
ယခင် ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲများနှင့် မတူသော အခြေအနေများနှင့် စိန်ခေါ်မှုများကြား တွင် မြန်မာနိုင်ငံ၏ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် စတင် ကျင်းပပြီဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော် မဲဆန္ဒနယ် ၃၂၂ နေရာ အနိုင်ရရှိမှသာလျှင် အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။
သို့သော် အဓိက အင်အားကြီး အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့်မူ ၁၅၆ နေရာ အနိုင်ရရှိရုံမျှဖြင့် ရွေးကောက်ခံ မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးနှင့် ပူးပေါင်းကာ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များအပြင် ၎င်း၏ မဟာမိတ်နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍လည်း ၁၅၆ နေရာထက် နည်းသော ပမာဏကို အနိုင်ရရုံဖြင့် အစိုးရအာဏာ ရယူနိုင်မည်ဖြစ်သည်။
၂၀၂၀ တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂၂ နေရာ ရှိသည်ဖြစ်ရာ စုစုပေါင်း ၆၆၄ နေရာရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်ထိုင်ခုံ ၆၄၂ သာကျန်ရှိပြီး တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး ထုတ်နုတ်ပါက ပြည်သူနှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၄၇၆ ခုတွင် NLD အပါအဝင် နိုင်ငံရေးပါတီများ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲ၏ ထူးခြားသော အချက်တစ်ခုမှာ ကမ္ဘာနှင့်အဝန်းဖြစ်ပွားနေဆဲ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကျရောက်နေစဉ်အတွင်း ကျင်းပရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွား စေသည့် ကိုရိုနာဗိုင်းစ်ပိုးကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့သည်ဖြစ်ရာ အချိန် ၇ လကျော်ရှိပြီ ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၇ ရက်နေ့ည ၈ နာရီအချိန်ထိ မြန်မာ နိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၆ သောင်းကျော် တွေ့ရှိထားပြီး သေဆုံးသူပေါင်း ၁၃၀၀ ကျော်ရှိသည်။
ဩဂုတ်လလယ်ပိုင်းက စတင်ခဲ့သည့် တစ်ကျော့ပြန်ကိုဗစ်နိုင်တင်းဖြစ်ပွားမှုတွင် ကူးစက်မှုနှင့် သေဆုံးမှု နှုန်းမြင့်တက်သဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများရှိခဲ့သော်လည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်အထိ ကပ်ရောဂါအခြေအနေမဆိုးကြောင်း သုံးသပ်ချက်နှင့်အတူ မူလသတ်မှတ်ရက် အတိုင်း နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်သည်။
ရွေးကောက်ပွဲရွှေ့ဆိုင်းရန် အဖန်တလဲလဲ တောင်းဆိုခဲ့ကြသည့် ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီအချို့သည်လည်း နောက်ပိုင်းတွင် ရွေးကောက်ပွဲအနိုင်ရရေးအတွက် အပြင်းအထန် မဲဆွယ်စည်းရုံး ခဲ့ကြသည်။
အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများကြောင့် မဟာပြိုင်ဘက်များဖြစ်သည့် NLD နှင့် ပြည်ခိုင်ဖြိုး ပါတီဝန်းရံထောက်ခံသူများအကြား အငြင်းပွားမှုများ၊ ရုန်းရင်းဆန်ခတ်နှင့် ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၏ ရိုက်နှက်မှု ကြောင့် လူတစ်ဦးသေဆုံးခဲ့သည်။
ထိုသို့သော အငြင်းပွားဖွယ်ရာ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများကြောင့် နှစ်ဖက်ပါတီဝန်းရံသူများအကြား ဖြစ်ပွားသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပါတီတာဝန်ရှိသူများ အပြန်အလှန် ပြစ်တင်ဝေဖန်မှုများနှင့် ရွေး ကောက်ပွဲကော်မရှင်ထံ တိုင်ကြားမှုများရှိခဲ့သော်လည်း ကော်မရှင်အနေဖြင့် ထိရောက်စွာ အရေးယူနိုင်ခဲ့ခြင်း မရှိပေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီများ၏ ပြစ် တင်ဝေဖန်မှုများလည်း ပြင်းထန်ခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် အာဏာရ NLD ပါတီအစိုးရနှင့် တပ်မတော်ကြား အပြန်အလှန်ပြစ်တင်မှုများ၊ အပြန်အလှန်ချေပချက်များဖြင့် အခြေအနေတင်းမာ လျက်ရှိသောကြောင့် ရွေးကောက်ပွဲအလွန်ကာလတွင် စစ်တပ်က အာဏာသိမ်းနိုင်သောဟူသော ထင်မြင်ယူဆချက်များဖြင့် စိုးရိမ်ပူပန်မှုများလည်း ရှိလာခဲ့သည်။
တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး အစိုးရတွင်လည်း တာဝန်ရှိသည်ဟု သတိပေးခဲ့သည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းသတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ကော်မရှင်နှင့် အစိုးရတွင် တာဝန်ရှိကြောင်း ထပ်မံသတိပေးခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်က ကြေညာပါက လက်ခံမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း ယခု ရွေးကောက်ပွဲတွင် သတိထားရမည့် အခြေအနေများ ဖြစ်လာပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ထုတ်ဖော်ပြောကြားခဲ့သည်။
တပ်မတော်၏ ပြောဆိုချက်များသည် ဖွဲ့စည်းအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့် ညီညွတ်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းချက်ထုတ်ခဲ့ရာတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးမှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်ကြောင်းနှင့် တပ် ချုပ်သည် ဒုတိယသမ္မတအဆင့်နှင့် ကိုက်ညီကြောင်း ထုတ်ပြန်ကာ တုံ့ပြန်ခဲ့သည်။
ရွေးကောက်ပွဲရလဒ်သည် တပ်မတော်၏ သဘောထားနှင့် မကိုက်ညီခဲ့ပါက အချုပ်အခြာအာဏာ သိမ်းယူရန်အထိ ကြိုတင်အစီအမံများ ရှိပြီးဖြစ်ကြောင်း တပ်မတော်က သတိပေးခြင်းဖြစ်သည်ဟုပင် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထင်မြင်ချက်ပေးကြသည်။
တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် အခြေအနေတင်းမာမှုများအပြင် အာဏာရ NLD ပါတီ အတွက် ရွေးကောက်ပွဲအနိုင်ရရေး အခြားသော စိန်ခေါ်မှုများလည်း ရှိနေသည်။
NLD အစိုးရ၏ ငါးနှစ်တာ သက်တမ်းအတွင်း ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်းမှပါ ကြီးမားသော ဖိအာများ ဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာတရားရုံးအထိ သွားရောက်တရားရင်ဆိုင်ခဲ့ရသည်။
အဆိုပါအမှုသည် ကနဦးအဆင့်သာ ရှိသေးပြီး လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များနှင့် အတူ နိုင်ငံတကာ၏ ပြင်းထန်သော ပြစ်တင်ရှုတ်ချမှုများကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် ကြီးမားသောဖိအားများကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။
နိုင်ငံတကာ တရားရုံးအဆင့်ထိ ရင်ဆိုင်ဖြေရှင်းနေရသည့် နက်နဲရှုပ်ထွေးသော ထိုရခိုင်ပြည်နယ်အရေး အပြင် ပြည်တွင်း၌လည်း NLD အစိုးရ၏ စွမ်းဆောင်ချက်များနှင့် ပတ်သက်၍ များစွာသော ပြစ်တင် ဝေဖန်မှုများလည်း ရှိနေသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင် အောင် ဦးစားပေးဆောင်ရွက်မည်ဟု ကြွေးကြော်ခဲ့သည် NLD ပါတီသည် အာဏာရလာချိန်တွင် ထိုအရေးကိစ္စများအတွက် ဆောင်ရွက်ရာတွင် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်ကြား ကာလကြာရှည် အငြင်းပွားမှုများနှင့် အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထူးထူးခြားခြား ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ပို၍ဆိုးသော အခြေအနေတစ်ခုမှာ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်မီးတောင်လောင်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်လူထုထောက်ခံမှုဆက်လက်မြင့်မားနေပြီး တိုင်းပြည်၏ ပြဿနာများသည် ရွေးကောက်ခံအစိုးရနှင့် စစ်တပ်တို့ အစိုးရနှစ်ရပ်သဖွယ်ဆောင်ရွက်ခွင့်ပေးထားသည့် စစ်တပ်ကပင်ရေးဆွဲအတည်ပြုထားသည့် ဖွဲ.စည်းပုံအခြေခံဥပဒေကြောင့် အစိုးရ၏လုပ်ဆောင်ချက်များ၊ NLD ပါတီ၏ ရည်မှန်းချက်များ ပီပီပြင်ပြင်အကောင်အထည်မဖော်နိုင်ခဲ့ခြင်းဖြစ်သည်ဟူသော ရှုမြင်မှုများရှိနေသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်ကြား ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ အပြန်အလှန် ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုဖြစ်ပွားနေဆဲဖြစ်သည်။ ထိုလက်နက်ကိုင် ပဋိပက္ခကိုအခြေခံ သော သဘောထားကွဲလွဲမှုများသည် ခိုင်မာသထက်ခိုင်မာလာကာ AA နှင့် ရခိုင်နိုင်ငံရေးပါတီများသည် တပ်မတော်အပြင် အစိုးရအဖွဲ့ကိုပါ ရန်သူသဖွယ်သဘောထားလာခဲ့သည်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းသုံးဦးကို AA က ဖမ်းဆီးထိန်းသိမ်းထားရာ ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
ထို့ပြင် NLD အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် တုံ့ပြန်ချက်များကို နှစ်ခြိုက်အားရခြင်း မရှိသော တိုင်းရင်းသားပါတီများ၏ ဦးဆောင်လှုပ်ရှားမှုများကြောင့် တိုင်းရင်းသားဒေသများ အထူးသဖြင့် ပြည်နယ်များတွင် NLD ဆန့်ကျင်ရေး သို့မဟုတ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုသော နိုင်ငံရေးနိုးကြားမှုများက စိုးရိမ်ဖွယ်ရာ မြင့်တက်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမကွဲစေရန်နှင့် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များတွင် အင်အားကောင်း လာစေရန် ပြည်နယ်များရှိ တိုင်းရင်းသားပါတီများ ပေါင်းစည်းခဲ့ကြသည်။
အထူးသဖြင့် ကချင်ပြည် နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တွင် ရှိရင်းစွဲတိုင်းရင်းသားပါတီများကို ပေါင်းစည်းထားသည့် စုပေါင်းပါတီများ အင်အားကောင်းလာပြီး ဒေသလူထုထောက်ခံ သိသိသာသာ အားကောင်းနေသည်ကိုလည်း တွေ့ရှိရသည်။ ထိုပြည်နယ်သုံးခုတွင် အမျိုးသားနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း ၇၁ နေရာ ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားနှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း ၃၉၀ နေရာ အနိုင်ရရှိခဲ့သည့် NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထိုပမာဏအတိုင်းအတာဖြင့် အနိုင်ရရှိရန် ခက်ခဲသည့် အခြေအနေရှိသည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးအပြောင်းအလဲအတွက် NLD ကို ပုံအောမဲထည့်ခဲ့ ကြသည့် တိုင်းရင်းသားပြည်နယ်များသည် ယခုရွေးကောက်ပွဲတွင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေး ဟူသော နိုင်ငံရေးမျှော်မှန်းချက်များဖြင့် ဒေသအလိုက် စုစည်းထားသည့် ဒေသခံတိုင်းရင်းသားပါတီ များကိုသာ အားပေးရွေးချယ်ကြမည့် အလားအလာရှိနေသည်။
ယနေ့မနက်မဲပေးခဲ့သူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ၊ ကွမ်ရိုက်ကျေးရွာဒေသခံ ဦးညီညီလွင်က “ကျွန်တော်က တိုင်းရင်းသားပါတီကိုပဲမဲပေးခဲ့တယ်။ ကိုယ်စားလှယ်တွေကိုလည်း ကြည့်ပြီးရွေးချယ်တယ်။ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့မြင်တယ်။ ကျွန်တော်တို့ရွာကလူတွေကတော့ အရင်ရွေးကောက်ပွဲကလိုပဲ တက်တက်ကြွကြတယ်။ ထိုင်းတို့၊ မလေးရှားတို့မှာ သွားပြီးအလုပ်လုပ် တဲ့ သူတွေကလည်း ကိုဗစ်ကြောင့် ပြန်လာတာနဲ့ဆိုတော့ မဲပေးတဲ့သူ ပိုများတယ်” ဟုပြောသည်။
ယနေ့ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ဟု ကောလာဟလထွက်နေသော မိတ္ထီလာမြို့ပေါ် အချို့မဲရုံများတွင် မဲရုံမဖွင့်ခင် နံနက် ၅ နာရီခွဲမှ စတင်ဆန္ဒမဲစပေးပြီဖြစ်သည်။
မြို့တွင်းရပ်ကွက်မဲရုံများဖြစ်သော ရတနာမာန်အောင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်တို့က မဲရုံတို့တွင် မဲရုံမဖွင့်ခင်ကတည်းက မဲပေးရန် လူ ၃၀ ထက်မနည်း တန်းစီစောင့်ဆိုင်းနေကြသည်။
“မဲပေးဖို့ရှေ့မှာ အယောက် ၂၀ လောက်စောင့်လိုက်ရတယ်။၂၀၁၅ ရွေးကောက်ပွဲတုန်းက အရေးအခင်းဖြစ်ထားတာလဲ သိပ်မကြာသေးတော့ လုံခြုံရေးကြောက်ပြီး မဲမပေးခဲ့ဘူး။ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်မဲပေးတာပါ” ဟု အသက် ၂၄ နှစ်အရွယ် မဲဆန္ဒရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
“အမေ့ပါတီကိုပဲ မဲပေးတယ်။ ကျမတို့လုံခြုံရေးနဲ့ရင်းပြီး နိုင်ငံသားတာဝန်ကျေအောင်မဲပေးခဲ့ပါတယ်။ မနေ့ညကဆို ကောလာဟလတွေကြားနေရတော့ မတော်လို့များ မဲရုံကို ဗုံးခွဲတာမျိုးဖြစ်လာခဲ့ရင် မဲပေးရင်း တစ်ခုခုဖြစ်သွားနိုင်တယ်လေ” ဟု ၂၀၁၃ ခုနှစ် မိတ္ထီလာလူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့သော သီရိမင်္ဂလာရပ်ကွက်က အသက် ၄၀ အရွယ် မဲဆန္ဒရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ အာဏာရပါတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၂၂ နေရာ အနိုင်မရရှိခဲ့ပါက အစိုးရဖွဲ့ နိုင်ရေးအတွက် အခြားပါတီများ၊ တစ်သီးပုဂ္ဂလများကို စည်းရုံးလုပ်ဆောင်နိုင်သလို အခြားပြိုင်ဘက် နိုင်ငံရေးပါတီများအနေဖြင့်လည်း အလားတူ လုပ်ဆောင်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က ဆိုသည်။
“ဦးဇော်ဌေး (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်) က မနေ့တစ်နေ့က ထုတ်ပြောလိုက်တာရှိတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာမျိုးနဲ့ သွားဖို့ရှိတယ်လို့ ပြောထားတာမျိုး ရှိတယ်။ ခန့်မှန်းကြည့်ရတာ NLD အနေနဲ့ တစ်ပါတီတည်း အစိုးရဖွဲ့ဖို့ သိပ်မသေချာဘူးလို့ ခံစားမိလို့ ကြိုပြီးပြောထားတာမျိုးလည်း ဖြစ်နိုင်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းရှိသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအပြင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ နေရာ အပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ ခုတွင် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများအပါအဝင် ကိုယ်စားလှယ်လောင်းပေါင်း ၅၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။