စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (နိုဝင်ဘာ ၂၃) ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
မြို့နှင့် မိုင် ၂၀ ခန့်အကွာ ကလေး-ဂန့်ဂေါကားလမ်းပေါ်ရှိ ရန်ကြီးအောင်ရွာတွင် စစ်သားများ၊ ပျူစောထီးများ အင်အား ၃၀ နီးပါး တပ်စွဲထားသည့်စခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ဝင်တိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“တစ်နေ့က တစ်ကြိမ်ဝင်လုံးတယ်ဗျ။ အဆင်မပြေတာနဲ့ ပြန်ဆုတ်၊ ဗျူဟာပြန်ချပြီး ဒီမနက် ၅ နာရီဝန်းကျင်မှ စ,လုံးတာဗျ” ဟု ကလေးမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရန်ကြီးအောင်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့သော်လည်း ကာကွယ်ရေးအဖွဲ့များ ထိခိုက်သေဆုံးမှုမရှိဟုလည်း ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ရန်ကြီးအောင်စခန်းကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ CNDF မှ အသက် ၁၉ နှစ်အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကြီးအောင်စခန်းကို ကာကွယ်ရေးအဖွဲ့များက ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။
ကလေးမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဂန့်ဂေါမြို့နယ်တွင် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသော်လည်း ကလေး-ဂန့်ဂေါကားလမ်းတွင် စစ်ကောင်စီစခန်းများ အထိုင်ချ တပ်စွဲထားသည့် စခန်းတချို့ ကျန်ရှိနေဆဲဖြစ်သည်။
အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ပထမပတ်အတွင်း ကလေးမြို့နယ်မှ စစ်ကောင်စီအခြေပြုစခန်း ၄ ခုကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်၊ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံး၊ ၁၆ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ရန်ကြီးအောင်စခန်းသည် ယခုလအတွင်း ဒေသခံအဖွဲ့များ သိမ်းပိုက်ရမိသည့် ၅ ခုမြောက် စစ်ကောင်စီ တပ်စခန်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး အောက်တိုဘာ ၂၇ ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ကာ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေချိန် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း နိုဝင်ဘာလဆန်းမှစတင်ကာ တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာသည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကလေးမြို့နယ်သည် အာဏာသိမ်းစစ်တပ်ကို အစောဆုံး လက်နက်ကိုင်ခုခံခဲ့ရာ မြို့နယ်ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည့် ဒေသဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများတွင်လည်း ကိုးကန့်ရင့်ရှင့်နေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်ခဲ့သည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA − ကိုးကန့်တပ်) က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ဆင်ရေး တစ်လပြည့်တော့မည့်အချိန်တွင် ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၄ ခုကို သိမ်းပိုက်ပြီးဖြစ်သည်ဟု MNDAA ဆိုသည်။ တပ်ရင်းလိုက် လက်နက်ချမှု အပါအဝင် “ပြည်သူ့ရင်ခွင်ခိုဝင်သူ” အများအပြားရှိကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။
တပ်စခန်းများ အသိမ်းခံရမှု၊ လက်နက်ချမှုတို့နှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေလေ့ရှိပြီး တပ်စခန်းများတိုက်ခိုက်ခံရသည်ဟုသာ ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် ဖော်ပြသည်။
“သောင်းကျန်းသူများ” ကို ချေမှုန်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူအများ ပူးပေါင်းရမည်ဟု အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရက လှုံ့ဆော်နေသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ အကြမ်းဖက် သတ်ဖြတ်ခံရပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်မှု ပေါက်ခဲ့ခြင်း ဖြစ်သည်။