ ဒါက နိုင်ငံရေးကို အကြမ်းဖက်တဲ့နည်းကို သုံးတယ်လို့ မြင်ပါတယ်။”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ကျောက်မဲဒေသခံ ပရဟိတအဖွဲ့များက သေနတ်ဒဏ်ရာရရှိထားသည့် ဦးထိုက်ဇော်အား ကျောက်မဲဆေးရုံသို့ ပို့ဆောင်စဉ် အချိန်မှာပဲ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ 

NLD ပါတီအနေဖြင့် နိုင်ငံရေးအပေါ် လက်နက်ကိုင်အကြမ်းဖက်မှုအား ရှုတ်ချသည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ 

အဆိုပါဖြစ်စဉ်မတိုင်ခင် နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းက လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးထွန်းထွန်းဟိန်၏ အစ်ကိုရင်းဖြစ်သူ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်း၏ နေအိမ်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ဖူးသည်။

“ကျွန်တော်တို့အနေနဲ့ အထူးစိတ်မကောင်းဖြစ်ရပါတယ်၊ တစ်နည်းအားဖြင့် ဒါဟာ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဘယ်လောက်လိုအပ်နေတယ် ဆိုတာကို ပြလိုက်တာလည်း ဖြစ်ပါတယ်၊ သူ့နေရာကတော့ လစ်လပ်ပဲ ဖြစ်မှာပါ၊ ကြားဖြတ်ရွေးကောက်ပွဲမှသာ သူ့နေရာအတွက် ပြန်ရွေးကြရမှာပါ” ဟု လက်ရှိ အမျိုးသားလွှတ်တော် အမှတ် (၁) ကိုယ်စားလှယ်ဖြစ်ပြီး ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က Myanmar Now သို့ ပြောကြားသည်။

နိုဝင်ဘာ ၈ရက်နေ့ က ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက် ဦးထိုက်ဇော်သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဦးစိုင်းမြထွန်းဆွယ်ဟိန်း(ခ) စိုင်းဆမ်လျဲန်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်စိန်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးစိုးကိုခိုင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ဦးစိုင်းထွန်းလင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button