အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

စစ်တပ်အာဏာသိမ်းဝါဒဖြန့် ‘အဖေနှင့်သားများ’ ရုပ်ရှင် တပ်မတော်က ထုတ်လွှင့်မည်

၁၉၈၈ ခုနှစ်တွင် လိုအပ်၍ တပ်မတော်က အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း လူထုကို ဝါဒဖြန့်သည့် ‘အဖေနှင့်သားများ’ ရုပ်မြင်သံကြားဇာတ်လမ်းကို ထုတ်လွှင့်ပြသမည်ဟု ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ခန့်အလို အောက်တိုဘာ ၃၁ တွင် တပ်မတော်ပိုင် မြဝတီသတင်းစာက ထုတ်ပြန်ခဲ့သည်။ 

မလိမ်မာသော သားများကြောင့် ဆူဆူပူပူဖြစ်နေရသည့် မိသားစုတစ်ခုတွင် ဖခင်ဖြစ်သူက လိုအပ်သဖြင့် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ရသည်ဆိုသော ဇာတ်ဝင်ခန်းများပါသည့် ‘အဖေနှင့်သားများ’ ရုပ်ရှင်သည် ၁၉၈၈ တွင် စစ်တပ်က မလွှဲမရှောင်သာ တိုင်းပြည်ကောင်းကျိုးအတွက် အာဏာသိမ်းခဲ့ရခြင်းဖြစ်သည်ဆိုသော ဝါဒမှိုင်းကို ထည့်သွင်းထားသည်။ 

လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ကျော်က ရိုက်ကူးခဲ့ပြီး ရုပ်ရှင်မင်းသားကြီးညွန့်ဝင်း ဦးဆောင်ပါဝင်သည့် ‘အဖေနှင့်သားများ’ ရုပ်ရှင်ကို ပထမပိုင်း၊ ဒုတိယပိုင်းအဖြစ် နှစ်ပိုင်းခွဲကာ ရွေးကောက်ပွဲမကျင်းပမီ နိုဝင်ဘာ ၆ နှင့် ၇ တို့တွင် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

အဆိုပါ ရုပ်ရှင်ကို မြဝတီရုပ်မြင်သံကြား (MWD Channel) တွင် ရွေးကောက်ပွဲမကျင်းပမီ ထုတ်လွှင့်ပြသမည့်အပြင် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ တွင်လည်း MWD Variety Channel ၌ ထပ်မံပြသမည်ဟု မြဝတီသတင်းစာက ကြေညာထားသည်။

ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ရွေးကောက်ပွဲကော်မရှင်၏ အားနည်းချက်များနှင့် ပတ်သက်၍ ကြေညာချက်များထုတ်ပြန်ခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်သည်လည်း ပြည်တွင်းမီဒီယာတစ်ခုနှင့် သီးသန့်အင်တာဗျူးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန်မှုများကို ထင်ထင်ပေါ်ပေါ် ထုတ်ဖော်ပြောကြားထားသည်။  

လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲဖြစ်ရေးသည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ တွင်လည်း သတိပေးထုတ်ပြန်ခဲ့သည်။ 

ရွေးကောက်ပွဲပြင်ဆင်မှုများနှင့် ပတ်သက်၍ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်အပေါ် အားမလို အားမရ ဖြစ်ရပြီး သတိထားရမည့် အခြေအနေများ ဖြစ်လာပြီဟု နိုဝင်ဘာ ၃ တွင် ပေါ်ပြူလာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။  

နိုင်ငံ၏ သိက္ခာကို အထိအခိုက်မခံနိုင်၍ ပြောဆိုခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်က ကြေညာပါက လက်ခံမည်ဟု ပြောဆိုခဲ့ဖူးကြောင်း၊ ယခုရွေးကောက်ပွဲတွင်မူ သတိထားရသည့် အခြေအနေများဖြစ်လာပြီဖြစ်ကြောင်း အဆိုပါအင်တာဗျူးတွင် တပ်ချုပ်က ပြောကြားခဲ့သည်။ 

“ဒါက မဖြစ်စေချင်ဘူး။ ဒါမျိုးတွေ။ ဒါကြောင့် သတိထားပြီးလုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက် လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေကြချိန်ကလည်း ‘အဖေနှင့်သားများ’ ရုပ်ရှင်ကို မြဝတီရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခဲ့ဖူးသည်ဟု 7Day သတင်းဌာနက ၂၀၁၄ မတ် ၂၇ တွင် ဖော်ပြထားသည့် နီဟိန်းမော်၏ အတွေးအမြင်ဆောင်းပါးတွင် ရေးသားထားသည်။ 

‘အဖေနှင့်သားများ’ ရုပ်ရှင်ကဲ့သို့ပင် တပ်မတော်နှစ်ပတ်လည်အချိန်အခါများတွင် ထုတ်လွှင့်ပြသလေ့ရှိသည့် တပ်မတော်အကျိုးပြု ဝါဒဖြန့်ဇာတ်ကား ၂၅ ခုကို MWD Channel နှင့် MWD Variety Channel တို့တွင် ပြန်လည်ပြသမည်ဟု ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလ စတင်သည့် စက်တင်ဘာမှစ၍ ယနေ့အထိ မြဝတီသတင်းစာတွင် ကြေညာလျက်ရှိသည်။  

အဆိုပါရုပ်ရှင်များကို စက်တင်ဘာလ ၂၈ မှစ၍ ညနေ ၆ နာရီနှင့် ၇ နာရီအချိန်များတွင် ပြသလျက်ရှိပြီး ရွေးကောက်ပွဲပြီးချိန်အထိ ဆက်တိုက်ပြသမည်ဖြစ်သည်။ 

အဆိုပါရုပ်ရှင်ကားများအနက် ‘အဖေနှင့်သားများ’ အပြင် တပ်မတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးထိန်းသိမ်းမှုကို ပုံဖော်သည့် ရုပ်ရှင်ဇာတ်ကားများဖြစ်သည့် ‘ဝေလည်းမွှေး ကြွေလည်းမွှေး’၊ ‘အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ‘အညတရ မိုးကောင်းကင်’၊ ‘နှလုံးသားနဲ့ စစ်တာဝန်’၊ ‘ရဲဘော်ဆက်လုပ်’၊ ‘သူရဲကောင်းတို့ ပျော်ရာမြေ’၊ ‘အမိမြေမှ သားကောင်းများ’၊ ‘အပြာရောင်သစ္စာ’၊ ‘သံယောဇဉ်အနား နှလုံးသားဗဟို’၊ ‘ပြည်ထောင်စုသစ္စာ’၊ ‘ငါတို့သည်’ နှင့် ‘စစ်ကိုမုန်း၍ တိုက်ခဲ့သည်’ အစရှိသည့် တပ်မတော်ဂုဏ်ပြုရုပ်ရှင်များ ပါဝင်သည်။ 

ထို့အပြင် ‘အဖေ့ရိပ်’၊ ‘ကွမ်လုံ ရက် ၄၀’၊ ‘ပြည်သူ့အတွက်တပ်မတော်’ စသည့် တပ်မတော်ကို အမွှမ်းတင်ထားသည့် ဇာတ်ကားများလည်း ပါဝင်သည်။ 

တပ်မတော်၏ အခန်းကဏ္ဍကို ဇောင်းပေးပုံဖော်ထားသည့် အဆိုပါ ဇာတ်ကားများကို ရွေးကောက်ပွဲကာလအတွင်း ထုတ်လွှင့်ပြသခြင်းမှာ မည်ကဲ့သို့သော သတင်းစကားပေးလိုသဖြင့် ထုတ်လွှင့်ရကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက လက်ခံဖြေဆိုခြင်း မရှိပါ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button