
ရန်ကုန်ရှိ မြို့နယ်တချို့တွင် လွန်ခဲ့သည့် ရက်ပိုင်းမှစ၍ စစ်ကောင်စီ လက်အောက်ခံအဖွဲ့များက စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့် အသက်အရွယ်ရှိသူများကို အမည်၊ ဖုန်းနံပါတ်နှင့်တကွ လိုက်လံစာရင်းကောက်ယူနေပြီး အမျိုးသားများကိုဦးစားပေး စာရင်းမှတ်သည်ဟု သိရသည်။
အသက် ၁၈ မှ ၃၅ နှစ်အတွင်း အသက်အရွယ်ရှိသူများကို စာရင်းကောက်ယူနေခြင်းဖြစ်ကာ သင်္ကြန်အပြီးတွင် လာခေါ်မည်ဟု ပြောသွားသည်ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုသည်။
“စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့သူရဲ့ နာမည်အတိအကျနဲ့ လာတာ။ ဖုန်းနံပတ်နဲ့ နာမည်စာရင်း ယူသွားပြီးတော့ အပြင်ခရီးသွားလို့ မရဘူးဆိုပြီးတော့ ပြောတယ်။ ဧပြီလကုန်ရင် လာခေါ်မယ်ပေါ့။ ရက်အတိအကျတော့ မပြောဘူး”
လှိုင်သာယာမြို့နယ် ၉၊ ၁၀၊ ၁၁ ရပ်ကွက်များတွင်လည်း ယခုလ ၉ ရက်မှစ၍ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများက အလားတူ လိုက်လံစာရင်းကောက်ယူသည်ဟု သိရသည်။
“စစ်မှုထမ်းရမယ့်သူရဲ့ အသက်ရယ်၊ နာမည်ရယ်၊ ဖုန်းနံပတ်ရယ် တောင်းသွားတယ်။ ဘာအတွက်ဆိုတာတော့ တိတိကျကျ မပြောသွားဘူး” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် ညွှန်ကြားချက်ဖြင့် တစ်ပြေးညီစာရင်းကောက်ယူခြင်း မဟုတ်ဘဲ လူငယ်ရှိသည့်အိမ်များကို အုပ်ချုပ်ရေးမှူးများက ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ကောက်ယူနေခြင်းဖြစ်သည်ဟု တောင်ဒဂုံမြို့နယ်မှ ရာအိမ်မှူးတစ်ဦးက ဆိုသည်။
“တစ်ပြေးညီ ညွှန်ကြားချက်အရ ကောက်တာမဟုတ်တာတော့ သေချာတယ်။ အထက်က လာတောင်းရင် ရှိပြီးသားဖြစ်အောင် အချို့အုပ်ချုပ်ရေးမှူးတွေက ကြိုလုပ်ထားတဲ့အခြေအနေပါ”
သင်္ကန်းကျွန်းနှင့် တောက်ဥက္ကလာပမြို့နယ်တို့တွင် မြို့နယ်များတွင် ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ပြီး စစ်သားနှင့် ရဲများက ကျား၊ မ စာရင်းများကို ကောက်ယူသွားသည်ဟု သိရသည်။
“ကိုယ်တိုင် မျက်စိနဲ့ မြင်တာကတော့ တောင်ဥက္ကလာ ၁၂ ရပ်ကွက်မှာ ရုံးစာရေးနဲ့ နောက်တစ်ယောက်က လိုက်ကောက်တယ်။ သင်္ကန်းကျွန်း ငမိုးရိပ်မှာတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး အကုန်လုံးကို အောက်ဆင်းခိုင်းပြီး ကျားဘယ်နှယောက်ရှိတယ်၊ မဘယ်နှယောက်ရှိသလဲဆိုပြီး စစ်တယ်” ဟု တောင်ဥက္ကလာမှ မြို့ခံတစ်ဦးက ပြောသည်။
အစွန်အဖျားရှိ မြို့နယ်များတွင်သာမက ရန်ကုန်မြို့လယ်ရှိ ပုစွန်တောင်၊ ဗိုလ်တထောင် စသည့် မြို့နယ်များတွင်လည်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ၏ အမည်စာရင်း ကောက်ယူနေသည်ဟု သိရသည်။ အချို့မြို့နယ်များတွင် အိမ်ရှိလူအကုန် အစည်းအဝေးတက်ရပြီး သန်းခေါင်းစာရင်းပါ မိသားစုဝင်များ၏ ဓာတ်ပုံကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေးပို့ထားရသည်ဟုလည်း မြို့ခံများက ဆိုသည်။
“ရပ်ကွက်လူကြီးက ဧည့်စာရင်းထဲကလူနဲ့ အပြင်လူ ကိုက်မကိုက်စစ်ဆေးတယ်။ မိသားစု အကုန်စုပြီး ဓာတ်ပုံရိုက်ပြီး ရပ်ကွက်ရုံးကို ပို့ပေးရတယ်။ အချို့ရပ်ကွက်တွေမှာဆိုရင် ရပ်ကွက်ရုံးက အစည်းအဝေးသဘောမျိုးခေါ်ပြီး အိမ်မှာရှိတဲ့သူတွေကို လာတက်ခိုင်းတာ” ဟု ပုစွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
မည်သည့်အတွက် ထိုသို့စာရင်းကောက်ယူခြင်းဖြစ်သည်ကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာပိုင်များက ရှင်းရှင်းလင်းလင်းပြောဆိုခြင်း မရှိသော်လည်း စစ်မှုထမ်း ဆင့်ခေါ်နိုင်ရေးအတွက်ဖြစ်သည်ဟု မြို့ခံများက ယုံကြည်ထားသည်။
ရန်ကုန်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယခုလ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တုံ့ပြန်သည်။
နိုင်ငံအနှံ့ရှိ စစ်မျက်နှာအသီးသီး ဆက်တိုက်အရှုံးပြနေသော စစ်ကောင်စီက အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကြေညာခဲ့သည်။ ထိုဥပဒေအသက်သွင်းပြီး တစ်လမပြည့်မီ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုနှင့် တိုင်း/ပြည်နယ် အဆင့်အဖွဲ့များ အဆောတလျင် ဖွဲ့စည်းခဲ့သည်။
အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် သင်္ကြန်ရုံးပိတ်ရက်များအပြီး လာမည့်ဧပြီတွင် စတင်ဆင့်ခေါ်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် အမျိုးသမီးများကို စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ်မရှိကြောင်း စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။
အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူတိုင်း ၅ နှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်ကာ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များထံ ခိုလှုံမည့် လူငယ်များရှိနေသည့်နည်းတူ ပြည်ပသို့ ရရာနည်းလမ်းဖြင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသူများလည်း ရှိနေသည်။
စစ်အင်အား အလွန်အမင်းလိုအပ်နေသည့် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အပြိုင် အရန်တပ်ဖွဲ့ဥပဒေကိုလည်း အသက်သွင်းကာ စစ်မှုထမ်းဟောင်းများကို တပ်ထဲပြန်သွင်းနိုင်ရေး စိုင်းပြင်းနေသည်။

ထို့ပြင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နိုင်သည့် ဒေသများ၌ ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့များ အင်တိုက်အားတိုက်ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးလျက်ရှိသည်။ ယခုလ ၁၀ ရက်နေ့က ပဲခူးမြို့နယ်အတွင်း စစ်သင်တန်းတက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သည်ကို တွေ့ရသည်။
Myanmar Now က ဖော်ပြခဲ့သည့် အိမ်တံခါးဝရောက်လာသည့် စစ်မှုထမ်းဥပဒေ ဆောင်းပါး ဤနေရာတွင် ဖတ်နိုင်သည်။