သတင်း

တိုက်ပွဲပြင်းထန်နေသော ကလေးမြို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တုံ့ပြန်

သတင်းတစ်ပတ်နီးပါးကြာ တိုက်ပွဲများဖြစ်နေသည့် ကလေးမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံသုံးကာ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်။

စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ နေ့စဉ် တိုက်ပွဲဖြစ်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၆) တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ စစ်တပ်နှင့် ပြည်သူ့စစ်များ တပ်စွဲထားသည့် ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာမှ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကလေးမြို့ပေါ်အချို့ရယ်၊ တောင်နဲ့မြောက်ရယ်။ အကြမ်းဖျင်းပြောမယ်ဆိုရင် ကလေးမြို့ နေရာအနှံ့မှာ ဖြစ်နေတာ။ ကလေးဒေသအတွင်း အနှံ့ဖြစ်နေတာ” ဟု ဒေသတွင်းလှုပ်ရှားသည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် မြို့မြောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကလေးမြို့ပေါ်ရှိ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ဆယ်နှင့်ချီ ဆက်တိုက်ပစ်ခတ်နေသည်ဟု သိရသည်။

“အမြောက်ကတော့ တစ်ညလုံး မနားဘူး။ အခုချိန်ထိလည်း တောက်လျှောက်ထုနေတုန်းပဲ။ ၄၊ ၅ မိနစ်၊ ၁၀ မိနစ်ကြာ တစ်ချက်။ တစ်ခါတလေကျရင် တစ်ပြိုင်တည်းကို အမြောက်နှစ်လက်ပစ်တာတွေလည်း ရှိတယ်။ အကျယ်ကြီးတွေလည်း ကြားရတယ်။ ၁၂၀ တင် မကဘူးလားမသိဘူး သေချာတော့ နားမလည်ဘူး။ ဟိန်းသံတွေပါ ထွက်တယ် အမြောက်ပစ်လိုက်ရင်။ အဆောက်အအုံတွေ၊ တံခါးတွေပါ တုန်တယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ကလေးမြို့ မြောက်ပိုင်းနှင့် ကပ်လျက်ရှိ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင်လည်း ယနေ့ နံနက်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ကလေးမြို့နယ် ဒေသခံများက ဆိုကြသည်။

အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက် တိုက်ပွဲများအတွင်း ကလေးမြို့တောင်ပိုင်းရှိ စက္ကန့်ရွာနှင့် မြောက်ပိုင်းရှိ ကံကြီး၊ ကံသာကျေးရွာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်တပ်နှင့် ပျူစောထီး အခြေချ ရွာ ၃ ရွာကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော လက်နက်များအနက်မှ တချို့။ (ဓာတ်ပုံ-NUG)

ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)  လက်အောက်မှ ဗိုလ်ကြီးမင်းခန့်ဇင်နှင့် စစ်သား ၃၀ ခန့် နေရာယူထားသော အဆိုပါ ရွာ ၃ ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် ၁၀ လက်၊ အာပီဂျီ ၁ လက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားပြီး မည်သူမည်ဝါ မဖော်ပြထားပေ။

ယမန်နှစ်ကတည်းက စစ်တပ်က အထိုင်စခန်းချထားသော မြို့တောင်ဘက်ရှိ စက္ကန့်ကျေးရွာသည် ဆက်သွယ်ရေးအရ အရေးပါသောနေရာဖြစ်သည်။ ထို့ပြင် ကလေးမြို့မြောက်ဘက်ရှိ ကံကြီးရွာနှင့် ကံသာရွာမှာလည်း စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့် ကျေးရွာများဖြစ်ပြီး စစ်ကောင်စီတပ် တပ်စွဲထားရာ စခန်းကြီးရွာနှင့် အနီးဆုံးရှိသော ကျေးရွာများ ဖြစ်ကြသည်။

NUG လက်အောက်ခံ ပြည်သူ့ကွယ်ရေးတပ်မတော် (PDF) ၏ ကလေးခရိုင်တပ်ရင်းများ၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ၊ ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် CDF KKG၊ CNDF၊ Vakok (PDF)၊ CDM Siyin အပါအဝင် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်နေစဉ် ဖေဖော်ဝါရီ ၂၃ ရက်က ကလေးမြို့နယ်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၏ ဒုစစ်ဦးစီးချုပ်နှင့် အဖွဲ့ဝင် ၂ ဦး ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သလို မိုင်းရှင်းနေသည့် CNDF အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

ကလေးမြို့နယ်အတွင်း သေဆုံးခဲ့သည့် CNDF ဒုစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး။ (ဓာတ်ပုံ-ပေးပို့)

သေဆုံးသူများမှာ CNDF ဒုစစ်ဦးစီးချုပ် အသက် ၃၄ နှစ် အရွယ်  Salai David Naing Thang၊ ၂၉ နှစ်အရွယ် Mia Julia Sui Nei Kim ၊ ၁၉ နှစ်အရွယ် Salai Amos Van Nel Lain  တို့ ဖြစ်ကြသည်။ 

စစ်ရေးကိစ္စဖြင့် သွားလာနေသည့် ထို ၄ ဦးသည် အောင်သာယာရွာအနီး စစ်တပ်နှင့်ပျူစောထီးများက တိုက်ခိုက် ခဲံခြင်း ဖြစ်ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပထမတော့ အဖမ်းခံရတယ်ဆိုပြီးတော့ပဲကြားတယ်။ နောက်မှ ပြန်သိရတဲ့အခါကျတော့ ပစ်ခတ်ရင်းနဲ့ ကျသွား တာ။ ၃ ယောက်မှာ ၂ ယောက်ကတော့ ပစ်ခတ်ရင်းနဲ့ကျသွားတာ။ မိန်းကလေး ရဲမေကတော့ အဖမ်းခံရပြီးတော့ သတ်လိုက်တယ်နဲ့တူတယ်။ ခြေထောက်မှာ ဒဏ်ရာရပြီးတော့ သူတို့ဘက်က ပစ်သတ်လိုက်တယ်”

CNDF အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Salai Mang Pu မှာ တော်လှန်ရေးအင်အားစုများ သိမ်းယူထားသည့် စက္ကန့်ကျေးရွာ တွင် ဖေဖော်ဝါရီ ၂၂ ရက်က မိုင်းရှင်းလင်းရေးပြုလုပ်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထိုသို့ ရက်သတ္တပတ် တစ်ပတ်ကြာ ကလေးမြို့နယ်အတွင်း နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေသော်လည်း မြို့သိမ်း တိုက်ပွဲမဟုတ်ဘဲ စစ်ဆင်ရေးဖော်ဆောင်နေခြင်းသာဖြစ်သည်ဟု အထက်ပါဒေသခံကာကွယ်ရေးအဖွဲ့ဝင်က ဆို သည်။ 

တော်လှန်ရေးအင်အားစုများထံမှ ရရှိသည့်အချက်အလက်များအရ တိုက်ပွဲပြင်းထန်နေသည့် အဆိုပါကာလ တလျှောက်လုံး ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး များအပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ 

မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့နှင့် နယ်မြေထိစပ်နေသည့် ကလေးမြို့တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) အပါအဝင် တပ်ရင်းတပ်ဖွဲ့များ အခြေချထားသည့်နည်းတူ ကျေးရွာအများစုတွင်လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည်။ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့်ထိစပ်နေသည့် ကလေးမြို့နယ်တောင်ပိုင်းတွင် ပြည်သူ့စစ်အားကောင်း သည့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိသော်လည်း ကလေး-ဂန့်ဂေါ လမ်းပိုင်းတလျှောက် နယ်မြေအများစုကို တော်လှန်ရေး အင်အားစုများက နယ်မြေစိုးမိုးထားသည်။

ကလေးမြို့နယ်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များ အထိုင်ချ တပ်စွဲ ထားသည့် စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည်။ 

လက်ရှိ ကလေးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့မြောက်ဘက်နှင့် တောင်ဘက်ရှိ ကျေးရွာ များမှ ထောင်နှင့်ချီသည့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကလေးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

Show More

Related Articles

Back to top button