
မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိသည့်အနက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆက်တိုက်ရှုံးနိမ်ခဲ့သည့် ပါတီ ၅၀ အထိ ရှိနေသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်တမ်းများအရ နိုင်ငံရေးပါတီ ၉၁ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်၂၂ ပါတီအနိုင်ရခဲ့ပြီး ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၈၇ ပါတီ ဝင်ပြိုင်ရာ ၁၉ ပါတီသာ အနိုင်ရခဲ့သည်။
ထိုရွေးကောက်ပွဲနှစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သော နိုင်ငံရေးပါတီမှာ ၅၀ တိတိရှိနေပြီး ထိုအထဲတွင် ဝါရင့်နိုင်ငံရေးသမားများဖြစ်သည့် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် သမ္မတဟောင်းဦးသိန်းစိန်၏ အကြံပေးဖြစ်ခဲ့သူ ဒေါက်တာနေဇင်လတ်၏ ပါတီတို့လည်း ပါဝင်သည်။
အဆိုပါ နိုင်ငံရေးပါတီ ၅၀ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအရေအတွက်မှာ ၂၀၁၅ တွင် ၁၃၃၇ ဦးအထိ ရှိခဲ့သော်လည်း ၂၀၂၀ တွင် ၄၂၈ ဦးသာ ရှိသည်။ ပါတီအလိုက် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၃ ဦးဖြင့်သာ ဝင်ပြိုင်နိုင်သည့် ပါတီများရှိသလို ကိုယ်စားလှယ် ၃၀၀ ကျော်အထိ ဝင်ပြိုင်သော ပါတီများရှိသော်လည်း တစ်နေရာမျှ အနိုင်ရခဲ့ဖူးခြင်း မရှိပေ။
ဝါရင့်နိုင်ငံရေးသမား ဦးသိန်းညွန့် ထူထောင်ထားသည့် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၇ ဦး၊ ၂၀၂၀ တွင် ကိုယ်စားလှယ်လောင်း ၃ ဦးဖြင့် ဝင်ပြိုင်ခဲ့သော်လည်း ထိုနှစ်ကြိမ်လုံးတွင် ရှုံးနိမ့်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ခွဲထွက်ပြီး ဦးခင်မောင်ဆွေနှင့်အတူ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို ထူထောင်ခဲ့သူ ဦးသိန်းညွန့်သည် NDF ကိုယ်စားပြုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။
သို့သော် ၂၀၁၅ နှင့် ၂၀၂၀ တွင် ၎င်း၏ ကိုယ်ပိုင်ပါတီဖြင့် မဲဆန္ဒနယ်ဟောင်းဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။
NLD ခွဲထွက်တစ်ဦးဖြစ်သော ဦးခင်မောင်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးစီးတာဝန်ယူထားသည့် NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ၂၀၂၀ နှင့် ၂၀၁၅ တွင် တစ်နေရာမျှ အနိုင်မရခဲ့ပေ။ ၂၀၁၅ တွင် ကိုယ်စားလှယ်လောင်း ၂၆၄ ဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၀၄ ဦးဖြင့် ဝင်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲနှစ်ကြိမ်ဆက်ရှုံးနိမ့်သည့် နိုင်ငံရေးပါတီများအနက် ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံးဝင်ပြိုင်နိုင်သည့် ပါတီဖြစ်သည်။
ရွေးကောက်ပွဲရှုံးနိမ့်ခြင်းမှာ အာဏာရ NLD ပါတီကက အနိုင်ကျင့်၍ မဲရအောင်လုပ်သွားသောကြောင့်ဖြစ်သည်ဟု ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်ထားသည့် NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
“အနိုင်ရပါတီတစ်ရပ်အနေနဲ့ မဲတွေကို လိမ်လည်ပြီးရယူမယ့်ဟာမျိုး ဆက်လုပ်နိုင်မယ့် အလားအလာရှိရင် ရွေးကောက်ပွဲကို တော်တော်ကြီးစဉ်းစားရတော့မှာပါ” ဟုလည်း ၎င်းက ပြောသည်။

သမ္မတဟောင်းဦးသိန်းစိန်၏ အကြံပေးဖြစ်ခဲ့သူ ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီသည်လည်း ပါတီတည်ထောင်ပြီးချိန်မှ ယနေ့အထိ ရွေးကောက်ပွဲများ ဝင်ပြိုင်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ အနိုင်ရခဲ့ဖူးခြင်း မရှိပေ။
ဒေါက်တာနေဇင်လတ်၏ ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၃၆ ဦးဖြင့် ဝင်ပြိုင်ခဲ့သော်လည်း ၂၀၂၀ တွင် ကိုယ်စားလှယ်လောင်း ၁၂ ဦးသာ ဝင်ပြိုင်နိုင်ခဲ့သည်။
ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်ခဲ့ကြသည့် နိုင်ငံရေးပါတီ ၅၀ အနက် ပါတီ ၂၀ သည် နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံ၍ ရွေးကောက်ပွဲတရားမျှတမှု မရှိပါက တပ်မတော်မှ ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုရာတွင် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရှုံးနိမ့်ထားသည့် နိုင်ငံရေးပါတီများအနက် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှ ပေါက်ဖွားလာသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) လည်း အပါအဝင်ဖြစ်သည်။ DPNS ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၁ ဦး၊ ၂၀၂၀ တွင် ၁၅ ဦးဖြင့် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။
ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ကြိမ်လုံးတွင် တစ်နေရာမျှ အနိုင်မရဖူးသော နိုင်ငံရေးပါတီများတွင် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့် ကရင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားလူမျိုးစုကိုယ်စားပြု နိုင်ငံရေးပါတီငယ်များ ၂၁ ခုလည်း ပါဝင်သည်။
အဆိုပါ တိုင်းရင်းသားပါတီများအနက် မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသားများပါတီများသည် အများဆုံး ၃ နေရာအထိသာ ဝင်ပြိုင်နိုင်ခဲ့ကြသည်။ ၂၀၂၀ ရွေးကောက်ပွဲ၌ ထိုတိုင်းရင်းသားပါတီများ ဝင်ပြိုင်သည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသဖြင့် အမှန်တကယ် ယှဉ်ပြိုင်ရွေးကောက်ခံခွင့် မရခဲ့ပေ။
ရွေးကောက်ပွဲဥပဒေအရ မဖြစ်မနေ အနည်းဆုံး ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရသည်ဖြစ်ရာ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်ထားသည့် ပါတီများအနက် အချို့မှာ မဲဆန္ဒနယ် ၃ နေရာသာ ဝင်ပြိုင်နိုင်ခြင်းဖြစ်သည်။
ရန်ကုန်အခြေစိုက် အမျိုးသားတိုးတက်မြင့်မားရေးပါတီသည် ပါတီရန်ပုံငွေမရှိခြင်းကြောင့် ပါတီကိုယ်စားပြုဝင်ပြိုင်လိုသူ ကိုယ်စားလှယ်လောင်းများ၏ အင်အားဖြင့်သာ ရွေးကောက်ပွဲဝင်ပြိုင်ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်စိန်က ပြောသည်။
“သုံးယောက်ဝင်နိုင်အောင်တော့ အစကတည်းက စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ သုံးယောက်မဝင်ရင် ကျွန်တော်တို့ ရပ်တည်ခွင့် မရှိတော့ဘူး။ ဖြစ်တဲ့နည်းနဲ့ ဝင်မယ်။ ငွေကုန်ကြေးကျလည်း သက်သာတယ်။ စည်းရုံးရေးလည်း လုပ်နိုင်တဲ့အခြေအနေလည်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။