ရွေးကောက်ပွဲ

ပြည်ခိုင်ဖြိုးရှုံးသော မင်းကင်းမြို့နယ်တွင် NLD ပါတီဝင်များ ရန်ပြုခံရ

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင်များ ရန်ပြုခံရသဖြင့် ရဲစခန်း၌ အမှုဖွင့်လှစ်ထားသည်။ 

မင်းကင်းမြို့နယ် တောင်ဖြူရွာတွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ၂၀ ကျော်ခန့်က တုတ်ဓားများကိုင်ဆောင်ကာ တစ်တစ်ခွခွ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရမ်းကားခြင်းများ ပြုလုပ်သဖြင့် မောက်ကတော်ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ကျေးရွာ NLD ပါတီအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးလင်းက ပြောသည်။ 

တောင်ဖြူရွာတွင် NLD ပါတီဝင်များ နေအိမ်အတွင်း အောင်ပွဲခံနေစဉ် ပြည်ခိုင်ဖြိုးထောက်ခံသူများက တုတ်ဓားများကိုင်ဆောင်လျက် “နောက်လိုက်ခွေးတွေ”၊ “သတ္တိရှိရင်ထွက်ခဲ့” အစချီကာ ဆဲဆိုကြိမ်းမောင်းသဖြင့် နိုဝင်ဘာ ၁၁ တွင် ရဲစခန်း၌ အမှုဖွင့်ခဲ့သည်ဆိုသည်။ 

မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ၁၉ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၉၄၊ ၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း မောက်ကတော်ရဲစခန်းမှူး ဝင်းရှင်က Myanmar Now ကို ပြောသည်။

ပုဒ်မ ၂၉၄ သည် အများပြည်သူဆိုင်ရာနေရာတွင် ညစ်ညမ်းစွာ ပြုလုပ်ပြောဆိုမှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးလအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ပုဒ်မ ၅၀၆ မှာ ရာဇဝတ်မကင်းသော ခြောက်လှန့်မှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက ၇ နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သည်။

Myanmar Now က ရရှိထားသော ရုပ်သံမှတ်တမ်းတစ်ခုတွင် လူအုပ်စုတစ်ခုသည် လမ်းမပေါ်တွင် တုတ်ဓားများကိုင်ဆောင်လျက် ဆဲဆိုကြိမ်းမောင်းနေသည်ကို တွေ့ရသည်။ 

ထိုလူအုပ်စုသည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများဖြစ်ကြောင်း ကျေးရွာသားများက သိရှိထားသည်ဟု တောင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဦးနေဝင်းက Myanmar Now ကို ပြောသည်။ 

မင်းကင်းမြို့နယ် မုံဒင်းကျေးရွာတွင်လည်း နိုဝင်ဘာ ၁၁ ညပိုင်းက NLD ပါတီဝင်တစ်ဦးကို ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ဦးထွန်းနိုင်က ဝါးတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ 

မုံဒင်းကျေးရွာမှ ဦးချစ်စန်းနော်နှင့် ၎င်း၏ဇနီးဖြစ်သူတို့မှာ NLD အောင်နိုင်ရေး သီချင်းဖွင့်ကာ လမ်းလျှောက်ပြန်လာစဉ် ဦးထွန်းနိုင်အိမ်ရှေ့အရောက်တွင် “ဟေ့ကောင် နေဦး” ဆိုကာ ဦးထွန်းနိုင်က ဓားဖြင့်ခုတ်ရန် ကြိုးပမ်းခဲ့ရာ ဦးထွန်းနိုင်၏ မိသားစုဝင်များက ဝိုင်းဝန်းဖျန်ဖြေသဖြင့် ပြေလည်ခဲ့ရသည်ဟု ဆိုသည်။ 

သို့သော် ထိုအဖြစ်အပျက်ကို ဦးချစ်စန်းနော်က ဆယ်အိမ်မှူးကို သွားရောက်အကြောင်းကြားရာတွင် ဦးထွန်းနိုင်က နောက်မှလိုက်လာပြီး ဝါးတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ကိုချစ်စန်းနော်က ပြောသည်။

“ကျွန်တော့်ကို ဝင်ရိုက်တာ၊ ပုဆိုးတောင် မပါဘူး။ နည်းနည်းလည်း မူးနေတယ်” ဟု ပြည်ခိုင်ဖြိုးထောက်ခံသူ ဦးထွန်းနိုင်က ရိုက်နှက်ခဲ့မှုနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

ဆယ်အိမ်မှူးဖြစ်သူ၏ နေအိမ်အတွင်း ကိုချစ်စန်းနော်ရိုက်နှက်ခံရမှုအတွက် သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ ဖြင့် ရဲဆေးစာကျပါက တရားရုံးကို ဦးတိုက်လျောက်ပေးမည်ဟု မင်းကင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်နန္ဒက ပြောသည်။ 

ဦးထွန်းနိုင်၏ ဓားဖြင့် ခုတ်ရန် ကြံစည်မှုအကြောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း ဒုရဲအုပ်နန္ဒက “အဲဒါတွေ မလိုဘူး။ မေးတာတွေပဲ ဖြေ” ဟု ဆိုကာ တားမြစ်ခဲ့ကြောင်း ကိုချစ်စန်းနော်က ဆိုသည်။ 

ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလအတွင်း မင်းကင်းမြို့နယ်တွင် မြေခြားရွာ၊ ပင်တင်းရွာတို့တွင် NLD ထောက်ခံသူများ၏ အိမ်ကို ခဲဖြင့်ပေါက်ခြင်း၊ ဓားဖြင့် ခြိမ်းခြောက်ခြင်းများရှိသဖြင့် အမှုဖွင့်တိုင်ကြားသည်များလည်း ရှိကြောင်း သိရသည်။ 

ထို့အပြင် မင်းကင်းမြို့နယ် မောက္ကတော်ရွာတွင်လည်း နိုဝင်ဘာ ၃ ရက်က NLD အောင်နိုင်ရေး သီချင်းဖွင့်သူ လူငယ်တစ်ဦးကို မဲရုံစောင့်အထူးရဲက နေအိမ်အတွင်း ဝင်ရောက်ရိုက်နှက်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် နှစ်ဦးနှစ်ဖက်ကျေအေးထားသဖြင့် အမှုဖွင့်တိုင်ကြားခြင်း မရှိပေ။ 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မင်းကင်းမောင်မြင့်ခေါ် ဦးမောင်မြင့်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် ၎င်း၏ဇာတိ မင်းကင်းမြို့နယ်မှ ဝင်ပြိုင်ပြီး အနိုင်ရခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ထို့ပြင် မင်းကင်းမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း ယခုရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ 

မင်းကင်းမောင်မြင့်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း မင်းကင်းမြို့နယ်ရှိ ကျေးရွာများတွင် ပြိုင်ဘက် NLD ပါတီအပေါ် သတင်းမှားသတင်းတုများ၊ ဘာသာရေးအကြောင်းပြ ပုတ်ခတ်ဟောပြောမှုများ ပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဖြင့် တိုင်ကြားခံထားရသူလည်းဖြစ်သည်။ 

ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ NLD ပါတီက အပြတ်အသတ်အနိုင်ရရှိပြီးနောက် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများက NLD ပါတီဝင်များကို ရန်ပြုသည်များရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာတွင် နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ရွေးကောက်ပွဲအောင်မြင်မှုအတွက် အောင်ပွဲခံနေသူ NLD ပါတီဝင်ကို တစ်ရွာတည်းနေ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူဟု ယူဆရသူက ကျောက်ခဲဖြင့်ထုကာ သတ်ဖြတ်ခဲ့ဖြင့် ရရှိသည့်ဒဏ်ရာများဖြင့် ထို NLD ပါတီဝင် သေဆုံးခဲ့သည်။ 

Show More

Related Articles

Back to top button