
၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးကောက်ခံခဲ့ရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များတွင် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်ခြင်း၊ မေးခွန်းမေးမြန်းခြင်း မရှိဘဲ ၅ နှစ်လုံးလုံး လွှတ်တော်ထဲ ငုတ်တုတ်ထိုင်နေခဲ့သူ အမတ် ၆ ဦးလည်း ပြန်လည်ပါဝင်လာသည်။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်အား အပြန်အလှန်ထိန်းညှိရန် တာဝန်ရှိသည့် လွှတ်တော်၌ သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများကို ကိုယ်စားပြုရန် နောက်တစ်ကြိမ် ထပ်မံရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၄ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် တအာင်း (ပလောင်) အမျိုးသားပါတီမှ ၁ ဦးဖြစ်သည်။
လွှတ်တော်အစည်းအဝေးမှတ်တမ်းများကို စောင့်ကြည့်လေ့လာနေသည့် အာနန္ဒာဒေတာအဖွဲ့၏ အချက်အလက်များအရ ၂၀၁၆ ခုနှစ်က စတင်ခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်ခြင်း၊ မေးခွန်းမေးမြန်းခြင်း မရှိသည့် ကိုယ်စားလှယ် ၁၇ ဦးရှိသည့် အနက် ၆ ဦးမှာ ယခုရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
“၅ နှစ်အတွင်းမှာ ဒီလိုမျိုး တစ်ခါမှ ပုံမှန်အစည်းအဝေးမှာ စကားထမပြောဖြစ်ဘူးဆိုတာတော့ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတဲ့ကိစ္စပဲလို့ ကျွန်တော်တော့မြင်တယ်” ဟု အာနန္ဒာဒေတာအဖွဲ့မှ ဒါရိုက်တာ ကိုထင်ကျော်အေးက Myanmar Now ကို ပြောသည်။
လွှတ်တော်တွင်း၌ မည်သည့်လှုပ်ရှားမှုမျှ မရှိသော်လည်း ပြန်လည်ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ NLD ပါတီမှ ကရင်ပြည်နယ် အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်၊ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေတို့ ဖြစ်သည်။
အလားတူပင် တအာင်း (ပလောင်) အမျိုးသားပါတီမှ ရှမ်းပြည်နယ် နမ့်ခမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်နှင့် ပြည်ခိုင်ဖြိုးပါတီမှ ရှမ်းပြည်နယ် ကုန်းကြမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလီကျိန်းဖူ (ခ) ဦးမြင့်ဆွေတို့သည် အဆိုတင်ဆွေးနွေးခြင်း မရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
သမ္မတဟောင်း ဦးထင်ကျော်၏ဇနီးလည်းဖြစ်သူ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း အဆိုတင်ဆွေးနွေးမှု မရှိသည့် ကိုယ်စားလှယ်များအနက် တစ်ဦးဖြစ်ကြောင်း အာနန္ဒာဒေတာအဖွဲ့၏ အချက်အလက်များတွင် တွေ့ရသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် ပုံမှန်လွှတ်တော်အစည်းအဝေးတက်ရောက်ခြင်းအပြင် ကိုယ်တိုင်အဆိုတင်သွင်းခြင်း၊ အခြားသူများတင်သွင်းရာတွင် ပါဝင်ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ပြုလုပ်နိုင်သည်။
လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းဟူ၍ နှစ်မျိုးမေးမြန်းနိုင်ကာ ကြယ်ပွင့်ပြမေးခွန်းကို ဝန်ကြီးဌာနများက လွှတ်တော်သို့ ကိုယ်တိုင်လာရောက်၍ နှုတ်ဖြင့် ဖြေဆိုရပြီး ကြယ်ပွင့်မပြမေးခွန်းကိုမူ သက်ဆိုင်ရာဝန်ကြီးဌာနက စာဖြင့် ဖြေကြားရသည်။
ကြယ်ပွင့်ပြမေးခွန်းသည် လွှတ်တော်တွင် ဆွေးနွေးခွင့်ရရန် လေးလမှ ငါးလအထိ ကြာမြင့်ခြင်းကြောင့် ကြယ်ပွင့်မပြမေးခွန်းများကိုသာ မေးမြန်းခြင်းဖြစ်ကြောင်း အဆိုတင်ဆွေးနွေးဖူးခြင်း မရှိသည့် NLD ပါတီမှ အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက Myanmar Now ကို ပြောသည်။
တိုင်းနှင့်ပြည်နယ် လွှတ်တော်များတွင်မူ ကြယ်ပွင့်ပြမေးခွန်းနှင့် အဆိုများအပြင် ကြယ်ပွင့်မပြမေးခွန်းများကိုပါ မှတ်တမ်းပြုစုထားသော်လည်း ပြည်ထောင်စုလွှတ်တော်အဆင့် လွှတ်တော်များတွင်မူ ကြယ်ပွင့်မပြမေးခွန်းများကို မှတ်တမ်းမထားသည့်အတွက် သဘာဝမကျဟုလည်း ၎င်းက ဝေဖန်သည်။
ကြယ်ပွင့်မပြမေးခွန်းသည် သုံးပတ်ခန့်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားပေးခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်သည့် အားသာချက်ရှိသည်ဟု ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ဦးဇော်မင်းက ဆိုသည်။
လွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း မမေးမြန်းသော်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ဦးဇော်မင်း၏ ဆောင်ရွက်ချက်များမှာ အားရဖွယ်ဖြစ်သည်ဟု အုတ်ဖိုမြို့နယ် နနွင်းကုန်းကျေးရွာအုပ်စု အဖိုးအေးကျေးရွာနေ ဦးထွန်းထွန်းဦးက Myanmar Now ကို ပြောသည်။
“သူကိုယ်တိုင် ကွင်းဆင်းပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့မှုတွေ တအားလုပ်ပါတယ်။ ကြယ်ပွင့်ပြမေးခွန်းပဲ သူ အားနည်းချက်ရှိတယ်လို့ ကျွန်တော်တို့ ထောက်ပြရမှာပဲ” ဟု ဦးထွန်းထွန်းဦးက ပြောသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်မှာမူ လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းတစ်ခု မေးမြန်းခဲ့သော်လည်း ဝန်ကြီးဌာနက လွှတ်တော်တွင် နှုတ်ဖြင့်မဖြေဆိုဘဲ စာဖြင့်သာ ဖြေကြားခဲ့သဖြင့် မှတ်တမ်းမရှိခြင်း ဖြစ်သည်။
ကျိုက်ထိုမြို့သို့ ပြန်၍ ဒေသဖွံ့ဖြိုးရေးသာ ပိုမိုလုပ်ဆောင်ပြီး မွန်ပြည်နယ် NLD ပါတီတာဝန်များလည်း ထမ်းဆောင်ရသဖြင့် လွှတ်တော်၌ အဆိုတင်သွင်းခြင်းတွင် အားနည်းကြောင်း ဒေါက်တာခင်ဆောင်က ဆိုသည်။
“ကျွန်တော်က ပြည်နယ် (ပါတီအလုပ်အမှုဆောင်ဥက္ကဋ္ဌ) တာဝန်ကို ထမ်းဆောင်နေရတဲ့အတွက် အလုပ်အမှုဆောင်ဥက္ကဋ္ဌအနေနဲ့ ပြန်လုပ်နေရတာတွေ ရှိတယ်။ အဲ့ဒါကြောင့်မို့ အဲ့ဒီဘက်မှာ အားနည်းပါတယ်” ဟု ၎င်းက ပြောသည်။
မည်သို့ပင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် အစိုးရကို စိစစ်ထိန်းကျောင်းခြင်း၊ ဥပဒေပြုခြင်းနှင့် ပြည်သူကို ကိုယ်စားပြုခြင်း စသည့်တာဝန်များကို ပုံစံမျိုးစုံဖြင့် ထမ်းဆောင်ရခြင်းဖြစ်ပြီး လွှတ်တော်အတွင်း ဆွေးနွေးမှုမရှိသည်မှာ အားနည်းချက်တစ်ခုဖြစ်ကြောင်း ကိုထင်ကျော်အေးက မှတ်ချက်ပြုသည်။
ပြည်ခိုင်ဖြိုးပါတီ လွှမ်းမိုးခဲ့သည့် ပထမအကြိမ်လွှတ်တော်တွင်လည်း လွှတ်တော်တွင်းဆွေးနွေးမှုမရှိသည့် ကိုယ်စားလှယ်လောင်းများရှိခဲ့ပြီး ၎င်းတို့သည် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခြင်းနှင့် အခြားနည်းလမ်းများဖြင့် တာဝန်ထမ်းဆောင်မှုရှိသဖြင့် တာဝန်မကျေပွန်ဟု မသတ်မှတ်နိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ) က ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် NLD အစိုးရအနေဖြင့် ရွေးကောက်ခံကိုယ်စားလှယ်များ လွှတ်တော်မှတစ်ဆင့် အစိုးရ၏ လုပ်ဆောင်ချက်များကို မေးခွန်းထုတ်ခြင်း၊ သတင်းမီဒီယာများတွင် ပြောဆိုခြင်းကို မနှစ်သက်သည့်သဘော တွေ့ရကြောင်းလည်း ဦးရဲထွန်းက ဆိုသည်။
“မီဒီယာတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်တဲ့သူတွေက ဒီလူတွေက (အဆိုမတင်၊ မေးခွန်းမမေး ကိုယ်စားလှယ်) လွှတ်တော်ကိုယ်စားလှယ်အရည်အချင်း မရှိဘူး။ ကိုယ့်တာဝန်ကို တက်တက်ကြွကြွမထမ်းဆောင်ဘူးလို့ ပြောပေမဲ့ အဲ့လိုထမ်းဆောင်တဲ့လူက အစိုးရကို Check and Balance လုပ်တဲ့သူတွေက နောက်ရွေးကောက်ပွဲမှာ မပါတော့ဘူးဗျ” ဟု ၎င်းက ပြောသည်။
NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းကို မကြည့်ဘဲ ပါတီကိုကြည့်၍ မဲထည့်ရန် ပြောဆိုစည်းရုံးခဲ့ခြင်းကြောင့် နိုင်ငံရေးသမိုင်းကြောင်းမရှိသူ၊ အလုပ်မလုပ်သူ ကိုယ်စားလှယ်များပါဝင်ပါက ပြည်သူလူထုနစ်နာကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် Myanmar Now ကို ပြောဆိုခဲ့သည်။
“အရင် လွှတ်တော်တွေမှာ လွှတ်တော်ထဲ ငုတ်တုတ်ထိုင်နေတဲ့ ကိုယ်စားလှယ်တွေ အများကြီးတွေ့ရပါတယ်။ အဲ့ဒါဆိုရင် ရွာနာတာပေါ့ဗျာ။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက ရွေးသာရွေးပေးလိုက်ရတယ်။ ၅ နှစ်အတွင်းကို မဲဆန္ဒရှင်နဲ့လည်း ဟုတ်တိပတ်တိ ပြန်မထိတွေ့ဘူး။ လွှတ်တော်ထဲမှာလည်း ဟုတ်တိပတ်တိ စွမ်းဆောင်မှု မရှိဘူးဆိုရင် ရွာနာတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။