ရွေးကောက်ပွဲ

လူမှုကွန်ရက်ပေါ် မဲဆွယ်ရာတွင် ပြည်ခိုင်ဖြိုးက ငွေကြေးအများဆုံးသုံးစွဲ

နိုင်ငံရေးပါတီများ အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးရာတွင် ယင်းတို့၏ နိုင်ငံရေးကြော်ငြာများအတွက် ငွေကြေးသုံးစွဲမှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဖြစ်ကြောင်း Facebook ၏ ထုတ်ပြန်မှုစာရင်းအရ သိရသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နှင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့မှာ တတိယနှင့် စတုတ္ထအများဆုံး သုံးစွဲထားသည့် နိုင်ငံရေးပါတီများ ဖြစ်ကြသည်။ 

ငွေကြေးသုံးစွဲထားသည့် နိုင်ငံ‌ရေးကြော်ငြာများနှင့်ပတ်သက်၍ ကြော်ငြာကဏ္ဍဆိုင်ရာ ပွင့်လင်းမြင်သာမှုကို အသုံးပြုသည့် Facebook အကောင့်နှင့် စာမျက်နှာများတွင် ဩဂုတ် ၄ မှစ၍ Facebook က ထုတ်ပြန်ပြသထားသည်။ အဆိုပါအချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် ‘Ad Libray Report’ (ကြော်ငြာကဏ္ဍအစီရင်ခံစာ) ကိုလည်း Facebook က ပုံမှန်သီးသန့်ထုတ်ပြန်သည်။ 

ဩဂုတ် ၄ မှ နိုဝင်ဘာ ၂ အထိ မြန်မာနိုင်ငံမှ နိုင်ငံရေးကြော်ငြာစုစုပေါင်း ၆,၂၆၅ ခု ရှိပြီး ကြော်ငြာခ အမေရိကန်ဒေါ်လာ ၁၃၉,၁၂၂ ရရှိကြောင်း Facebook က ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ပါတီများ၏ တရားဝင် Facebook စာမျက်နှာများ၊ ပါတီကိုယ်စား လှယ်လောင်းများ၊ ပါတီအတွက် ကြော်ငြာပေးနေသည့် စာမျက်နှာများက ယင်းတို့၏ နိုင်ငံရေးဆိုင်ရာကြော်ငြာများအတွက် သုံးစွဲသည့် ငွေကြေးပမာဏကို တွက်ချက်ထားခြင်း ဖြစ်သည်။ 

နိုင်ငံရေးပါတီများအတွက် အွန်လိုင်းမဲဆွယ်မှုတွင် ငွေကြေးအသုံးစရိတ် (Myanmar Now) 

ပြည်ခိုင်ဖြိုးပါတီ၏ Facebook စာမျက်နှာ ၁၁ ခု သည် နိုင်ငံရေးကြော်ငြာများအတွက် ဒေါ်လာ ၂၀,၄၂၂ အထိ အသုံးပြုထားပြီး ဒုတိယအများဆုံးအသုံးပြုသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ထက် သုံးဆကျော် ပိုများသည်ကို တွေ့ရသည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ စာမျက်နှာ ၁၁ ခုအနက် “USDP Women Committee” သည် ၁၁,၄၄၂ ဒေါ်လာ (ကျပ်သိန်း ၁၄၀ ကျော်) ဖြင့် ငွေကြေးသုံးစွဲမှု အများဆုံးဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီနှင့် သက်ဆိုင်သည့် စာမျက်နှာများတွင် ငွေကြေးသုံးစွဲမှုအချို့ (Myanmar Now) 

လူမှုကွန်ရက်တွင် ဒုတိယအများဆုံး ငွေကြေးသုံးစွဲထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီသည် ဩဂုတ်လဆန်းပိုင်းတွင် နိုင်ငံရေးကြော်ငြာအများအပြား လုပ်ခဲ့သော်လည်း စက်တင်ဘာလတွင်မူ အသုံးပြုမှုလျော့ကျသွားသည်ကို တွေ့ရသည်။ ပါတီ၏ လူမှုကွန်ရက်စာမျက်နှာ ၅ ခု တွင် ၆,၁၂၇ ဒေါ်လာ (ကျပ် သိန်း ၈၀ နီးပါး) အသုံးပြုထားသည်။ 

အွန်လိုင်းပေါ်တွင် ကန့်သတ်ခံရမှုများရှိသည်ဟု ထင်သည့်အတွက် အွန်လိုင်းအသုံးပြုမဲဆွယ်ခြင်းထက် မြေပြင်တွင် လူထုနှင့်ထိတွေ့ရန် ပိုမိုကြိုးစားလာခြင်းဖြစ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ၏ အွန်လိုင်းလှုပ်ရှားမှုများကို တာဝန်ခံဆောင်ရွက်သူ ကိုကောင်းမင်းခန့်က Myanmar Now ကို ပြောသည်။

လူမှုကွန်ရက်တွင် နာမည်ကျော်ကြားသူအချို့ရေးသားထားသည့် အငြင်းပွားဖွယ်အကြောင်းအရာများကို Facebook ပေါ်မှ ဖြတ်ချခြင်း မပြုသော်လည်း သာမန်အသုံးပြုသူတို့ ရေးသားသည့် အကြောင်းအရာများမှာမူ ဖြုတ်ချခံရတတ်သည့်အတွက် ကန့်သတ်မှုရှိသည်ဟု ကိုကောင်းမင်းခန့်က ဆိုသည်။ 

ကျပ်သန်း ၆,၀၀၀ ကျော် အကုန်အကျခံ ဖွဲ့စည်းထားသည့် အစိုးရ၏ လူမှုကွန်ရက်စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့သည် မျက်နှာလိုက်မှုရှိသည်ဆိုသော ဝေဖန်မှုများကို ကိုကောင်းမင်းခန့်က ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ 

“အွန်လိုင်းက နည်းနည်းလေး ကန့်သတ်ခံရတာတွေ ဖြစ်နေတယ်လို့ ထင်တဲ့အတွက် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဖို့ လုပ်ဆောင်ပါတယ်။ အွန်လိုင်းက အဲဒီလောက် မထိရောက်တော့ဘူး ထင်တဲ့အတွက် မြေပြင်လှုပ်ရှားမှုတွေ ပိုလုပ်ဖြစ်ပါတယ်ဟု” ကိုကောင်းမင်းခန့်က ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့အတွက် အွန်လိုင်းမဲဆွယ်မှုတွင် ငွေကြေးသုံးစွဲမှု (Myanmar Now)

တတိယအများဆုံးဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ယင်း၏ စာမျက်နှာ ၅ ခု တွင် ၅,၈၇၂ ဒေါ်လာ (ကျပ် ၇၅ သိန်းကျော်) ၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွက် မဲဆွယ်သည့် စာမျက်နှာ ၆ ခု တွင် ၅,၅၅၅ ဒေါ်လာ (ကျပ် သိန်း ၇၀ ကျော်) ဖြင့် စတုတ္ထအများဆုံး အသုံးပြုထားသည်ကို Facebook ၏ အစီရင်ခံစာတွင် တွေ့ရသည်။

အွန်လိုင်းတွင် ငွေကြေးအသုံးပြုမဲဆွယ်မှုများ မပြုလုပ်ရန် ပါတီဝင်များကို ကန့်သတ်ထားသည်ဟု NLD က ဆိုသော်လည်း ပါတီကိုယ်စားလှယ်လောင်းအချို့နှင့် ပါတီအောင်နိုင်ရေးစာမျက်နှာများတွင် ငွေကြေးအသုံးပြုမဲဆွယ်နေကြသည်ကို တွေ့ရသည်။ 

ပါတီဝန်းရံထောက်ခံသူများသည် ပါတီညွှန်ကြားချက်ကို လိုက်နာစရာ မလိုသည့်အတွက် ငွေကြေးအသုံးပြုခြင်းဖြစ်မည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

NLD သည် မြေပြင်မဲဆွယ်စည်းရုံးမှု ပြုလုပ်နိုင်သည့် နေရာများတွင် မြေပြင်လှုပ်ရှားမှုကို အဓိကထားပြီး ကိုဗစ်နိုင်တင်းကူးစက်မှုနှုန်း များပြားသည့် ရန်ကုန်ကဲ့သို့သော နေရာမျိုးတွင် အွန်လိုင်းအသုံးပြု မဲဆွယ်သည်ဟု ပါတီဗဟိုအောင်နိုင်ရေးကော်မတီဝင် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

“ဝန်းရံထောက်ခံသူတွေကတော့ ကျွန်တော်တို့ပါတီရဲ့ မူဝါဒနဲ့ သွားတာမဟုတ်ဘူးခင်ဗျ။ သူတို့ရဲ့သီးခြားမူဝါဒနဲ့ သွားတာပါ။ ပါတီဝင်တွေ အကုန်လုံးကိုတော့ ကျွန်တော်တို့ ကန့်သတ်ထားပါတယ်။ အွန်လိုင်းအသုံးပြုတဲ့အခါမှာ ဆောင်ရန်ရှောင်ရန်များဆိုပြီး ကျွန်တော်တို့ သီးခြားကို ထုတ်ထားပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD အတွက် အွန်လိုင်းတွင် ငွေကြေးအသုံးပြုမဲဆွယ်မှုတွင် “ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ” ဆိုသည့် စာမျက်နှာသည် ၄,၇၄၇ ဒေါ်လာဖြင့် အများဆုံးဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်းများ၏ စာမျက်နှာများအနက် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးလောင်း ဒေါ်နော်လှလှစိုး၏ “Naw Susanna Hla Hla Soe” စာမျက်နှာက ၁၄၇ ဒေါ်လာ၊ စစ်ကိုင်းတိုင်း ခန္တီးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်ဌေး က ၁၂၅ ဒေါ်လာ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၏ “U Myo Nyunt” စာမျက်နှာ က ၁၂၅ ဒေါ်လာ အသုံးပြုထားသည်ကို တွေ့ရသည်။

ပြည်သူ့ပါတီကမူ လူမှုကွန်ရက်တွင် ငွေကြေးအသုံးပြုမဲဆွယ်မှုများ ရှိသော်လည်း အများအပြားမတွေ့ရပေ။ ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ကိုနေယံဦးသည် ၎င်း၏ Facebook စာမျက်နှာ “Nay Yan Oo နေယံဦး” တွင် ဒေါ်လာ ၄၆၀ ဖြင့် ပါတီ၏ ငွေကြေးသုံးစွဲမှုတွင် အများဆုံးဖြစ်သည်။ 

ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအနေဖြင့် အွန်လိုင်းတွင် မဲဆွယ်ခြင်းထက် မြေပြင်တွင် မဲဆွယ်စည်းရုံးမှုကို ပိုအားရပြီး အွန်လိုင်းမဲဆွယ်မှုသည် သိပ်မထိရောက်ဟု ကိုနေယံဦးက ပြောသည်။

“ကိုယ့်မဲဆန္ဒရှင်တွေကို ပြောချင်တဲ့ message (သတင်းစကား) က တိုက်ရိုက်မရောက်တာ၊ နောက်တစ်ခုက Facebook မှာ တစ်ခုခုရေးလိုက်ရင် သဘောထားမတူတဲ့သူအုပ်စုက အကောင့်အတုတွေ အစစ်တွေနဲ့ ဝင်ရေးပြီး နှောင့်ယှက်ခြင်းကို ခံရတယ်” ဟု ၎င်းက ပြောသည်။

ကိုနေယံဦးမှာ Facebook သည် လူမှုကွန်ရက်အသုံးပြုသူများ တင်သည့်အကြောင်းအရာများကို လူမှုစံနှုန်းများနှင့် ညီမညီ စိစစ်ရာတွင် ဘက်လိုက်မှုရှိသည်ဟု စွပ်စွဲဖူးသူလည်း ဖြစ်သည်။ 

“နောက်တစ်ခုက Facebook ရဲ့မမျှမတ ဖြုတ်ချခံရတာတွေ။ ဒါ့အပြင် အွန်လိုင်းပေါ်မဲဆွယ်မှုက ကိုယ့်ကို နိုင်လောက်တဲ့ အနေအထားထိ ပြောင်းလဲသွားနိုင်လား ဆိုတာမျိုးက မသေချာဘူး ဖြစ်နေတယ်” ဟု ကိုနေယံဦးက ပြောသည်။

တိုင်းရင်းသားပါတီများအနက် မွန်ညီညွတ်ရေးပါတီ (MUP) က ၁,၉၆၅ ဒေါ်လာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က ၈၉၁ ဒေါ်လာ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒေါ်လာ ၅၀၀၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၄၁၇ ဒေါ်လာ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က၂၅၇ ဒေါ်လာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၁၃၀ ဒေါ်လာ အသီးသီး အသုံးပြုထားကြသည်။ 

Facebook က ထုတ်ပြန်ထားသည့် အချက်အလက်များအရ နိုင်ငံရေးပါတီများသည် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော လူဦးရေများပြားသည့် တိုင်းဒေသကြီးများတွင် နေထိုင်သော လူမှုကွန်ရက်အသုံးပြုသူများနှင့် အသက် ၁၈ နှစ် မှ ၃၈ နှစ်ကြား လူငယ်အပိုင်းအခြားကို အဓိကပစ်မှတ်ထားသည်ကို တွေ့ရသည်။ 

ငွေကြေးအသုံးပြုမှု တွက်ချက်ရာတွင် နိုင်ငံရေးပါတီများ၏ စာမျက်နှာများသာမက အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၏ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ကြော်ငြာများကိုလည်း Facebook က ထည့်သွင်းတွက်ချက်ထားသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ‌Facebook နိုင်ငံရေးကြော်ငြာများအတွက် ငွေကြေးသုံးစွဲမဲဆွယ်မှုများအနက် ပမာဏအများဆုံးအနေဖြင့် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်မျိုးက ၁,၁၉၃ ဒေါ်လာ အသုံးပြုထားသည်။

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် (၁) တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဇောတိက ဦးခင်လှိုင်က ၇၁၉ ဒေါ်လာ၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးလောင်းများဖြစ်သည့် ဦးတင်ထူးအောင်နှင့် ဒေါ်ထုမေတို့က ၁၆၆ ဒေါ်လာနှင့် ၁၄၅ ဒေါ်လာ အသီးသီးအသုံးပြုထားသည်။

ငွေကြေးအသုံးပြုမဲဆွယ်သည့် အချို့သော ကိုယ်စားလှယ်လောင်းများနှင့် ပါတီများမှာ စာမျက်နှာတစ်ခုလုံး၏ ငွေကြေးသုံးစွဲမှုသည် ဒေါ်လာ ၁၀၀ ထက်မကျော်လျှင် Facebook က အသေးစိတ်ဖော်ပြခြင်း မရှိပေ။ 

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မြေပြင်တွင် မဲဆွယ်စည်းရုံးမှုများသာမက အွန်လိုင်းမဲဆွယ်စည်းရုံးမှုများကို နိုဝင်ဘာ ၆ အထိသာ ပြုလုပ်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button