ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ကျပ် ၁၀,၀၀၀ တန် ငွေတုများကို ရဲလက်အပ်ခဲ့ပြီးနောက် နော်သောသွဲ့ထူး ဖမ်းဆီးခံရခြင်းသည် “လူ့အခွင့်အရေးချိုးဖောက်မှု” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပြောခွင့်ရအရာရှိက ဆိုလိုက်ပြီး အကူအညီပေးရန် အဆင်သင့်ရှိကြောင်း ပြောကြားလိုက်သည်။
ပဲခူးတိုင်းအစိုးရ ရုံးစိုက်ရာ ပဲခူးမြို့မှ မိုင် ၄၀ ခန့်အကွာတွင်ရှိသည့် ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးသည် စင်ကာပူနိုင်ငံရှိ အလုပ်ရှင်ထံမှ ရရှိလာသည့် ကျပ်တစ်သောင်းတန်များ သည်အတုများဖြစ်ကြောင်း သတိထားမိပြီး ရဲထံ ဒီဇင်ဘာ ၅ရက်တွင် အကြောင်းကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ရဲက သူ့အား အမြင့်ဆုံးထောင်ဒဏ် သုံးနှစ် နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅ နှင့် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ကျခံရနိုင်သည့် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၆ တို့ဖြင့် စွဲချက်တင်ထားသည်။
“ဒီဇင်ဘာလ ၂ ရက်နေ့က (စင်ကာပူကနေ) ပြန်ရောက်တယ်။ ၄ ရက်နေ့က Hello Phone ဆိုင်ကို စျေးသွားဝယ်တော့မှ အတုမှန်းသိရတာ။ အဲ့ဒါနဲ့ ပြန်လာပြီး ပိုက်ဆံကိုမသုံးဖြစ်တော့ဘူး။ ယူပြီးရဲစခန်းကို သွားအပ်တယ်။ ရဲက ငွေတွေကိုစစ်တယ်။ စစ်ပြီးတော့ ရွာကို ပြန်ယူလာပြီး ရွာကအိမ်မှာ ပြန်စစ်တယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ အဲ့ဒိညမှာပဲ သမီးကို ခေါ်ထားလိုက်တာ” ဟု နော်သော့သွဲ့ထူး၏ မိခင် ဒေါ်သီသီခိုင်က ပြောသည်။
သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဒီဇင်ဘာ ၇ ထုတ်ပြန်ချက်တွင် “သတင်းအရ နော်သောသွဲ့ထူး ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ် အိပ်ခန်း အတွင်း အဝတ်အစားအိတ်ဖြင့် ထည့်လျက် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁၅၄)ရွက် အား ဖမ်းဆီးရမိခဲ့သည်” ဟုဆိုသည်။
အဆိုပါ ငွေတုများကို စင်ကာပူနိုင်ငံရှိ MM Sharife Trader တွင် နော်သောသွဲ့ထူး ၏အလုပ်ရှင်က လဲလှယ်ပေးခဲ့ သည်ဟုလည်းရဲထုတ်ပြန်ချက်ကဆိုသည်။
ကာယကံရှင် မိသားစုများ၏ ပြောစကားမှန်ကန်သည်ဆိုပါက မတရားမှုတစ်ခု ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဝေဖန်သည်။
“အတုလို့သိတာနဲ့ ဝယ်လည်းမဝယ်ဘူး။ အခြားနေရာမှာလည်း သုံးဖို့စိတ်ကူးမရှိဘူး။ ရဲစခန်းကိုသွားအပ်တယ်။ အဲ့ဒီဟာကို ဖမ်းတယ်ဆိုရင်တော့ ဒါက မတရားဘူးပေါ့ဗျာ၊ လူ့အခွင့်အရေးချိုးဖောက်တာပဲလေ”ဟု ၎င်းကပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အကူအညီလာရောက် တောင်းခံပါက လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကူညီသွားမည်ဟုလည်း ဦးယုလွင်အောင်ကပြောသည်။
ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၁ အရ အတုမှန်းသိလျက်နှင့် သုံးစွဲမှသာ ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး အတုမှန်းသိပြီး မသုံးစွဲဘဲ ရဲထံလာအပ်ပါက မဖမ်းဆီးသင့်ကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးကို အလေးမထားဘဲ ချိုးဖောက်ရာလည်းရောက်သည်ဟု ထင်ရှားသည့် ရှေ႕နေ ဦးရောဘတ်စန်းအောင် ကဝေဖန်သည်။
“ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ ဆိုပေမယ့် ခုက ဥပဒေဘောင်အတွင်း နေထိုင်ရုံမျှနှင့်တော့ ဘေးလည်းမကင်းတော့ဘူး။ ရန်လည်းမကွာတော့ဘူး” ဟု ၎င်းကဆိုသည်။