
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ငွေတုလက်ဝယ်တွေ့ရှိသဖြင့် ဖမ်းဆီးခံထားရသည့် စင်ကာပူပြန် မြန်မာလုပ်သားကို စွဲဆိုထားသည့် ပုဒ်မ နှစ်ခုအနက် ထောင်ဒဏ် နှစ် ၂ဝ အထိ ချမှတ်နိုင်သည့်ပုဒ်မကို ပဲခူးခရိုင်တရားရုံးက ယနေ့ ပယ်ချလိုက်သည်ဟု ၎င်းလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
ဗဟိုဘဏ်ဥပဒေ ပြည်ပမှ ငွေအတုတင်သွင်းမှု ပုဒ်မ ၁ဝ၆ ပျက်ပြယ်သွားပြီ ဖြစ်သောကြောင့် ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ နော်သောသွဲ့မှူးသည် ပုဒ်မ ၁ဝ၅ ငွေအတု သုံးစွဲမှုကိုသာ ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။
“တရားရုံးကိုဒီနေ့ ရမန်ထုတ်သွားတာ။ ပဲခူးခရိုင်ကနေ ၁ဝ၆ ပြုတ်သွားတဲ့အတွက် ဒိုက်ဦးရုံးမှာပဲ ထုတ်ရမယ် ဆိုလို့ အခု ဒိုက်ဦးပြန်လာတာ” ဟု လိုက်ပါကူညီပေးနေသည့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဟိန်းလတ်က ပြောသည်။
မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံနေရသော နော်သောသွဲ့ထူး အာမခံဖြင့် လွတ်မြောက်ရေးအတွက် သူ၏မိသားစုနှင့် ကူညီသူများက ကြိုးစားနေသည်။
“အာမခံရဖို့က … လုပ်ခွင့်ရ အာဏာရ တရားသူကြီးက ၇ ရက်နေ့မှ ရောက်မှာ ဖြစ်တဲ့အတွက် နောက်ရုံးချိန်း နှစ်ပတ် ၁ဝ ရက်နေ့ ရုံးချိန်းမှ ရနိုင်မယ် ထင်တယ်” ဟု ဦးဟိန်းလတ်က ပြောသည်။
နော်သောသွဲ့ထူးသည် စင်ကာပူအလုပ်ရှင်ပေးလိုက်သော ကျပ်ငွေဖြင့် စျေးဝယ်ထွက်ရာ ငွေအတုအသုံးပြုသည်ဟု စွပ်စွဲခံရပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် အထိန်းသိမ်းခံရခြင်းဖြစ်သည်။
ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ ၁ဝ၅ သည် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နှင့်ငွေဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။
တရားရုံးက အမှုကို ဇန်နဝါရီ ၃ ရက်နေ့တွင် ပြန်လည်စစ်ဆေးရန် ချိန်းဆိုထားရာ ထိုနေ့တွင် နော်သောသွဲ့မှူး အာမခံဖြင့် ပြန်လွတ်မည်ဟု မိခင်ဒေါ်သီသီခိုင်က မျှော်လင့်နေသည်။
“သူလည်း မနေ့ကတော့ တစ်နေကုန် ငိုနေတာ။ ဒီနေ့တော့ နည်းနည်းပြုံးနေတယ်။ အာမခံရဖို့လည်း လူကြီးတွေက ကူညီမယ် ပြောပါတယ်” ဟု ၎င်းက ပြောသည်။
ဤအမှု မတိုင်မီ ရက်ပိုင်းအလိုက တစ်သောင်းတန်အတု ကိုင်ဆောင်မှုဖြင့် အထိန်းသိမ်းခံရသည့် နိုင်ငံခြားသား သုံးဦး ရှိရာ ၎င်းတို့ထဲမှ တစ်သောင်းတန်အတု ၄၅ ရွက်ဖြင့် ဖမ်းဆီးရမိသည်ဟူသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို တရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးပြီးဖြစ်သည်။
တစ်သောင်းတန်အတု ၄၁ ရွက်ဖြင့် ဖမ်းမိသည်ဟူသော ထိုင်းအမျိုးသမီး၏ အမှုအခြေအနေအကြောင်း မသိရသေးပေ။
ဆက်စပ်
——–
လက်ထဲရောက်လာနိုင်သော တစ်သောင်းတန် အတု (သတင်းဆောင်းပါး)
တစ်သောင်းတန် အတု အစစ် ခွဲနည်း (သတင်း အချက်အလက်)
MyanmarNow သတင်းတွေပုံမှန်ဖတ်ရှုဖို့ MyanmarNow ဖေ့စ်ဘွတ်ပေ့ချ်ကို Like လုပ်ထားပြီး၊ See First ကိုလည်း ရွေးချယ်ထားဖို့လိုပါတယ်။