သတင်း

တိုက်ပွဲကျန်ဗုံးသီးကြောင့် နမ့်ဆန်မြို့မှ ကလေး ၃ ဦးသေဆုံး

နမ့်ဆန်မြို့အနောက်ပိုင်း ဇယန်းကြီးရပ်ကွက်ရှိ ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံအနီး RPG အမျိုးအစား ဗုံးသီးတစ်လုံးကို ကောက်ယူရရှိခဲ့သော ကလေး ၅ ဦးက ထုခွဲကြည့်ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီ ၂ ရက်နေ့က တိုက်ပွဲလက်ကျန် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူဆော့ကစားရင်း အသက် ၁၁ နှစ်အောက် ကလေးငယ် ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

နမ့်ဆန်မြို့အနောက်ပိုင်း ဇယန်းကြီးရပ်ကွက်ရှိ ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံအနီး RPG အမျိုးအစား ဗုံးသီးတစ်လုံးကို ကောက်ယူရရှိခဲ့သော ကလေး ၅ ဦးက ထုခွဲကြည့်ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ မိုင်းနေမင်းအောင် (၆ နှစ်)၊ မိုင်းလှိုင်မင်းအောင် (၁၀ နှစ်) နှင့် မိုင်းအောင်ကျော်ဇော် (၁၁ နှစ်) တို့ သေဆုံးခဲ့သည်။

“သုံးယောက်က ပွဲချင်းပြီး ဖြစ်သွားတာလေ။ ပေါက်ကွဲမှုမဖြစ်ခင် ကလေး ငါးယောက်မှာ နှစ်ယောက်က နောက်ထပ်လက်နက်ကြီးကို ပြန်လိုက်ရှာနေတာတဲ့။ ကျန်တဲ့ နှစ်ယောက်က လွတ်သွားတော့ ထိခိုက်မှု မရှိခဲ့ဘူး” ဟု နမ့်ဆန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ကလေးသုံးဦးကို ဖေဖော်ဝါရီ ၃ ရက် နံနက်တွင် မိသားစုဝင်များက သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

ဗုံးသီးတွေ့ရှိခဲ့သည့် စစ်တပ်ပိုင် ရွှေဖီဦးလက်ဖက်ခြောက်စက်ရုံမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့သည့် နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က ကာလကြာရှည်တပ်စွဲပြီး ခုခံခဲ့သည့်နေရာလည်းဖြစ်သည်။

နမ့်ဆန်တိုက်ပွဲအတွင်း စစ်တပ်က ၎င်းတို့တပ်ဝန်းကျင်နှင့် မြို့တွင်း တပ်စွဲရာများအနီး မိုင်းထောင်ခဲ့ကြောင်း TNLA က ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များ တွေ့ရှိပါက အကြောင်းကြားရန်လည်း တိုက်တွန်းထားသည်။

နမ့်ဆန်မြို့ကို TNLA သိမ်းယူခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်မှ ယနေ့အထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်နေခြင်း မရှိသေးဘဲ မပေါက်ကွဲသေးသော တိုက်ပွဲလက်ကျန် ခဲယမ်းများကြောင့် ကလေးငယ်များအတွက် မြို့ခံများ စိုးရိမ်နေကြသည်။

ယမန်နှစ် ဒီဇင်ဘာ ၂၁ ရက်က ကွတ်ခိုင်မြို့နယ်တွင် မိုင်းထိကာ ခြေထောက်ဖြတ်တောက်ခဲ့ရသော မိုင်းအိုက်ညီကာ။ (ဓာတ်ပုံ-TWO)

1027 စစ်ဆင်ရေးကာလ အတွင်း ကလေး ၂၈ ဦး၊ အမျိုးသမီး ၃၆ဦးနှင့် အမျိုးသား ၄၅ ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၂၃၉ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း တအောင်းအမျိုးသမီးအစည်းအရုံး (TWO) မှ ဒီဇင်ဘာ ၂၇ တွင် ကြေညာခဲ့သည်။

နမ့်ဆန်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့သစ်ကျေးရွာကို စစ်ကောင်စီဘက်က ဗုံးကြဲခဲ့ရာ တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) ကျောင်းဆရာတစ်ဦးနှင့် ကလေး၂ ဦး အပါအဝင် ရွာခံ ၅ ဦး သေဆုံးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်မြို့အပါအဝင်မြို့ ၇ မြို့ကို TNLA က သိမ်းယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်အကောင်အထည်ဖော်နေသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၄) တွင် သီပေါမြို့နှင့် နမ္မတူမြို့ကို အဓိကဆက်သွယ်ထားသော မိုးတေတံတားရှိ မြေမြှုပ်မိုင်း ၇ လုံးကို TNLA တပ်ဖွဲ့ဝင်များက ဖြုတ်ယူပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုတံတားကို စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၈ ရက်က မိုင်းခွဲခဲ့သလို ဒေသခံများ သွားလာမရအောင် မိုင်းများ ထောင်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးတေတံတားသည် TNLA သိမ်းယူထားသည့် နမ္မတူမြို့နှင့် နမ့်ဆန်မြို့တို့ ကုန်စည်စီးဆင်းရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး သီပေါမြို့ကို တော်လှန်ရေးအင်အားစုများ ဆက်လက်သိမ်းယူမည်ဆိုပါက အရေးကြီးသော လမ်းကြောင်းပေါ် တည်ရှိသည်။

ယခုနှစ် ဇန်နဝါရီတစ်လအတွင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၏ မှတ်တမ်းပြုစုချက်အရ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့တွင် အမျိုးသမီးနှင့် ကလေးအပါအဝင် မြေမြှပ်မိုင်းနင်းမိသည့် ဒေသခံ ၁၆ ဦး ရှိသည်။

မိုးတေတံတားရှိ မြေမြှုပ်မိုင်းတစ်လုံး ဖော်ယူနေသော TNLA တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button