
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်နေရာ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားသည့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လုပ်ပိုင်ခွင့်နေရာ အားလုံးကို ၎င်းတို့ပါတီတစ်ခုတည်းက ယူမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရန် ရည်မှန်းထားသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ကျွန်တော်တို့က အခု အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုး ဖွဲ့စည်းမယ်တော့ ရည်မှန်းထားပါတယ်” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီ အစိုးရဖွဲ့ရန် လိုအပ်သည့် ပြည်ထောင်စုလွှတ်တော် ၃၂၂ နေရာကို ကျော်လွန်ပြီး ၃၉၀ ကျော်အထိ အနိုင်ရရှိထားသည်။
“ဒါကတော့ အိုင်ဒီယာ (စိတ်ကူး) အကြမ်းပဲ ရှိပါသေးတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ညီညွတ်ရေးရှေးရှုတဲ့ ဖွဲ့စည်းပုံတစ်ခုခုတော့ ဖြစ်မှာပေါ့။ ဒါ အိုင်ဒီယာအကြမ်းပဲဆိုတော့ ဘာမှ ပုံမဖော်ရသေးပါဘူး။ အခုလောလောဆယ်တော့ ဒီထက်ပိုပြီး ဘာမှပြောလို့ မရသေးပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
၎င်းက ဆက်လက်၍ “သေချာတာကတော့ ကျွန်တော်တို့ပါတီကပဲ နေရာအားလုံးကို ယူမှာမဟုတ်ဘူးဆိုတာ ပြောနိုင်ပါတယ်” ဟု ပြောသည်။
၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအစီအစဉ်တွင် အမျိုးသားညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရကဲ့သို့ အမျိုးသားညီညွတ်ရေးဆောင်ရွက်ချက်များ ထွက်ပေါ်လာဖွယ်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၄ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
လက်ရှိ ရွေးကောက်ပွဲအနိုင်ရထားသည့် အခြေအနေအရ NLD သည် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းလိမ့်မည်မထင်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဆိုသည်။
“ရွေးကောက်ပွဲမတိုင်မီမှာတော့ အဲဒီစဉ်းစားချက်မျိုး ရှိပုံရတယ်။ အခု ၈၅ ရာခိုင်နှုန်းလောက်နိုင်တဲ့အခါကျတော့ အဲ့ဒီစိတ်ကူးက ရှိမယ်လို့ ကျွန်တော်တော့ မထင်ဘူး” ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။
SNLD ပါတီသည် ယင်းကိစ္စနှင့်ပတ်သက်၍ ပါတီအတွင်း ဆွေးနွေးထားမှု မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
ရွေးကောက်ခံရသည့် ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေဆဲ ဖြစ်သော်လည်း ရွေးကောက်ပွဲရလဒ်များအရ NLD သည် တိုင်းဒေသကြီး မဲဆန္ဒနယ်အားလုံးနီးပါးနှင့် ပြည်နယ်အများစုတွင် အနိုင်ရရှိထားသည်။
Myanmar Now က စုစည်းရရှိထားသည့် အချက်အလက်များအရ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နေရာ ၃၀၊ SNLD က ၁၅ နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၈ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့က ၅ နေရာစီ အနိုင်ရရှိထားသည်။
NLD သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအထိ မဟာမိတ်တိုင်းရင်းသားပါတီများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်းတွင် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးအေးစက်ခဲ့သည်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကိုင်တွယ်ဖြေရှင်းခြင်း၊ အုပ်ချုပ်ရေးနှင့် လွှတ်တော်အာဏာ ခွဲဝေခြင်းအပိုင်းများတွင် တိုင်းရင်းသားပါတီများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုများကို လိုအပ်သလို လုပ်ဆောင်သွားမည်ဟု ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောရန် ဒေါက်တာမျိုးညွန့်က ငြင်းဆိုသည်။