ရွေးကောက်ပွဲ

ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား 

ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်အလိုဖြစ်သည့် ယနေ့ (နိုဝင်ဘာ ၆) ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးဝင်းအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ပြင်းထန်သော ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။ 

“မှန်တစ်ချပ် ကွဲတယ်။ အဲ့ဒါက Viberation(အသံတုန်ခါမှု)နဲ့တော့ ကွဲမှာပဲ။ အသံက တော်တော်လေးကို ကျယ်တယ်။ ကျွန်တော်တို့ တစ်ရုံးလုံးခြားပြီး ဒေါင့်ဆုံးခန်းမှာ အလုံပိတ်နေတဲ့သူတောင် ကြားတယ်” ဟု ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းသက်နောင်က Myanmar Now ကို ပြောသည်။

တိုင်းဒေသကြီးကော်မရှင်ရုံးနှင့် ခရိုင်ကော်မရှင်ရုံးမှာ ခြံဝင်းတစ်ခုတည်းတွင် ဆက်လျက်ရှိပြီး ကြိုတင်မဲကိစ္စများဖြင့် ယမန်နေ့တွင် တိုင်းကော်မရှင်ရုံး၌ လူ ၄၀ ခန့် အဝင်အထွက်ရှိခဲ့သော်လည်း ယနေ့ ဗုံးပေါက်ကွဲချိန်တွင် လူအဝင်အထွက် မရှိကြောင်းလည်း ၎င်းက ပြောသည်။ 

တိုင်းကော်မရှင်ရုံးတွင် တပ်ဆင်ထားသော CCTV ကင်မရာများကို သက်သေအဖြစ် ရဲတပ်ဖွဲ့က ဖြုတ်ယူသွားပြီး ဖြစ်စဉ်ကို ဆက်စုံစမ်းနေဆဲဟု ဦးမင်းသက်နောင်က ပြောသည်။ 

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်က သီးခြားညွှန်ကြားချက် မလာပါက ရွေးကောက်ပွဲကိုသာ အာရုံစိုက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။ 

“ရွေးကောက်ပွဲနီးလာမှ အမြဲတမ်းစိတ်ဝင်စားခံရတဲ့ ဌာနဆိုတော့ ကျန်တဲ့အချိန်မှာ ဘယ်သူမှ လာမေးတာလည်းမရှိဘူး။ ရွေးကောက်ပွဲနီးလာမှ လူရှိကြတာ။ ဒီလိုအချိန်မှာပဲ ဝင်လုပ်တာဆိုတော့ နည်းနည်း နောက်ယှက်ချင်တဲ့သဘော ဖြစ်မှာပါ” ဟု ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းသက်နောင်က ဆိုသည်။ 

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဦးဆောင်စုံစမ်းစစ်ဆေးနေသူ ပဲခူးမြို့ရဲစခန်းမှ မြို့နယ်မှူး ဦးဝင်းလှိုင်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

ဗုံးကွဲသည့်နေရာသို့ အနီးကပ်ရောက်ရှိနေသူ ပဲခူးမြို့နေ အသက် ၂၅ နှစ်ဝန်းကျင် ကိုသူရိန်က “တစ်လုံးကတော့ ပေါက်ပြီးသွားပြီ။ နောက်ထပ် ရှိ/မရှိ လမ်းပိတ်ပြီး ဆက်ရှာနေတယ်” ဟု ပြောသည်။ 

ပဲခူးမဲဆန္ဒနယ်မှ NLD ပါတီကိုယ်စားပြုပြီး ဝင်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်ရွှေပုံက ယခုဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များ မဲလာမပေးတော့မည်ကို စိုးရိမ်မိသည်ဟု ဆိုသည်။

“အသံက အကျယ်ကြီးထွက်တာဆို‌တာ့ လူတွေကို လန့်တဲ့သဘောထင်တာပဲ။ စိုးရိမ်တာတော့ရှိတယ်။ မဲပေးမယ့်နေ့မှာ လူတွေက လန့်ပြီး မဲမပေးတော့မှာတို့။ ဒါပေမယ့် အချို့လည်း ပြောကြတယ် သေချင်သေပါစေ မဲထည့်မှာတဲ့”ဟု ၎င်းက ပြောသည်။

ပဲခူးခရိုင်အတွင်း မဲပေးပိုင်ခွင့်ရှိသူ တစ်သန်း လေးသိန်းကျော်ရှိပြီး မဲရုံပေါင်း ၁၁၉၀ ရှိကာ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်မဲ တစ်သိန်းကျော်ရရှိထားသည်ဟု ခရိုင်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Show More

Related Articles

Back to top button