သတင်း

နိုင်ငံတွင်း ကျည်ကျပြီး လူသေဆုံးမှု ဘင်္ဂလားဒေ့ရှ် အပြင်းအထန်ကန့်ကွက်

မြန်မာနိုင်ငံဘက်မှ လာသည့် မော်တာကျည်ဆန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကျရောက်ပြီး လူသေဆုံးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာသံအမတ်ကို ခေါ်ယူသတိပေးလိုက်သည်။

မြန်မာဘက်က ပစ်ခတ်သည့် မော်တာကျည်ဆန်များ နယ်စပ်ဖြတ်ကျော်ကျရောက်ပြီး လူသေဆုံးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီ၏ သံအမတ်ကို ဆင့်ခေါ်သတိပေးကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၅ ပစ်ခတ်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏နေအိမ်တွင် အလုပ်လုပ်နေသည့် အသက် ၆၅ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးတို့ သေဆုံးသည်၊ ကလေးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာ Dhaka Tribune က ယမန်နေ့တွင် သတင်းဖော်ပြသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ သံအမတ် ဦးအောင်ကျော်မိုးကို ယမန်နေ့ (ဖေဖော်ဝါရီ ၆) တွင် ဒါကာမြို့ အစိုးရဧည့်ရိပ်သာသို့ ဆင့်ခေါ်၍ သတိပေးကန့်ကွက်ထားသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က ပြောသည်။

“ဒါဟာ သူတို့ရဲ့ပြည်တွင်းပဋိပက္ခပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ကျရောက်ပြီး လူတွေ သေဆုံးစေတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်၊ ဒါကို လုံးဝ လက်မခံနိုင်ပါဘူး” ဟု ဝန်ကြီးက သတင်းထောက်များကို ပြောသည်။

ဦးအောင်ကျော်မိုးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၉ နိုဝင်ဘာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ကန့်ကွက်မှုကို သံအမတ် ဦးအောင်ကျော်မိုးက စစ်ကောင်စီထံ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း တုံ့ပြန်သည်ဟုလည်း သိရသည်။

သံအမတ်ခန့်အပ်လွှာပေးအပ်နေသည့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။

ဖေဖော်ဝါရီ ၃ ရက်နေ့မှစ၍ AA က မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် တည်ရှိသည့် နယ်ခြားစောင့်ရဲစခန်း ၂ ခုကို စတင်တိုက်ခိုက်ရာမှ  နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာစခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဝင်ရောက်သည်မှာ ၂၆၄ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း၊ အချို့မှာ ဒဏ်ရာရရှိထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ယမန်နေ့က ပြောသည်။

“ပစ်ခတ်တိုက်ခိုက်မှုတွေကြားကနေ လွတ်မြောက်ဖို့ ဒီနေ့ ဝင်ရောက်လာသူ ၁၀၀ ကျော်ရှိပြီး အဲဒီထဲက ၈ ဦးဟာ ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံအသီးသီးမှာ ကုသနေပါတယ်” ဟု နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာကို သံတမန်ရေးသတိပေးမှုဖြစ်ပေါ်နေချိန်တွင်ပင် AA က တောင်ပြို (လက်ဝဲ) စခန်းကို ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်သည်။

ဖေဖော်ဝါရီ ၄ တွင် တောင်ပြို (လက်ယာ) စခန်း၊ ဖေဖော်ဝါရီ ၅ တွင် တောင်ပြို (လက်ဝဲ) စခန်းကို AA က သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ ထိုစခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည့်အရေအတွက် သုံးရက်အတွင်း ၂၀၀ အထက်ရှိပြီဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့၏ ဖေဖော်ဝါရီ ၆ ရက်နေ့ ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Show More

Related Articles

Back to top button