သတင်း

ငွေတုကြောင့် စင်ကာပူပြန် မြန်မာလုပ်သားနစ်နာခဲ့သည့် လုပ်အားခပြန်ရရန် လူ့အခွင့်အရေးကော်မရှင်တောင်းဆို

ရန်ကုန်ကျပ် ၁၀၀၀ဝ တန်ငွေစက္ကဴအတုများ လက်ဝယ်တွေ့ရှိသဖြင့် ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၅ နှစ်အရွယ် နော်သောသွဲ့ထူး နစ်နာခဲ့သည့် ငွေများ ပြန်လည်ရရှိရေးအတွက် နည်းလမ်းများ ရှာဖွေပေးရန် သမ္မတအပါအဝင် အစိုးရအရာရှိများအား လူ့အခွင့်အရေးကော်မရှင်က တောင်းဆိုလိုက်သည်။

စင်ကာပူနိုင်ငံတွင် အိမ်အကူသွားရောက်လုပ်ကိုင်ခဲ့သည့် နော်သောသွဲ့ထူးသည် ၎င်း၏အိမ်ရှင်က စင်ကာပူ မှ မထွက်ခွာမီ ၎င်း၏လုပ်အားခငွေများအတွက် လဲလှယ်ပေးလိုက်သည့် မြန်မာငွေစက္ကူများကိုသုံးပြီး မြန်မာ နိုင်ငံအတွင်း ဈေးဝယ်ထွက်ရာမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ရက်နေ့က အထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

စင်ကာပူအိမ်ရှင်က လဲပေးလိုက်သည့် သူ၏လုပ်အားခ ၂၉ သိန်းကျော် ထဲတွင် ၁၀၀၀၀ တန် အတု ၁၅၄ ရွက်ပါဝင် တွေ့ရှိကြောင်း ရဲက ကြေညာပြီးသိမ်းဆည်းခဲ့သည်။

နော်သောသွဲ့ထူးအနေဖြင့် အဆိုပါ ငွေများကို တရားမဝင်လုပ်ငန်းဖြင့် ရရှိထားခြင်း မဟုတ်ဘဲ ၎င်း၏လုပ်အားခ အနေဖြင့် ရရှိခြင်း၊ ထိုငွေများမှာလည်း အိမ်ရှင်ကိုယ်တိုင် ငွေလဲကောင်တာတွင် မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးလိုက်ခြင်း ဖြစ်သောကြောင့် သိမ်းဆည်းခံလိုက်ရသည့် ငွေများပြန်လည်ရသင့်ကြောင်း နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးနှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာနတို့ထံ ၂၀၁၈ ဒီဇင်ဘာ ၃ဝ ရက်နေ့ နေ့စွဲဖြင့် စာပေးပို့ထားကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

၎င်းအပြင် တရားစွဲဆိုထားခြင်းကိုလည်း ပြန်လည် သုံးသပ်စဉ်းစားရန်အကြောင်းရပ်များ ထိုစာထဲတွင် ထည့်သွင်း ရေးသားခဲ့သည်ဟုလည်း  ဦးယုလွင်အောင်က ပြောသည်။

သို့သော် အဆိုပါ စာနှင့် ပတ်သက်၍ ဌာနဆိုင်ရာများက တစ်စုံတစ်ရာ အကြောင်းမပြန်သေးကြောင်း ၎င်းက ဆက်ပြောသည်။

ရုံးက အခုမှ ပြန်ဖွင့်ကြတာဆိုတော့ လူကြီးတွေက စာတောင် ဖတ်ချင်မှ ဖတ်ရဦးမှာဟု ၎င်းက ဆိုသည်။

ဒိုက်ဦးမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် ဒေါ်ရွှေရွှေစိန်လတ်က ကလည်း လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများကလည်း စင်ကာပူပြန် မြန်မာလုပ်သား၏ နစ်နာခဲ့သည့်ငွေများ ပြန်ရမည့်နည်းလမ်းကို ပူးပေါင်းရှာဖွေနေကြောင်းပြောသည်။

 “ဗဟိုဘဏ်ကတော့ သူတို့ဘက်က မဆိုင်ဘူးပေါ့။ ဘယ်လိုလာဦးမလဲ မသိဘူး။ သူ့ဘက်က (ငွေအတုမိသူတွေအတွက်) ပြန်ပေးဖူးတဲ့ အနေအထား မရှိဘူး။ ဘယ်မှလည်း မပေးဖူးဘူး။ အလုပ်သမား အခွင့်အရေးအနဲ့တော့ ကြည့်ရမှာပေါ့ဟု ၎င်းက ဆိုသည်။

ငွေတု ပြဿနာကြောင့် နော်သောသွဲ့ထူးအား အစောပိုင်းက ထောင်ဒဏ် နှစ် ၂ဝ အထိ ချမှတ်နိုင်သည့် ဗဟိုဘဏ်ဥပဒေ ပြည်ပမှ ငွေအတုတင်သွင်းမှု ပုဒ်မ ၁ဝ၆ နှင့် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နှင့်ငွေဒဏ် ချမှတ်နိုင်သည့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁ဝ၅ ငွေအတု သုံးစွဲမှုတို့ဖြင့် ရဲက အမှုဖွင့်ခဲ့သည်။

သို့သော် ဒီဇင်ဘာ ၂၀ တွင် ပဲခူးခရိုင် တရားရုံးက ငွေအတုတင်သွင်းမှု ပုဒ်မ ၁ဝ၆ ကိုပယ်ဖျက်ပေးလိုက် သဖြင့် ငွေတုသုံးစွဲမှုဖြင့် ဆက်လက်တရားရင်ဆိုင်နေရသည်။

တစ်လနီးပါးကြာ ချုပ်နှောင်ထားပြီးနောက် ယနေ့ (ဇန်နဝါရီ )တွင် ဒိုက်ဦးမြို့နယ် တရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

ဝမ်းသာလွန်းလို့ စကားမနည်းထိန်းပြောနေရတယ်။ သမီးအိမ်ပြန်လာတော့မယ်ဆိုတော့ အကုန်လုံးလည်းကျေးဇူးတင်နေပါတယ်။ ဒါပေမယ့် နောက်ထပ်ကျန်တဲ့ ပုဒ်မနဲ့တော့ ဆက်ရှင်းရမယ်ပြောတယ်ဟု နော်သောသွဲ့ထူး၏ မိခင် ဒေါ်သီသီခိုင်က ဆိုသည်။

နော်သောသွဲ့ထူးကို လာမည့် ၁၇ ရက်တွင် ရုံးထုတ်စစ်ဆေးရန် တရားရုံးက ချိန်းဆိုခဲ့သည်။

Show More

Related Articles

Back to top button