
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်၌ နိုဝင်ဘာ ၄ တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးငယ်တစ်ဦး ခြေထောက်နှစ်ဖက်ပြတ်တောက်သည်အထိ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ကျောက်တော်မြို့နှင့် တစ်မိုင်ကျော်ခန့်ဝေးသည့် ကုလားတန်မြစ်အထက်ပိုင်း၊ နာဂရာအုပ်စု၊ ရုပ်သားကျေးရွာမှ အမျိုးသမီးလေးဦးသည် ရွာအနီးရှိ တောင်ကုန်းပေါ်သို့ ဟင်းစားရှာထွက်စဉ် အသက် ၁၈ နှစ်အရွယ် မစန္ဒာအေးမှာ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
“ရွာအရှေ့မြောက်ထောင့် မိုင်ဝက်လောက်ဝေးတဲ့တောင်ကို ကတက်ဥတူးဖို့ သွားကြတယ်လို့ သိရပါတယ်။ သွားတဲ့အချိန်မှာ မိုင်းနင်းမိတာ။ ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွားတယ်။ မိုင်းက ဘယ်သူတွေ ထောင်လဲဆိုတာကို ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ရုပ်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ပြောသည်။
မိုင်းနင်းမိသူအမျိုးသမီးငယ်ကို ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် မိသားစုဝင်များက သွားရောက် ခေါ်ယူခဲ့ရသည်ဟု ဦးလေးတော်စပ်သူ ဦးဇော်နိုင်ဦးက ပြောသည်။
“ပေါက်သံကြားလို့ အမေဖြစ်သူက သွားကြည့်လိုက်တာနဲ့ ခြေထောက်နှစ်ချောင်းက ပြတ်သွားပြီ။ ရွာက သူ့မောင်တွေက သွားပြီးထမ်းယူခဲ့ရတယ်။ အဲဒီကနေပြီးတော့ တစ်နာရီခွဲကျော်လောက်မှာ ကျောက်တော်ဆေးရုံကို ရောက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မစန္ဒာအေးမှာ ကျောက်တော်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ရမည်ဖြစ်သော်လည်း လူနာ၏လက်ရှိအခြေအနေအရ ပို့ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ကျောက်တော်ပြည်သူ့ဆေးရုံမှ ဆရာဝန် ဦးသန်းထွန်းဦးက ပြောသည်။
“လူနာက လမ်းကိုသယ်ယူသွားဖို့ အဆင်မပြေပါ။ လူနာက အခြေအနေမပေးလို့ ဒီမှာတော့ အရေးပေါ်ကုသမှုကိုတော့ လုပ်ပေးထားပါတယ်။ အခုတော့ နည်းနည်းတည်ငြိမ်သွားပါပြီ။ လူနာအခြေအနေ နည်းနည်းတည်ငြိမ်သွားရင် စစ်တွေဆေးရုံကို ပို့ဖြစ်ဖို့များပါတယ်”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၅ အထိ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၆၉ ဦးရှိခဲ့ပြီး အရပ်သား ၃၂ သေဆုံးခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) ၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ကလည်း အမ်းမြို့နှင့် မိုင်သုံးဆယ်ကျော်ခန့်ဝေးသော ကံကျွန်းကျေးရွာတွင် အသက် ၁၇ နှစ် အရွယ်ရှိ ဆယ်တန်းကျောင်းသူတစ်ဦးသည် နေအိမ်၌ အိပ်နေစဉ် လက်နက်ငယ်ကျည်ဆန်ထိမှန်ကာ ညာဘက်လက်တွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
” တစ်နာရီကျော်လောက်မှာ အိမ်မှာအိပ်နေတဲ့အချိန် ဖြစ်သွားတာပါ။ ပစ်တာက မြစ်ထဲကနေ ပစ်တာ။ မြစ်နဲ့ ကျွန်မတို့နေတဲ့နေရာ မဝေးဘူး၊ နီနီးလေးပါ။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ကျည်ဆန်က ခေါင်မိုးက ဖောက်ဝင်လာတာ။ ပျဉ်မှာထိလို့ လွင့်စဉ်သွားတာ ထင်ပါတယ်” ဟု ကာယကံရှင် နန်းစိုးဝေက ပြောသည်။