အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ဆိပ်ကြီးခနောင်တို၌ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးခင်ရီ အရေးနိမ့်နေ 

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယနေ့ညပိုင်း မဲရေတွက်မှုအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ အရေးနိမ့်နေကြောင်း သိရသည်။ 

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် မဲရုံပေါင်း ၃၅ ရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲရုံပေါင်း ၂၀ ကျော်တွင် အသားစီးရလဒ်ထွက်ပေါ်နေကြောင်း NLD ပါတီ၏ ဆိပ်ကြီးခနောင်တိုမြို့နယ် လူငယ်တာဝန်ခံ ဦးကောင်းထက်က Myanmar Now ကို ပြောသည်။ 

ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဦးခင်ရီ၏ ပြိုင်ဘက်မှာ NLD ပါတီမှ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ထွန်းနိုင်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံအနိုင်ရရှိခြင်းလည်းဖြစ်သည်။ 

ဆိပ်ကြီးခနောင်တိုမြို့တွင် မဲပေးခွင့်သူပေါင်း ၂၆,၀၅၅ ဦး ရှိပြီး မဲပေးခဲ့သူအရေအတွက်နှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် မဲရရှိမှုကိုမူ ယနေ့ည ၉ နာရီ အချိန်ထိ မသိရသေးပေ။  

အသက် ၆၇ နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် စစ်အစိုးရလက်ထက်တွင် ရဲချုပ်ဟောင်းတာဝန် ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ 

ဦးခင်ရီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်း၏ဇာတိ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒယ်တွင် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းကို မဲ ၁၅,၀၀၀ ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ 

တပ်မတော်အရာရှိဟောင်းများဖြင့် စတင်တည်ထောင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီသည် NLD ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရအဖြစ် နိုင်ငံကို ငါးနှစ်သက်တမ်း အုပ်ချုပ်ခဲ့သည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ ပြည်ခိုင်ဖြိုးပါတီသည် NLD ကို အပြတ်အသတ်ရှုံးနိမ့်ပြီး အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့သည်။ 

နိုဝင်ဘာ ၈ တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးဟောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့အပါအဝင် ကိုယ်စားလှယ်‌လောင်းစုစုပေါင်း ၁,၁၂၈ ဦးဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ရွေးကောက်ပွဲနောက်ဆုံးရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးသလို နိုင်ငံရေးပါတီများကလည်း ထုတ်ပြန်ခြင်း မရှိသေးပါ။ 

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button