သတင်း

ကြံခင်းမြို့ဒေသခံကို စစ်တပ်နှင့်ရဲ ဖမ်းဆီးပြီး နေ့တွင်းချင်း အလောင်းပြန်ဖို့

ဧရာဝတီတိုင်းမှ အမျိုးသားတစ်ဦး အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ငွေကြေးတောင်းခံမှုကို လိုက်လျောမှု မပြုသဖြင့် ဖမ်းဆီးရိုက်နှက်ခံရကာ ထိုနေ့တွင်ပင် သေဆုံးသွားသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်များ ငွေကြေးတောင်းခံခြင်းကို ကန့်ကွက်သည့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှ အမျိုးသားတစ်ဦးကို စစ်တပ်က ယမန်နေ့ (မတ် ၂၀) တွင် ဖမ်းသွားပြီးနောက် ထိုနေ့တွင် သူ၏ရုပ်အလောင်းကို နေအိမ်သို့ ပြန်လာပို့သွားသည်။

သေဆုံသွားသူမှာ ရွှေတောင်စု ၇ လမ်းမှ အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်းအေးဖြစ်သည်။

နံနက်ပိုင်းတွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည့် အုပ်စုက ရပ်ကွက်အတွင်း အိမ်နံပါတ်များ လိုက်ကပ်စဉ် ပိုက်ဆံတောင်းကြသဖြင့် ထိုအမျိုးသားက ကန့်ကွက်ပြောဆိုခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဖြစ်စဉ်သိရှိသူများကို ကိုးကား၍ ပြောသည်။

“အလုပ်ရှုပ်တယ်ကွာဆိုပြီး ပြောလိုက်တာ။ ပြည်သူဆိုတော့ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရတော့ ပြောမှာပဲလေ။ အဲ့လိုပြောလိုက်တော့ သူတို့ရပ်ကွက်ထဲက ပျူစောထီးခေါင်းဆောင် ငနိုင်က အုပ်ကြီးနဲ့ စာရေး သွားတိုင်တယ်။ စစ်သားနဲ့ ရဲတွေခေါ်ပြီး ကြံခင်းရဲစခန်းကို ခေါ်သွားတယ်။ နာရီပိုင်းကြာတဲ့အခါ ရိုက်နက်ခံရပြီးတော့ သေဆုံးသွားတယ်” ဟု ဒေသခံက Myanmar Now ကို ပြောသည်။

မတ် ၂၀ ရက် ည ၉ နာရီတွင် အလောင်းကို နေအိမ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် သူ၏ ရုပ်အလောင်းကို ယနေ့ (မတ် ၂၁) နေ့လယ်တစ်နာရီက ကြံခင်းသုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

ဦးသန်းထွန်းအေးသေဆုံးမှုနှင့်ပတ်သက်၍ ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှုမရသလို စစ်ကောင်စီကလည်း နိုင်ငံအနှံ့ ဖမ်းဆီးခံရသူများ ရုတ်တရက်သေဆုံးမှုကို သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီသည် ကြံခင်းမြို့နယ် ကျေးရွာအုပ်စုများတွင် စစ်မှုထမ်းရန် စာရင်းကောက်ယူနေသည်။ မြို့ပေါ်တွင် ဆက်လက်ကောက်ယူရန် ရှေ့ပြေးအစီအစဉ်အဖြစ် အိမ်နံပါတ်ပြား လိုက်လံကပ်နေခြင်းဖြစ်သည်ဟု ယူဆကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

ရပ်ရွာများတွင် အိမ်နံပါတ်ပြားကပ်သည်ဆိုကာ အုပ်ချုပ်ရေးအဖွဲ့များက ငွေရှာတတ်သည့် အစဉ်အလာရှိသည်၊ ယခင်က ထိုကတ်ပြားတစ်ခုအတွက် ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ပေးရလေ့ရှိသည်။

ဦးသန်းထွန်းအေးကို သတ်ဖြတ်ခြင်းမှာ စစ်သားစုဆောင်းရေးလုပ်ငန်း အဆင်ပြေစေရန် ခြိမ်းခြောက်ခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

“နည်းပရိယာယ်မျိုးစုံသုံးနေတယ်။ ပိုက်ဆံကို အမျိုးမျိုးရှာ လမ်းကြောင်းခင်းပြီးတော့ သူတို့လုပ်ချင်တဲ့ စစ်သားစုဆောင်းရေးအတွက် တစ်ဆင့်ချင်းလုပ်တယ်။ အခုဟာက မြို့ပေါ်ရပ်ကွက်တွေကို ကြောက်အောင်ထပ်လုပ်တာ။ နမူနာပြပြီး သတ်ပစ်တာ” ဟု သူက မှတ်ချက်ပြုသည်။

စစ်မျက်နှာအသီးသီးတွင် ဆက်တိုက်အရှုံးပြနေသော စစ်ကောင်စီက အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကြေညာပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေး အပူတပြင်းကြိုးပမ်းလျက်ရှိသည်။

စစ်သားသစ်ရရှိရန်အတွက် ဗဟိုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်မှ မြို့နယ်အထိ အဆင့်လိုက်အဖွဲ့များဖွဲ့စည်းထားပြီးဖြစ်သည်၊ သင်တန်းကျောင်းများ အဆင်သင့်ပြင်ဆင်ထားသည်ဟုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်၊ ရန်ကုန်မြို့မြို့ကြီးများအပြင် ကျေးရွာများအထိ စစ်ကောင်စီလက်အောက်ခံအဖွဲ့များက စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အရွယ်ရှိသူကို စာရင်းကောက်ကာ အဓမ္မခေါ်ယူနေသည်။

အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် သင်္ကြန်ရုံးပိတ်ရက်များအပြီး လာမည့်ဧပြီလတွင် စစ်မှုထမ်း စခေါ်မည်ဖြစ်ကြောင်း၊လတ်တလောတွင် အမျိုးသမီးများကို ဆင့်ခေါ်ရန်မရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူတိုင်း ၅ နှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်ကာ ငြင်းဆိုပါက ထောင်ဒဏ်ငါးနှစ်ထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိသည်ဟုလည်း ဆိုသည်။

အာဏာသိမ်းတပ်က အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ခြင်း၊ ဖမ်းဆီးပြီး သတ်ဖြတ်ခြင်းတို့ကို ဆက်တိုက်ကျူးလွန်နေကာ နောက်ပိုင်းတွင် နိုင်ငံအနှံ့ နေအိမ်များကို မီးရှို့လာသဖြင့် အများပြည်သူက ဆန့်ကျင်လာကြသည်၊ စစ်တပ်ထဲ ဝင်ရမည့်အရေးကို ကြောက်လန့်နေကြသည်။

မဖြစ်မနေ ဝင်ရပြီးလျှင်လည်း ရင်ဆိုင်တိုက်ခိုက်ရမည့်သူတို့မှာ တော်လှန်ရေးအဖွဲ့များ ဖြစ်နေသည်ကို သိရှိကြသည်။

သို့သော်လည်း လစာ များစွာရမည်၊ နောက်တန်းစခန်းတွင်သာ နေထိုင်ရမည်ဟူသော ဝါဒဖြန့်မှုများကို ယုံကြည်သူတချို့က စစ်ထဲဝင်ရန် လိုလိုလားလား ဆန္ဒပြုဖွယ်ရှိသည်ဟု လေ့လာသူတို့က ဆိုသည်။

Show More

Related Articles

Back to top button