ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ ယမန်နေ့က တပ်မတော်လမ်းလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် ဒေသခံ လူငယ်နှစ်ဦး ဒဏ်ရာရသွားသည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ယနေ့ (နိုဝင်ဘာ ၄)တွင် ပြောသည်။
မြေပုံမြို့နယ် ကြက်ရေးကြီးကျေးရွာမှ အသက် ၂၁ နှစ်အရွယ် ကိုမျိုးနိုင်နှင့် အသက် ၁၈ နှစ်အရွယ် ကိုစိုးထက်အောင်တို့နှစ်ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် မြေပုံမြို့အထွက် ကံသာရွာနားအရောက် လမ်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ကောင်လေးနှစ်ယောက်က ဆိုင်ကယ်နဲ့ သွားတဲ့အခါမှာ တပ်က ယာယီလုပ်ထားတဲ့ဂိတ် ရှိတယ်။ သူတို့ (တပ်)က လှမ်းခေါ်တယ်လို့ ပြောတာပဲ။ ကောင်လေးတွေက စက်သံနဲ့မကြားတော့ လှမ်းပစ်တာပေါ့” ဟု ဦးဖေသန်းက ပြောသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ကိုမျိုးနိုင်၏ ဘယ်ဘက်လက်ဖျံတွင် ကျည်ဆန်ဖောက်ထွက်သွားသည့် ဒဏ်ရာရရှိခဲ့ပြီး မြေပုံဆေးရုံ၌ ကုသမှုခံယူနေရကာ ကိုစိုးထက်အောင်တွင် ဒူးခေါင်း၌ အနည်းငယ်ရှပ်ထိသည့် ဒဏ်ရာသာ ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ” နိုဝင်ဘာ ၃ ၇က်၊ မနက် ၁၁ နာရီခန့်တွင် မြေပုံမှ မင်းပြားဘက်သို့ မောင်းနှင့်လာသည့် မသင်္ကာဖွယ်လူနှစ်ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မရန်တန့်ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုကာ မောင်းနှင်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်” ဟု ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် တာဝန်ဝတ္ထရားနှောင့်ယှက်သူ အဆိုပါလူငယ်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်း၍ ဥပဒေအရ အရေးယူနိုင်ရေး မြေပုံရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်တွင် ပါဝင်သော လူငယ်နှစ်ဦး၏ မိသားစုဝင်များကို Myanmar Now က ယနေ့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ဒဏ်ရာရရှိထားသော ကိုမျိုးနိုင်အား မြေပုံဆေးရုံ၌ ယနေ့ နေ့လယ် ၁၁ နာရီခန့်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်တွေ့ဆုံခဲ့ရာတွင် ၎င်းမိသားစုဝင်များထံ ယမန်နေ့က တပ်အရာရှိအချို့ လာရောက်၍ ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ကြားသိရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“သူတို့က(မိသားစု)လည်း ဘာမှအပြစ်မယူပါဘူး။ ကျေအေးပါတယ်ဆိုတဲ့သဘောမျိုးပြောတယ်။ တပ်ကလည်းပဲ ကျေနပ်တယ်ဆိုတဲ့သဘောမျိုးနဲ့ လက်မှတ်ထိုးခိုင်းသွားတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်များမှာ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
မင်းပြားမြို့တွင်လည်း အောက်တိုဘာ ၅ ညပိုင်းက တပ်မတော်၏ ပစ်ခတ်မှုကြောင့် လူ သုံးဦး သေဆုံးပြီး သုံးဦး အဖမ်းခံခဲ့ရသည်။