ဇွန်လအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဒဏ်ကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူများသည် သာစည်၊ ရေလဲဦး၊ ထိုမာ၊ အရှေ့စီသာ၊ နဂါးပွက် ကျေးရွာများမှ ဖြစ်ကြသည်၊ ဒဏ်ရာရသူလည်း ၂၀ နီးပါးရှိသည်ဟု ကလေးဒေသထောက်ပံ့ရေးစင်တာ (Kalay Region Supporting Center – KRSC) က ပြုစုထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
ဇွန်လ ၂၃ ရက်နေ့က ကလေးမြို့အထွက် စစ်ဆေးရေးဂိတ်တစ်ခုတွင် ရှိသော စစ်ကောင်စီတပ်သားတို့ ပစ်ခတ်သည့် လက်နက်ကြီးကျည် နဂါးပွက်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး မိန်းကလေးတစ်ဦး သေဆုံးခဲ့သည်ဟု KRSC က ပြောသည်။
“လက်နက်ကြီးနဲ့ မနက် ၅ နာရီခွဲအချိန်က ၂ ချက်ထုတာ၊ နဂါးပွက်ကျေးရွာဘက်ကို ကျတယ်။ ၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် လက်နက်ကြီးစ မှန်ပြီးတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး” ဟု KRSC မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်ရှိ ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ကလေးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်ခြင်းမှာ ဇွန် ၉ ရက်နေ့မှ စတင်သည်ဟု သိရသည်။
ဇွန် ၂၀ ရက်နေ့ကလည်း အရှေ့စီသာကျေးရွာ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၅ နှစ်အရွယ် ကလေးငယ် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ ကလေး၏ မိသားစုဝင် ၃ ဦးလည်း ဒဏ်ရာရသွားကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။
မြို့အထွက် ဇင်ကလင်းရွာတွင် ယခုလဆန်းပိုင်းမှစတင်ကာ စစ်တပ်က တပ်စွဲလိုက်ပြီးနောက် အနီးအနားကျေးရွာများကို ညအချိန် လက်နက်ကြီးပစ်ခတ်မှုများ လုပ်လာသည်၊ စခန်းစီးနင်းမခံရရန် ထိုသို့ ပစ်ခတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။
“အခုနောက်ပိုင်းပစ်တဲ့ လက်နက်ကြီးတွေက ပိုအဆင့်မြင့်တာလား မသိဘူး။ ထွက်တဲ့အသံကအစ အကျယ်ကြီးတွေ ကြားရတယ်။ ကွဲပြီဆိုရင် နှစ်ဆင့်ကွဲသွားတာ။ ရွာတွေထဲကို တည့်တည့်ကို ကျတာ များတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုချိန်က တောင်သူလုပ်ငန်းလုပ်တဲ့အချိန်ဖြစ်တော့ အားလုံးက ရပ်ရွာမှာပဲ နေရတဲ့အချိန်ဆိုတော့ ဘယ်အချိန် ဘယ်ရွာထုမလဲဆိုတာက ပြောလို့မရဘူး။ ထုခါမှပဲ ထုတဲ့အလျောက် ဒီအတိုင်းခံနေရတဲ့ သဘောပါ့။ အကုန်လုံး ရှောင်ရှားကြဖို့လည်း မဖြစ်နိုင်တဲ့အခြေအနေပေါ့”
လက်နက်ကြီးကာကွယ်ရေးအတွက် ဒေသခံအချို့က ပုန်းခိုကျင်းများ တူးထားသော်လည်း အများစုမှာ ကြိုတင်ကာကွယ်ရေး သီးခြားပြင်ဆင်ထားနိုင်သည့် အခြေအနေမရှိကြောင်း ဒေသခံတို့က ဆိုသည်။
ကလေးမြို့နယ်အတွင်း ပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
တောင်တန်းဒေသ ချင်းပြည်နယ်နှင့် မကွေးတိုင်းသို့ သွားလာဆက်သွယ်ရေးအတွက် အချက်အချာကျရာ ကလေးမြို့နယ်သည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှု အစောဆုံး စတင်ခဲ့ရာ မြို့နယ်ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ဒေသဖြစ်သည်။
ကလေးမြို့နယ်တွင် ပစ်ခတ်မှု၊ ဖမ်းဆီးမှုများ အကြီးအကျယ် ပေါ်ပေါက်နေသော်လည်း ဒေသခံတို့၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများအပါအဝင် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်မှုများ ဆက်လက် ပေါ်ပေါက်နေသည်။
ဇွန် ၁၉ ရက်နေ့ကလည်း ကလေးမြို့နယ်အတွင်း ပန်းပန်ထားသူနှင့် ပန်းရောင်းသူ အမျိုးသမီး ၄၀ ခန့်ကို ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အမှတ်တရအစီအစဉ်တွင် ပါဝင်မှု သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)