
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေရာ နှစ်ရက်အတွင်း ဆယ်ကျော်သက်တစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများနှင့် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။။
ယနေ့ (ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းက မြို့အနောက်ပိုင်း ခင်သာရွာတွင် ပေါက်ကွဲမှု ဖြစ်ကာ ရွာခံ ၃ ဦး သေဆုံးခဲ့သည်၊ စစ်ကောင်စီအထိုင်တပ်စခန်းတစ်ခုက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို ၃ ဦး ၏ အမည်၊ အသက်၊ အခြေအနေအသေးစိတ်ကို မသိရသေးပေ။
အခြား သေဆုံး၊ ဒဏ်ရာရမှုများမှာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ညပိုင်း မြို့အနောက်ဘက် မွန်းလိုင်ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဖြစ်သည်။ နေအိမ်တစ်လုံး လက်နက်ကြီးကျည် ထိသဖြင့် သက်ကြီးပိုင်းအရွယ် မောင်နှမ ၂ ဦး၊ အိမ်နီးချင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများမှာ အသက် ၅၀ အရွယ် Pu Lalunthar, ၆၅ နှစ်အရွယ် Pi Than Cuai နှင့် ၁၆ နှစ်အရွယ် Monica Lalunmawi တို့ ဖြစ်သည်ဟု ဒေသတွင်းအွန်လိုင်းသတင်းဌာနများက ရေးသား ဖော်ပြထားကြသည်။
“သေဆုံးတဲ့သူတွေအားလုံးက အရပ်သားတွေပဲ။ (စစ်တပ်က) မြို့ထဲက ရမ်းပစ်တော့ လက်နက်ကြီး ကျလို့ ဖြစ်တာ။ သူတို့အိမ်ပေါ်မှာ ကျတာ၊ ဆုံးသွားတာ” ဟု ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဖွဲ့ – အထက်ချင်းတွင်းဒေသ (CNO- UCR) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဒဏ်ရာရသွားသူတို့မှာ ထိုရပ်ကွက်မှ ၄ ဦး၊ မြို့မြောက်ပိုင်း လက်ပံချောင်းရွာမှ ၄ ဦး၊ ကပ်လျက်ရှိ မြောက်ချောတောရွာမှ ၂ ဦး၊ ပြည်တော်သာရွာမှ ၁ ဦး ဖြစ်ကြောင်း CNO UCR ထံမှ သိရသည်။

တိုက်ပွဲများ
ဖေဖော်ဝါရီ ၂၁ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် မြို့တောင်ပိုင်း စက္ကန့်၊ မြို့လှ၊ အင်ဒိုင်းကုန်း၊ မြို့မြောက်ဘက်ရှိကံကြီးရွာ စသည့် နေရာများကို တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားနေစဉ် ကလေးမြို့အခြေစိုက် အမှတ် (၉၃၄) ထောက်ပို့တပ်၊ အမှတ် (၂၂၈) ခြေလျင်တပ်ရင်းတို့မှ မြို့မြောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ လူနေကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ရေ ၅၀ နီးပါး ပစ်ခတ်ခဲ့သည်ဟု CNO- UCR က ပြောသည်။
ထိုအဖွဲ့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
အရပ်သားသေဆုံးမှုများနှင့် ပတ်သက်လျှင် စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု တုံ့ပြန်လေ့ရှိသည်။
ချင်းပြည်နယ်၊ မကွေးတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကလေးမြို့နယ်တွင် အမြောက်တပ် အပါအဝင် စစ်တပ်အခြေစိုက်တပ်ရင်းအများအပြားရှိပြီး အနီးဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်တတ်သည်။
ပြီးခဲ့သည့် နှစ်ကုန်ကတည်းက စစ်တပ် အထိုင်ချတပ်စွဲထားသည့် စက္ကန့်ရွာနှင့် မြို့လှရပ်ကွက်တို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်စဉ် မြို့တွင်းရှိ စစ်ကောင်စီ အထိုင်တပ်ဖွဲ့က စစ်ကြောင်းနှစ်ခု ခွဲ၍ စစ်ကူရောက်လာသောကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု RKDF (Ranger Kalay Defense Force) အဖွဲ့ထံမှ သိရသည်။
“မနေ့က သူတို့ဂိတ်မှာတော့ အင်အားနည်းတယ်။ ဒါပေမဲ့ နောက်က (စစ်ကူ) ရောက်လာတဲ့သူတွေကြောင့် မသိမ်းနိုင်လိုက်သေးဘဲ ဖြစ်သွားတာ” ဟု ထိုအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဖြစ်နေသည့် ထိုရွာနှင့် ရပ်ကွက်တို့သည် ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိပြီး ဗျူဟာကျသည့် နေရာဖြစ်သည်။
ယမန်နေ့က စတင်သော ကလေးမြို့တိုက်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ၏ ခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသအခြေစိုက်အဖွဲ့များ ဖြစ်သည့် RKDF နှင့် ချင်းကာကွယ်ရေးအဖွဲ့များဖြစ်သော CDF KKG, CNO-UCR တို့အပါအဝင် တော်လှန်ရေးအင်အားစုများက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုက အသာစီးရနေကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့-ကလေး-ကဘော် (CDF KKG) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
မြို့နယ်အတွင်း တိုက်ပွဲမရှိသည့် နေရာများတွင် ပုံမှန်အတိုင်း သွားလာနေကြသည်ဟု ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြို့ထဲတော့ ပုံမှန်သွားလာနေတယ်။… မနက်အစောပိုင်းကတော့ လက်နက်ကြီးတွေထုသံတွေ ကြားရသေးတယ်” ဟု ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့ နံနက်ကလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှု ရှိသည်၊ စစ်တပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ထားသောကြောင့် ထိခိုက်သေဆုံးမှု အချက်အလက်များ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
ကလေးမြို့နယ်မှ စစ်ကောင်စီအခြေပြုစခန်း ၅ ခုကို ပြီးခဲ့သည့် နိုဝင်ဘာအတွင်း တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။
လက်ရှိစစ်ရေးအခြေအနေကြောင့် ကံကြီးရွာနှင့်အနီးတစ်ဝိုက် ကျေးရွာအချို့နှင့် တောင်ဘက်ရှိ ကျေးရွာအချို့မှ ဒေသခံ ငါးထောင်နီးပါး စစ်ဘေးရှောင်နေရသည်။ ထို့ပြင် အိမ်နီးချင်း ဂန့်ဂေါမြို့နယ်၊ ပျူစောထီးကျေးရွာမှ ထွက်ပြေးလာသည့် အိမ်ထောင်စု ၁၀၀ နီးပါးလည်း ရောက်နေကြောင်း၊ စစ်ရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်နေကြောင်း အကူညီပေးနေသူများထံမှ သိရသည်။
နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ ဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိပြီး ထိုအထဲတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ ဒသမ ၄ သန်းပါဝင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးရုံး (UNOCHA) က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
