
မန္တလေးမြို့၌ ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် “အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်” ဟူသော စာသားပါ စတစ်ကာများကို ဦးဆောင်ဝေငှခဲ့သူနှစ်ဦးကို အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် ယမန်နေ့ (နိုဝင်ဘာ ၁၁) တွင် အမှုဖွင့်လိုက်သည်။
ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန် လှုံ့ဆော်သည်ဟုဆိုကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးမြင့်အောင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈ (ဂ) အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၂) ရဲစခန်းမှူး ရဲအုပ်ဇော်ဝမ်းလေးက အတည်ပြုသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၂၆ လမ်းတွင် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ဦးဇော်ဝိတ်နှင့် ဦးနိုင်ဆိုသူ နှစ်ဦး ဦးဆောင်ကာ လူအင်အား ၅၀ ခန့်က “အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်” စာသားပါ စတစ်ကာများနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ခြင်းဖြစ်သည်။
“အမျိုးဘာသာ သာသနာစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ကိုသာ မဲပေးဖို့ ရည်ရွယ်ချက်နဲ့ အခုလိုလုပ်တာပါ” ဟု ဦးနိုင်ဆိုသူက နိုဝင်ဘာ ၃ တွင် မီဒီယာများကို ပြောကြားခဲ့သည်။
ထိုသို့ဝေငှနေစဉ် ရဲတပ်ဖွဲ့က ၎င်းတို့ကို ခေါ်ယူမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ပြီး ယင်းနေ့မှာပင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင်လည်း ယင်းစာသားပါ စတစ်ကာများ ဝေငှခဲ့သည်။ ယင်းစတစ်ကာများ ဝေငှခဲ့သူများသည် “အမျိုးဘာသာ သာသနာ စောင့်ရှောက်ပါ” ဟူသော စာသားပါ တီရှပ်များကိုလည်း ဆင်တူဝတ်ဆင်ထားကြသည်။
ထိုသို့ လှုပ်ရှားအပြီး ၈ ရက်အကြာတွင် မန္တလေးလှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူနှစ်ဦးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
မန္တလေး၌ စတစ်ကာများ ဦးဆောင်ဝေငှခဲ့သည့် ဦးဇော်ဝိတ်နှင့် ဦးနိုင်ဆိုသူတို့ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဟု ယနေ့မွန်းလွဲပိုင်းတွင် ရဲအုပ်ဇော်ဝမ်းလေးက ပြောသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) အရ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြကာ ဆန္ဒမဲ ပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်သူကို အများဆုံး ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ အများဆုံး ငွေဒဏ်တစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။