
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းနှစ်ဦးက ပြည်သူ့လွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော်တစ်နေရာ အနိုင်ရရှိသွားသည်။
ဆွမ်ပရာဘွမ် ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း လရှန်ဘန်ထွယ်က မဲရလဒ် ၅၅၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ ပြိုင်ဘက်များဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားလှယ်လောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ၃၉၃ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးလောဒ်ထွယ်က ၃၈၁ မဲ ရရှိခဲ့သည်။
ကချင်ပြည်နယ်လွှတ်တော် ဆွမ်ပရာဘွမ်မဲဆန္ဒနယ်အမှတ် (၁) နေရာတွင်လည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း လောင်ဂျာခါးက မဲအရေအတွက် ၅၄၄ မဲဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါမဲဆန္ဒနယ်တွင် လောင်ဂျာခါးသည် NLD၊ KSPP နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများနှင့် အဓိကယှဉ်ပြိုင်ခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ်၌ NLD က အောင်ပွဲခံခဲ့သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်သွားခြင်းဖြစ်သည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) သည် ဆွမ်ပရာဘွမ်အပါအဝင် မြို့နယ်ငါးခုဖြင့် ဖွဲ့စည်းထားသော ပူတာအိုခရိုင်ဖြစ်ပြီး ကျန်မြို့နယ်လေးခုမှ မဲရလဒ်များကို မသိရှိရသေးပါ။ သို့သော် ဆွမ်ပရာဘွမ်တွင်မူ ပြည်ခိုင်ဖြိုး၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရခွီဖုန်က မဲအရေအတွက် ၅၁၈ မဲ ဖြင့် NLD ကိုယ်စားလှယ်လောင်းနှင့် KSPP ကိုယ်စားလှယ်လောင်းတို့ကို အနိုင်ရနေသည်။
“ကျွန်မတို့ ဒုတိယပဲ။ ကြံ့ခိုင်ရေးပဲ နိုင်တယ်။ သူတို့က တပ်တွေအများကြီး ထည့်ထားတာ။ ဒီမှာက ကချင်ပါတီကလည်း သူတို့နိုင်အောင် ပြန်ကြိုးစားတာရှိတော့ ကချင်ပါတီနဲ့ ကျွန်မတို့မဲက ကွဲသွားတာပေါ့” ဟု NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဂျေထုရော်က Myanmar Now ကို ပြောသည်။
ဆန္ဒမဲပေးခွင့်ရှိသူ ၂,၇၈၆ ဦး ရှိသော ဆွမ်ပရာဘွမ်မြို့နယ်သည် ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလိုတွင် ရုတ်တရက်ပြောင်းရွှေ့တပ်ရင်းများ ရောက်လာခဲ့သည့် ကချင်ပြည်နယ်ရှိ မြို့နယ်များအနက် တစ်မြို့ဖြစ်သည်။
ဆွမ်ပရာဘွမ်မြို့နယ်သို့ ပြောင်းရွှေ့လာသော တပ်မတော်သား ၄၀၀ ကျော်၏ မဲအရေအတွက်သည် ယခုရွေးကောက်ပွဲတွင် အဆုံးအဖြတ်ပေးခဲ့ကြောင်း KSPP ကိုယ်စားပြု၍ ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ လခရိလအောင်က Myanmar Now ကို ပြောသည်။
“ကျေးရွာတွေမှာက ကျွန်တော်တို့ နိုင်တဲ့နေရာ ရှိတယ်။ NLD နိုင်တာ ရှိတယ်။ ကျွန်တော်တို့ မကွာဘူး။ ဒါပေမဲ့ စစ်တပ်မဲထည့်တဲ့ မဲရုံတွေမှာ အကုန်လုံး ကြံ့ခိုင်ရေးတွေ ဖြစ်သွားတာ။ မဲက ရာဂဏန်းလောက် တက်တက်လာတာ။ ကြံ့ခိုင်ရေးက နိုင်သွားတာပေါ့နော်” ဟု လခရိလအောင်က ပြောသည်။
ဆွမ်ပရာဘွမ်မြို့နယ်၏ ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မြေ မဲရလဒ်များမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အသေးစိတ် မသိရသေးကြောင်း၊ သို့သော်လည်း KSPP က ဦးဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)