ရွေးကောက်ပွဲ

မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်စိုင်းမွန်း တန့်ယန်း ပြည်နယ်လွှတ်တော်နေရာ အနိုင်ရ

မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်စိုင်းမွန်း (ခေါ်) ဦးစိုင်းမွန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏ ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တန့်ယန်းမြို့နယ် ပြည်နယ်အမှတ် (၁) မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု အနိုင်ရရှိခဲ့သည်။ 

ဘိန်းဘုရင်ခွန်ဆာ၏ မွန်ထိုင်းတပ် (Mong Tai Army – MTA) ခေါ် လွယ်မော်တပ်ဖွဲ့တွင် တပ်မှူးအဆင့်အထိ ထမ်းဆောင်ခဲ့သည့် ၇၂ နှစ်အရွယ် ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း တန့်ယန်းမြို့နယ်တွင်ပင် ပြည်နယ်အမှတ် (၂) မဲဆန္ဒနယ်၌ ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။

ရွေးကောက်ပွဲရလဒ်များအရ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဦးစိုင်းမွန်းသည် ထောက်ခံမဲ ၁၁,၁၅၀ ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ကိုယ်စားလှယ်လောင်းက ထောက်ခံမဲ ၈,၉၀၀ ကျော်သာ ရရှိခဲ့သည်။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်လည်း ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်လောင်းက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

တန့်ယန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် SNLD ပါတီမှ စိုင်းဖိုးဟန်၊ ပြည်နယ် အမှတ် (၂) နေရာအတွက် SNLD မှပင် စိုင်းခမ်းမြတ်တို့က အနိုင်ရရှိခဲ့ကြောင်း တန်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

“ဘာပဲဖြစ်ဖြစ် လူထုက ရွေးချယ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့က ပူးပေါင်းလုပ်ဆောင်နိုင်အောင်တော့ လုပ်ရမှာပေါ့” ဟု စိုင်းဖိုးဟန်က Myanmar Now ကို ပြောသည်။

၎င်းတို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ပြည်သူများက ကြောက်၍ မဲထည့်သည်ဖြစ်စေ လူထု၏ ရွေးချယ်မှုဖြစ်သဖြင့် ဒေသအကျိုးအတွက် လက်တွဲလုပ်ဆောင်သွားမည်ဟု စိုင်းဖိုးဟန်က ဆိုသည်။ 

“တစ်နည်းအားဖြင့်တော့ ဒီ အာဏာရှင်တစ်ယောက်က ပြည်သူလူထု ဦးဆောင် အုပ်ချုပ်တဲ့ လွှတ်တော်ထဲ ဝင်လာတာဆိုတာက ဒါက ဘာပဲဖြစ်ဖြစ် အကောင်းမြင်ပေးရမှာပေါ့နော်။ သူများ ဘယ်လိုလုပ်သလဲ၊ ပြည်သူလူထုနဲ့ ဘယ်လိုထိတွေ့ဆက်ဆံသလဲ မြင်တတ်ရင် တစ်နည်းတစ်ဖုံတော့ သူပြောင်းလဲလာမယ်” ဟု စိုင်းဖိုးဟန်က ပြောသည်။ 

ဦးစိုင်းမွန်းနှင့် ၎င်း၏ မန်ပန်ပြည်သူ့စစ်အဖွဲ့အကြောင်း ဆောင်းပါးကို Myanmar Now က ယခုလဆန်းပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

ရွေးကောက်ပွဲမဲဆွယ်ကာလတွင် မန်ပန်ထိန်းချုပ်နယ်မြေအတွင်း ပြည်ခိုင်ဖြိုးမဟုတ်သော အခြားနိုင်ငံရေးပါတီများ သွားရောက်စည်းရုံးသည့်အခါ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်များက လက်နက်ကိုင်ဆောင်လျက် လိုက်ပါလာခြင်းနှင့် နယ်မြေအတွင်းဝင်ခွင့်မပေးခြင်းများ ရှိကြောင်း ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းအချို့က ဆိုသည်။

ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲကာလမှစ၍ ပြည်သူ့စစ်အဖွဲ့က အနားယူထားပြီဟု ဆိုသော်လည်း မန်ပန်ပြည်သူ့စစ်၏ နာယကအဖြစ် ဆက်ရှိနေသလို ဩဇာသက်ရောက်မှုလည်း ရှိသည်ဟု ယင်းဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများက လက်ခံထားကြသည်။

Show More

Related Articles

Back to top button