ရွေးကောက်ပွဲ

မန္တလေး အောင်သာယာရပ်ကွက်မဲရုံတွင် မဲရုံမှူးလက်မှတ် မပါသည့် မဲလက်မှတ် တွေ့ရှိ 

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် မဲရုံအမှတ် (၃) တွင် မဲရုံမှူးလက်မှတ်မပါသည့် ဆန္ဒမဲလက်မှတ်များကို အသုံးပြုထားသည်ကို တွေ့ရှိခဲ့ရကြောင်း သွားရောက်ဆန္ဒမဲပေးသည့် ကိုမျိုးမင်းဇော်က ဆိုသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်နေရာအတွက် ဆန္ဒမဲပေးအပြီး  တိုင်းဒေသကြီးလွှတ်တော် မဲပေးရန် မဲပေးခန်းအတွင်း ပြင်ဆင်နေချိန်တွင် မဲရုံမှူးလက်မှတ်မပါဝင်ကြောင်း သတိထားမိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်က မဲရုံမှူးလက်မှတ်လည်း မပါဘူးလို့ အော်လိုက်တာ။ ကျွန်တော့်ဆီကို လူတွေက ဘာဖြစ်တာလဲ ဆိုပြီး ဝိုင်းအုံလာကြတယ်။ ဆရာမတစ်ဦးက ပြေးလာပြီး ဟာ ဟုတ်တယ်၊ မပါဘူး လုပ်ပေးမယ်ဆိုပြီး စာအုပ်ကို ပိတ်လိုက်တယ်။ ကျွန်တော်က ပြန်ဆွဲယူပြီးဓာတ်ပုံထုတ်ရိုက်တော့ မရိုက်ရဘူးဆိုပြီး ပြောတယ်” ဟု ကိုမျိုးမင်းဇော်က ပြောသည်။ 

“တစ်အုပ်လုံးမပါတာဗျာ၊ အောက်တွေကို လှန်ကြည့်တယ်။ ကျွန်တော်တို့ ပြည်သူတွေ မဲပေးပေမဲ့ သူတို့ကြောင့် ပယ်မဲဖြစ်သွားရင် ဘယ်သူတာဝန်ယူမှာလဲ” ဟုလည်း ၎င်းက ပြောသည်။ 

လတ်တလောတွင် ထိုအဖြစ်အပျက်ကို ရပ်ကွက်ရုံးသို့ သွားရောက်တိုင်တန်းခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မဲရေတွက်ချိန်တွင် အဆိုပါလက်မှတ်မပါသည့် ဆန္ဒမဲများကို ကန့်ကွက်သူမရှိပါက ပယ်မဲမဖြစ်စေရန် ထည့်ရေတွက်ပေးမည်​ဟု ပြောကြောင်းလည်း ကိုမျိုးမင်းဇော်က ဆိုသည်။ 

“ကန့်ကွက်သူမရှိရင် ထည့်ရေတွက်ပေးမယ်ဆိုတော့ ကန့်ကွက်သူရှိရင် ဘယ်လိုလုပ်မလဲဗျာ။ ဒါ မသမာမှူပဲဗျာ၊ အဲဒီလိုပဲ သတ်မှတ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

အဆိုပါမဲရုံရှေ့တွင် စောင့်ကြည့်လေ့လာနေသည့် ကနောင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးမောင်မောင်ဦးက “သိသိချင်း ဦးတို့က မဲရုံမှူးဝင်မေးတော့ ဟုတ်တယ် ဖြစ်သွားပါတယ်။ ဒါပေမယ့် သုံးမဲမြောက်လေးမှာ ဖြစ်သွားတာပါ။ စာအုပ်အလဲအပြောင်းလေးမှာ ဖြစ်သွားတာလို့ ပြောတယ်”ဟု ဆိုသည်။

အဆိုပါမဲရုံ၌ မဲရေတွက်ချိန်တွင် မဲရုံမှူးလက်မှတ်များ ပါ၊မပါ စောင့်ကြည့်သွားမည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ 

မန္တလေးခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သန်းနှစ်သိန်းကျော်ရှိပြီး မဲရုံပေါင်း ၆၇၉ ရုံရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ 

Show More

Related Articles

Back to top button